တောင်ကိုရီးယား စတီးကုမ္ပဏီ POSCO မြန်မာစစ်တပ်နဲ့ လက်တွဲဖြုတ်ဖို့ နည်းလမ်းရှာနေ



Share/Bookmark
ဦးပိုင်က ၃၀% ပိုင်

တောင်ကိုရီးယား သံမဏိ (စတီး) ထုတ်လုပ်ရေး အင်အားကြီး ကုမ္ပဏီ ဖြစ်တဲ့ POSCO ဟာ မြန်မာအာဏာသိမ်း စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်တွဲပြီး လုပ်ကိုင်နေတာကို ဘယ်လို အဆုံးသတ်ရမလဲ ဆိုတာ နည်းလမ်းရှာဖွေ နေပါတယ်။

POSCO ရဲ့ မြန်မာအခြေစိုက် ကုမ္ပဏီခွဲ Myanmar POSCO C&C ဟာ ဦးပိုင်နဲ့ ဖက်စပ်တွဲပြီး အလုပ်လုပ်နေတာမှာ သူတို့က ရှယ်ယာ ၇၀%၊ ဦးပိုင်က ၃၀% ပိုင်တယ်လို့ နားလည်ရပါတယ်။

အခု သူတို့ပိုင်တဲ့ ၇၀% ကိုပဲ ထုတ်ရောင်း ရမလား၊ ဦးပိုင်လက်ထဲက ၃၀% ကိုပဲ ၀ယ်ယူလို့ ရနိုင်မလား ဆိုတာ နည်းအမျိုးမျိုးကြံဆ နေတယ်လို့ အဲဒီအရေးကိစ္စနဲ့ ပတ်သက်ပြီး အတွင်းကျကျ သိနေတဲ့သူ နှစ်ယောက်ရဲ့ ပြောကြားချက်ကို ကိုးကားလို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။

- ဖိအားတွေကြားက မြန်မာ့ ပုဂ္ဂလိကဘဏ်တွေရဲ့ အလားအလာ


- မြန့်မာအရေး အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဘာထူးနိုင်သလဲ


- ရုရှား၊တရုတ် အဟန့်အတားကို ဘယ်လိုကျော်လွှားမလဲ

တခါ၊ ဗြိတိန်အခြေစိုက် သတင်းစာဖြစ်တဲ့ The Financial Times (FT) ရဲ့ အဆိုအရ POSCO C&C အနေနဲ့ မြန်မာပြည်ထဲက သူတို့လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာ ပြန်လည် စဥ်းစားသုံးသပ်နေတာ မှန်ပေမယ့် ဘယ်အချိန်ကာလ နောက်ဆုံးထားပြီး ဆုံးဖြတ်ချက်ချမလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် POSCO C&C ဟာ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီကို အမြတ်ငွေတွေ ခွဲပေးတာကို ၂၀၁၇ ရိုဟင်ဂျာ အကျပ်အတည်း ပေါ်ပေါက် လာပြီး ကတည်းက ဆိုင်းငံ့ထားနှင့်ပြီး ဖြစ်တယ်လို့ နားလည်ရပါတယ်။

POSCO

POSCO C&C ရင်ဆိုင်နေရတဲ့ ဖိအားတွေ

ပေါ်စကိုစီအန်စီကို မြန်မာစစ်တပ်ရဲ့ ကုမ္ပဏီ ဦးပိုင်နဲ့ လက်တွဲဖြုတ်ဖို့ ကုမ္ပဏီထဲ ရင်းနှီးမြှုပ်နှံထားကြတဲ့ ရှယ်ယာရှင်တွေက ဖိအားပေး တောင်းဆိုနေပါတယ်။

အဓိကတောင်းဆိုကြသူတွေထဲ နယ်သာလန်နိုင်ငံ အခြေစိုက် အကြီးဆုံး ပုဂ္ဂလိက ပင်စင် ကုမ္ပဏီဖြစ်တဲ့ APG - ဒတ်ချ်ပင်စင်ရံပုံငွေ အဖွဲ့ပါ၀င်ပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ တွဲပြီး အလုပ်လုပ်နေတဲ့ ကုမ္ပဏီထဲမှာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပါ၀င်နေတဲ့ အတွက်၊ "ကျင့်၀တ်နဲ့မညီတဲ့စီးပွားရေး" အနေနဲ့ အပြစ်ရှိတဲ့ခံစားချက်မျိုး ပေါ်ပေါက်နေတယ်လို့ APG ဘက်က ပြောထားပါတယ်။

