လုံခြုံရေးတင်းကြပ်မှုကြား ရန်ကုန်လူငယ်တွေ လျှပ်တပြက်ဆန္ဒပြ

မေလ ၄ ရက်နေ့ ရန်ကုန်သပိတ် စစ်ကြောင်း မြင်ကွင်း။ (ဓာတ်ပုံ - ကိုဇော်ဝင်းနိုင် - မေ ၀၄၊ ၂၀၂၁)

စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် လုံခြုံရေးတွေက မျက်ခြေမပြတ် စောင့်ကြည့် ဖြိုခွဲနေတဲ့ကြားက ရန်ကုန်မြို့မှာ လူငယ်တွေ လ ျှပ်တပြက်ဆန္ဒပြမှုတွေကို ပြေးလွှားရင်း လုပ်လာကြပါတယ်။ ဒီနေ့လည်း မြို့နယ်တချို့မှာ သူတို့တောင်းဆိုချင်တာကို အချိန်တိုတွင်း တောင်းဆိုဆန္ဒပြပြီး လူစုခွဲခဲ့ကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မဆုမွန် တင်ဆက်ပေးမှာပါ။

စစ်အာဏာသိမ်း အုပ်ချုပ်မှုကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ကြောင်း ရတဲ့နည်းနဲ့ ရှိတဲ့အင်အားသုံးပြီး လူငယ်တွေ ဒီနေ့လည်း ဆန္ဒပြကြပါတယ်။ ရန်ကုန်မြို့ စမ်းချောင်းနဲ့ ကြည့်မြင်တိုင်မြို့နယ်က လူငယ်တွေ စုပေါင်းပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဒီကနေ့ မနက်ပိုင်းမှာ ဗဟိုလမ်းမပေါ်စုဝေးပြီး ပြုလုပ်ခဲ့ကြပါတယ်။ မနက်ပိုင်းက လူငယ်အင်အား ၅၀ လောက် စုစည်း ဆန္ဒပြနိုင်ခဲ့ကြပေမဲ့ နေ့လယ်ပိုင်း ဆန္ဒပြပွဲကိုတော့ လုံခြုံရေးအခြေအနေကြောင့် ဖျက်သိမ်းလိုက်ရတယ်လို့ ဦးဆောင်ပါဝင်သူ လူငယ်တဦးက ဗွီအိုအေကိုပြောပါတယ်။

“မနက်က ကြည့်မြင်တိုင်၊ စမ်းချောင်း သပိတ်ထွက်ကြတယ်။ နေ့လယ်ပိုင်းမှာတော့ ဟိုဘက်က ရဲအင်အားများတာနဲ့ ကျနော်တို့ မထွက်လိုက်ရဘူးပေါ့ ... မြို့ထဲမှာ ထွက်ဖို့ စီစဉ်ထားတာ လုံခြုံရေးအခြေအနေကြောင့် မထွက်လိုက်ရဘူး။ အခုလုပ်တာကတော့ ပြောက်ကျားသပိတ်ပါပဲ၊ တချို့ကျတော့ နွေဦးသပိတ်ပေါ့နော်။ ဒီ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပစ္စည်းတွေမသုံးဖို့၊ သူတို့ထုတ်တာတွေ မသုံးဖို့၊ NUG အစိုးရကို ထောက်ခံဖို့ ဒါတွေလုပ်ခဲ့တယ်။ ဆန္ဒပြတာကတော့ တော်လှန်ဖီဆန်တာကို ဦးတည်ပြီးပြတာပါပဲ။”

ရန်ကုန်မြို့ တချို့လမ်းတွေပေါ်မှာလည်း လုံခြုံရေးကြောင့် လူငယ်တွေ ပြေးလွှားရင်း ကြွေးကြော်သံတွေကို အော်ဟစ်ကြွေးကြော် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ အရင်ကလို အုပ်စုလိုက် လူမစုကြတော့ဘဲ စတင်သူက ကြွေးကြော်သံတိုင်တော့မှာ နောက်ကနေ ပြေးလာကြပြီး စုပေါင်းဆန္ဒပြ လူစုခွဲကြတဲ့ ပုံစံလုပ်လာကြပါတယ်။

