မြန်မာ ဆင်းရဲနွမ်းပါးမှု နှစ်ဆတိုးလာနိုင်ကြောင်း UNDP သတိပေး

"ပိုတာလှု၊ လိုတာယူ"လှုပ်ရှားမှုနဲ့ ရန်ကုန်မှာ ဟင်းသီးဟင်းရွက်လှုဒါန်းမှု၊ ၆ ဧပြီ ၂၀၂၁။

ကိုဗစ်ကပ်ဘေးကြောင့် အကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံလိုက်ရတာကြောင့် နှစ်တွေနဲ့ချီ ကြိုးပမ်းလာခဲ့တဲ့ တိုးတက်မှုတွေ နောက်ပြန်ဆုတ်သွားတဲ့အပြင် ဆင်းရဲနွမ်းပါးမှု နှစ်ဆ တိုးလာနိုင်တယ်လို့ ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ် UNDP က ဒီကနေ့ ထပ်မံ သတိပေးလိုက်ပါတယ်။

“လွန်ခဲ့တဲ့ ၁၀ နှစ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲနေတဲ့အချိန် အခက်အခဲတွေကြား ကြိုးပမ်းခဲ့ရတဲ့ ဖွံ့ဖြိုးမှုတွေအားလုံးဟာ ကိုဗစ်ကပ်ဘေးအပြင် လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် လ အနည်းငယ်အတွင်းမှာပဲ ပြန်ပြီး ဆုံးရှုံးရမယ့်အခြေအနေကို ကျမတို့ တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်လောက်တုန်းက အခြေအနေလို လူဦးရေ ထက်ဝက်လောက် ဆင်းရဲနွမ်းပါးမှုဒဏ် ကြုံရတဲ့ အခြေအနေမျိုးကို ဦးတည်နေတာဖြစ်ပါတယ်” လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီ UNDP ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Kanni Wignaraja ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် စစ်အုပ်ချုပ်ရေးကိုဖီဆန်တဲ့ CDM လှုပ်ရှားမှုတွေ၊ ဆန္ဒပြပွဲတွေ ရှိနေပြီး တင်းမာမှုအခြေအနေတွေ ဆက်ရှိနေတာကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းနေပြီး လူဦးရေ ၁၂ သန်းလောက် ဆင်းရဲနွမ်းပါးမှု အကျပ်အတည်း ဆိုးဆိုးရွားရွား ကြုံလာရနိုင်ချေရှိနေတယ်လို့ UNDP ရဲ့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

စားနပ်ရိက္ခာရှားပါးတာ၊ အခြေခံဝန်ဆောင်မှုတွေ မရရှိတာ၊ လူမှုစီးပွား လုံခြုံမှုမရှိတာတွေ ပိုပြီး ကြံုလာရနိုင်တာကို ထောက်ပြထားတာပါ။

ဖေဖော်ဝါရီလ ၁ ရက် စစ်တပ် အာဏာသိမ်းချိန်ကစလို့ စစ်အုပ်ချုပ်ရေးကောင်စီဟာ အင်တာနက်ဆက်သွယ်ရေးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့သလို ဆန္ဒပြ ပြည်သူတွေကို အင်အားသုံး ပစ်ခတ်တာ၊ ဖမ်းဆီး နှိမ်နင်းတာတွေ လုပ်ခဲ့ပါတယ်။

လက်ရှိမှာ စက်ရုံတွေ အများအပြား ပိတ်ထားရပြီး ဘဏ်နဲ့ တခြားဝန်ဆောင်မှုလုပ်ငန်းတွေ အများအပြား ရပ်တန့်နေတာဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/5873192.html

မြန်မာ ဆင်းရဲနွမ်းပါးမှု နှစ်ဆတိုးလာနိုင်ကြောင်း UNDP သတိပေး မြန်မာ ဆင်းရဲနွမ်းပါးမှု နှစ်ဆတိုးလာနိုင်ကြောင်း UNDP သတိပေး Reviewed by THITHTOOLWIN on 23:43 Rating: 5

No comments:

Powered by Blogger.