နေ့စဥ်နဲ့အမျှ ပြည်သူတွေကို မြန်မာစစ်တပ်က သတ်ဖြတ်နေတဲ့ အခုအချိန်မှာ ရင်းနှီးမြှုပ်နှံထားသူ တော်တော်များများက မြန်မာစစ်တပ်နဲ့ လက်တွဲဖြုတ်ဖို့ ပေါ်စကို ကုမ္ပဏီကို တိုက်တွန်းနေတယ်လို့ APG အကြံပေး ပတ် ယူ-ကျန်းက ပြောပါတယ်။

တခါ၊ ပေါ်စကိုရဲ့ ရှယ်ရာ ၁၁.၁ % အထိပိုင်တဲ့ တောင်ကိုရီးယား ရဲ့ အကြီးဆုံး နိုင်ငံပိုင် ပင်စင် ကုမ္ပဏီဖြစ်တဲ့ NPS အနေနဲ့လည်း ပေါ်စကို အပေါ် ဖိအားပေးသင့်တယ် ဆိုပြီး ဒီမိုကရေစီအရေး ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ တောင်ကိုရီးယား ပြည်သူ့ သွေးစည်းညီညွတ်ရေး အဖွဲ့က ဆော်ဩနေပါတယ်။

- ဘင်္ဂလားပင်လယ်အော်ထဲက မြန်မာရေတပ်ရဲ့ ရုတ်တရက် စစ်ရေးလေ့ကျင့်မှု


- မြန်မာ့ဒီမိုကရေစီတိုက်ပွဲကို ကမ္ဘာ့စင်မြင့်ပေါ် တင်ပေးတဲ့ အလှမယ်


- ကလေးတွေပါ ကျည်ထိသေဆုံးနေတဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ

ပိုဟန်မြို့မှာရှိတဲ့ စတီးစက်ရုံ

POSCO ကုမ္ပဏီဆိုတာ ဘာလဲ

POSCO ဟာ တောင်ကိုရီးယား ဆိပ်ကမ်းမြို့ ပိုဟန်မှာ ရုံးချုပ်ထားရှိတဲ့ သံမဏိ စတီး ပစ္စည်းတွေ ထုတ်လုပ်တဲ့ အင်အားကြီး ကုမ္ပဏီ ဖြစ်ပါတယ်။

ကမ္ဘာ့ စတီးလုပ်ငန်းများ အသင်း (worldsteel) က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အရ POSCO ဟာ ကမ္ဘာပေါ်မှာ စတီးအများဆုံး ထုတ်တဲ့ ထိပ်ဆုံး ကုမ္ပဏီ ၄ ခုထဲမှာ ပါ၀င်ပါတယ်။

Myanmar POSCO C&C "မြန်မာပေါ်စကိုစီအန်စီ" ရဲ့ ၀က်ဘ်ဆိုက် စာမျက်နှာမှာ မြန်မာနိုင်ငံထဲ မြန်မာပေါ်စကိုစတီး နာမည်နဲ့ သူတို့ စ၀င်လာတာ ၁၉၉၇ ကတည်းက ဆိုတာကို ဖော်ပြထားပါတယ်။ အဲဒီနောက် စတီးစက်ရုံတည်ပြီး ၁၉၉၉ နှစ်စမှာ သွပ်ရည်စိမ် သွပ်ပြားထုတ်လုပ်တာတွေ စီးပွားဖြစ် စနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

နောက်လုပ်ငန်းခွဲ အနေနဲ့ မြန်မာပေါ်စကိုစီအန်စီ ဆိုတဲ့ နာမည်အောက်မှာ ဖက်စပ်စာချုပ်ကို ၂၀၁၃ မှာ လက်မှတ်ထိုး၊ စက်ရုံဆောက်ပြီး ၂၀၁၄ အကုန်မှာ ဆေးရောင်စုံ သွပ်ပြားတွေကို စီးပွားဖြစ် စထုတ်ပါတယ်။