ရန်ကုန် တဘက်ကမ်း တွံတေးမြို့နယ်မှာတော့ ညမထွက်ရ သတ်မှတ်ထားချိန်ကျော်တာနဲ့ တပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ည ၈နာရီကျော်ရင် မထွက်ရဆိုပြီးတော့ သူတို့မြို့ပတ်နေချိန်မှာ လူငယ် ၉ ယောက်ကို သူတို့ဖမ်းသွားတယ်။ ပြီးတော့ ဖေဖော်ဝါရီလကတည်းက စပြီးတော့ သပိတ်ခေါင်းဆောင် လူအယောက် ၃၀ ကို မနေ့ကစပြီးတော့ ပုဒ်မ ၅၀၅-က နဲ့ တရားရုံးမှာ တရားစွဲတယ်။ အဲဒီကိစ္စကို ရှေ့နေလိုက်ခွင့် လုံးဝမပြုဘူး။ ပြီးတော့ တရားရုံးကိုလည်း ဝင်ခွင့်မရှိဘူး။ ဒီရက်ပိုင်းထဲမှာ CDM လုပ်ထားတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ပိုပြီးတော့ ဖိလာတယ်။ ညဘက်ကျရင် CDM ဆရာ၊ ဆရာမတွေ အိမ်နားမှာ နယ်မြေရှုပ်သံတွေကြားတယ်။ မနေ့ညကဆို တွံတေးမြို့၊ ဘုရင့်နောင်ရပ်ကွက်နားမှာ ကင်းလှည့်ပြီးသွားတော့ ၁၀ မိနစ် - ၁၅မိနစ်လောက်ကြာတော့ မီးပျက်သွားတယ်။ မီးပျက်သွားပြီး ရုတ်ရုတ်သဲသဲအသံတွေတော့ ကြားတယ်။ ဒါပေမဲ့ လူတော့ မပါသွားဘူး။”

သာကေတမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေဟာ ရပ်ကွက်တွေထဲထိ ဝင်ပြီး လူငယ်တွေကို လိုက်လံဖမ်းဆီးမှုတွေ ရှိပါတယ်။ ဒီလိုအခြေအနေကြားမှာပဲ သာကေတမြို့နယ် အမှတ် ၇ ရက်ကွက်ဥက္ကဋ္ဌကို ဧည့်စာရင်းတိုင်မယ်လို့ဆိုသူ ၃ ယောက်က ဓါးနဲ့ထိုးသွားလို့ သေဆုံးခဲ့ပါတယ်။ လုံခြုံရေးတင်းကြပ်တဲ့ကြားက ခုလိုဖြစ်ခဲ့တာလို့ သာကေတနေ လူငယ်တဦးက ပြောပါတယ်။

“လက်ရှိမှာက အဲဒီကိစ္စမဖြစ်ခင် တရက်မှာက ဗုံးပေါက်တယ်လေ။ အချိန်ခြားပြီးတော့ ၄၊ ၅ လုံးလောက်ပေါက်တယ်။ ဗုံးပေါက်ထားတော့ အရင်ကထက် တင်းတင်းကြပ်ကြပ်ဖြစ်နေတယ်ပေါ့နော်။ ဥပမာ အခု ၈ နာရီ ညမထွက်ရအမိန့် ထုတ်ထားပေမဲ့ ၇ နာရီလောက်ဆိုရင် သူတို့တွေက ရပ်ကွက်တွေထဲဝင်တယ်။ နောက်ပြီးတော့ အဖမ်းခံရတဲ့သူတွေလည်း ရှိတယ်။ သာကေတမှာ သူတို့ မသင်္ကာတဲ့သူရှိတယ်ဆို ဝင်ပြီးဖမ်းသွားတာတွေ ရှိတယ်။ နောက် သူတို့တပ်စွဲတဲ့နေရာတွေ ပြောင်းထားတယ်။ သူတို့ကျောင်းတွေမှာ တပ်စွဲနေတာကနေ ဓမ္မာရုံတွေကိုပြောင်းတယ် ... အဲဒီလို အနေအထားတွေတော့ ရှိတယ်။”

စစ်အာဏာသိမ်းပြီးနောက် ကန့်ကွက်ဆန္ဒပြသူတွေအပေါ် စစ်တပ်က လက်နက်အင်အားနဲ့ နှိမ်နင်းနေတာကြောင့် ပြည်သူတွေရဲ့ မကျေနပ်မှုတွေ ပိုတိုးလာနေပါတယ်။ ရန်ကုန်မြို့အပြင် တခြားမြို့တော်တော်များများမှာလည်း ရတဲ့အင်အား ရတဲ့နည်းနဲ့ ဆက်ပြီးဆန္ဒပြနေကြပါတယ်။ 


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-protest-in-yangon/5877537.html

လုံခြုံရေးတင်းကြပ်မှုကြား ရန်ကုန်လူငယ်တွေ လျှပ်တပြက်ဆန္ဒပြ လုံခြုံရေးတင်းကြပ်မှုကြား ရန်ကုန်လူငယ်တွေ လျှပ်တပြက်ဆန္ဒပြ Reviewed by THITHTOOLWIN on 21:08 Rating: 5

No comments:

Powered by Blogger.