သူတို့ အဓိက ထုတ်လုပ်နေတာ အိမ်ခေါင်မိုး ရောင်စုံသွပ်ပြားလိပ်တွေ ဖြစ်ပါတယ်။ ကိုရီးယား အဆင့်မြင့် နည်းပညာနဲ့ ထုတ်လုပ်ထားတာ ဆိုပြီး ကြော်ငြာရောင်းချနေပါတယ်။

အိမ်ခေါင်မိုး ရောင်စုံသွပ်ပြားလိပ်တွေ မြန်မာပြည်တွင်း အဓိကထုတ်

တောင်ကိုရီးယားကလာတဲ့ တရား၀င် ကိန်းဂဏန်းတွေအရ ၂၀၂၀ မှာ မြန်မာနိုင်ငံထဲက စတီးလုပ်ငန်းကနေ ပေါ်စကို ရတဲ့ အမြတ်ငွေဟာ ၀မ်ငွေ သန်း ၂ ထောင်၊ အမေရိကန် ဒေါ်လာ အားဖြင့် ၁.၇၇ သန်း ၀န်းကျင် ရှိပါတယ်။


ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ ထုတ်တာဆိုတော့၊ စစ်အာဏာသိမ်းမှုက ဆောက်လုပ်ရေး စျေးကွက် ကျဆင်းသွားစေနိုင်တယ်" ဆိုပြီး တောင်ကိုရီးယား သတင်းဌာန တစ်ခုဖြစ်တဲ့ JoongAng နေ့စဥ်ကို ပြောခဲ့ပါတယ်။

ပေါ်စကိုစီအန်စီမှာ ၀န်ထမ်းအင်အား ၂၀၀ ၀န်းကျင် ရှိတယ်လို့ နားလည်ရပါတယ်။

မြန်မာနိုင်ငံထဲက တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းတွေ

၂၀၁၈ ခုနှစ် ကနေ နောက်ပိုင်း မြန်မာနိုင်ငံထဲ တောင်ကိုရီးယားပိုင် စီးပွားရေး ကော်ပိုရေးရှင်း ၁၀၀ ကျော် အလုပ်လုပ်နေကြတယ်လို့ တောင်ကိုရီးယား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အေဂျင်စီရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပြီး၊ သွင်းကုန်-ထုတ်ကုန် ကိုရီးယားဘဏ်ရဲ့ အဆိုအရ မြန်မာနိုင်ငံထဲ တောင်ကိုရီးယား ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၆၇၀ နီးပါး ရှိတယ်လို့ ဆိုပါတယ်။

ဒီထဲမှာ ပေါ်စကိုနဲ့ ပတ်သက်တာ စတီးထုတ်တဲ့ ကုမ္ပဏီတင်မက၊ ပေါ်စကို အင်တာနေရှင်နယ် နာမည်နဲ့ ကုန်သွယ်ရေး လုပ်တဲ့ ကုမ္ပဏီလည်း မြန်မာနိုင်ငံထဲ ထားရှိပြီး ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ ကဏ္ဍထဲ ၀င်ရောက်လုပ်ကိုင်ပါတယ်။

ရခိုင်၊ ကျောက်ဖြူမှာ ထားရှိတဲ့ ပေါ့စကိုအင်တာနေရှယ်နယ် ဓာတ်ငွေ့စက်ရုံ

မြန်မာထဲက ဓာတ်ငွေ့တွေထုတ်ပြီး ပိုက်လိုင်းကနေ မြန်မာပြည်တွင်းနဲ့ တရုတ်ကိုပို့တာ ငွေအတော်ရပြီး တစ်နှစ်ကို ၀မ်ငွေ ဘီလျံပေါင်း ၃၀၀ (အမေရိကန်ဒေါ်လာ သန်း ၂၇၀ နီးပါး ) အမြတ်ငွေ အနည်းဆုံး ရှိတယ်လို့ JoongAng နေ့စဥ်လို တောင်ကိုရီးယား ပြည်တွင်းမီဒီယာတွေက ရေးပါတယ်။

မြန်မာနိုင်ငံထဲမှာ ရှိတဲ့ တောင်ကိုရီးယား လက်ကြီး ကုမ္ပဏီတွေထဲ GS E&C လည်း ပါ၀င်ပါတယ်။ သူတို့ဟာ ဗိသုကာဒီဇိုင်းပိုင်းက စလို့ ဆောက်လုပ်ရေးပိုင်းတွေ လုပ်ကိုင်တာဖြစ်ပြီး၊

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားကို တာ၀န်ယူ တည်ဆောက်ခွင့် အဓိက ကန်ထရိုက် ရထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားဆိုတာ ရန်ကုန် လမ်းမတော်မြို့နယ်ကနေ ရန်ကုန်မြစ်ကိုဖြတ်ပြီး ဒလနဲ့ ဆက်သွယ်မယ့် တံတား စီမံကိန်း ဖြစ်ပါတယ်။

ပေါ်စကို အင်တာနေရှယ်နယ်နဲ့ GS E&C လို ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံထဲ ဆက်ပြီး လုပ်ငန်းတွေ လည်ပတ်မှာလား ဆိုတာကိုတော့ မသိရပါဘူး။

နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုဒဏ် ဘယ်လောက်သက်ရောက်နေလဲ

စစ်အာဏာသိမ်းပြီး ကလေးသူငယ်တွေ အပါအ၀င် အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာတွေ ပေါ်ပေါက်နေချိန်၊ စစ်တပ်ပိုင် ဦးပိုင်နဲ့ MEC စီးပွားရေး လုပ်ငန်းစု ကုမ္ပဏီတွေနဲ့ အလုပ်မလုပ်ဖို့ အမေရိကန်နဲ့ ဗြိတိန် အနောက်အုပ်စုနိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားပါတယ်။

တခါ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကလည်း မြန်မာစစ်တပ်အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေကို တကမ္ဘာလုံးက ချိတ်ဆက်လုပ်ဆောင်ကြပါ ဆိုပြီး ဆော်ဩထားပါတယ်။

သူအဓိက ထောက်ပြခဲ့တဲ့ အချက်တွေထဲ မြန်မာ စစ်တပ်ရဲ့ လက်ထဲ ရေနံနဲ့သဘာ၀ဓာတ်ငွေ့ ကနေ ငွေ မ၀င်စေနဲ့ ဆိုတဲ့ အချက် ပါ၀င်ပါတယ်။

အကြောင်းကတော့ တခြားစီးပွားရေးတွေနဲ့ နှိုင်းယှဥ်ရင် အဲဒီစွမ်းအင်လောင်စာ ကဏ္ဍက ရရှိတဲ့ ငွေပမာဏဟာ များပြားပြီး လာရောက် လုပ်ကိုင်တဲ့ ကုမ္ပဏီတွေ အနေနဲ့လည်း အမြတ်အစွန်း ကြီးမားတဲ့ လုပ်ငန်းကို စွန့်ဖို့ လွယ်လွယ် မဖြစ်နိုင်ဘူး ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေပါတယ်။

ဥပမာ တောင်ကိုရီးယား ပေါ်စကို ကုမ္ပဏီကို ကြည့်ရင် မြန်မာနိုင်ငံထဲ စတီးလုပ်ငန်းက ရတဲ့ အမြတ်ဟာ မနှစ်ကဆိုရင် အမေရိကန် ဒေါ်လာ တစ်သန်း ရှစ်သိန်း လျော့လျော့ ရှိနေချိန်မှာ စွမ်းအင်ကဏ္ဍကနေ အမြတ်ငွေ ဒေါ်လာ သန်း ၂၇၀ နီးပါး ရတာ ဖြစ်ပါတယ်။

ကျောက်ဖြူမှာ ရှိတဲ့ ပေါ့စကိုအင်တာနေရှယ်နယ် ရဲ့ သဘာ၀ ဓာတ်ငွေ့ တင်ပို့ ဖြန့်ဖြူးရာ စက်ရုံအနီး

မြန်မာနိုင်ငံထဲ လုပ်ကိုင်နေတဲ့ နိုင်ငံတကာ ရေနံ ကုမ္ပဏီတွေရဲ့ ရပ်တည်မှုကို ကြည့်ရင် ပြင်သစ် တိုတယ်ကုမ္ပဏီက မြန်မာစစ်တပ်ထံ အခွန်မပေးရေး လူ့အခွင့်အရေး အဖွဲ့တွေ တောင်းဆိုနေတာကို လောလောလတ်လတ်မှာပဲ ပယ်ချထားပါတယ်။

အဲဒီလို လုပ်ဆောင်ရင် မြန်မာပြည်တွင်းက သူတို့ ၀န်ထမ်းတွေ အတွက် အန္တရာယ်ရှိတယ်၊ အဖမ်းခံရ၊ ထောင်ချခံရတဲ့ အထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တခါ၊ မြန်မာစစ်တပ်ဆီ ငွေမ၀င်ဖို့ အဆက်ဖြတ်မယ်ဆိုရင်သဘာ၀ဓာတ်ငွေ့ တူးဖော်မှုကို ရပ်ဖို့လိုမယ်၊ အဲဒီလိုဆိုရင် ရန်ကုန်နေ လူ ၅ သန်း ကိုပေးနေတဲ့ လျှပ်စစ်ဓာတ်အား ထက်၀က်ကို ဖြတ်တာနဲ့ အတူတူပဲလို့ တိုတယ်က ပြောနေပါတယ်။

အမေရိကန် ရှဗရွန် Chevron စွမ်းအင်ကုမ္ပဏီကလည်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် ရှုတ်ချကြောင်း တိုတယ် နဲ့ အတူတူ ကြေညာပါတယ်။

ဒါပေမယ့် မြန်မာ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ လုပ်ငန်း MOGE ကို သူတို့ ပေးနေတဲ့ အခွန်ငွေဟာ တရား၀င် ဥပဒေနဲ့ အညီပေးတာ ဖြစ်တယ်၊ ရတနာ သဘာ၀ဓာတ်ငွေ့ လုပ်ငန်းကနေ MOGE ရတဲ့ လုပ်ပိုင်ခွင့်ကလည်း ဓာတ်ငွေ့တွေ ဆက်လက်ဖြန့်ဖြူးရေး လုပ်ဖို့ဖြစ်ပြီး၊ အဲဒီအပိုင်းမှာ ရှဗရွန်မပါဘူး၊ မြန်မာစစ်တပ်ကို ရှဗရွန်က ဓာတ်ငွေ့တွေ တိုက်ရိုက် ပေးနေတာမျိုး မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒီတော့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ လုပ် ငန်းပိုင်းမှာ တောင်ကိုရီးယား၊ ပြင်သစ်၊ အမေရိကန် ဘယ်ကုမ္ပဏီမှ မြန်မာကနေ ထွက်သွားမယ် ဆိုတာမျိုး မပြောပါဘူး။

ဥရောပနဲ့ ဗြိတိန် အခြေစိုက် အ၀တ်အထည် ရောင်းတဲ့ ကုမ္ပဏီကြီးတချို့ကတော့ မြန်မာ အထည်ချုပ် စက်ရုံတွေကို အလုပ်သစ်တွေ ထပ်မအပ်တော့ဘူးလို့ ပြောထားပါတယ်။


မြန်မာ စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေ ပြောင်းလဲအောင် စီးပွားရေး အရ အရေးယူ ပိတ်ဆို့တာတွေ၊ ပြည်၀င်ခွင့် ပိတ်တဲ့ ဒဏ်ခတ်မှုတွေဟာ အလုပ်ဖြစ်ရဲ့လား ဆိုတာကို သုတေသီတွေ၊ အကဲခတ်တွေက ခေတ်အဆက်ဆက် မေးခွန်း ထုတ်ခဲ့ကြပါတယ်။

"မြန်မာစစ်ဗိုလ်ချုပ်တွေက ကြမ်းပြင်ပေါ် လူးလိမ့်ပြီး ငါတော့ အမေရိကန်ဗီဇာ မရတော့ပါဘူး၊ ငါ့ဘ၀ကြီးတော့ သွားပါပြီလို့ ငိုယိုနေမယ် ထင်လား။ ရီတောင်ရီနေဦးမယ်" ဆိုပြီး စင်္ကာပူ တက္ကသိုလ် NUS ရဲ့ အာရှဆိုင်ရာ သုတေသနအသင်းက ထင်ရှားတဲ့ အဖွဲ့၀င်လည်းဖြစ်၊ သံတမန်ဟောင်း တစ်ယောက်လည်း ဖြစ်တဲ့ ကီရှော မဟ်ဘူဘာနီက ပြောပါတယ်။


ဒါပေမယ့် PIIE အထူးပြု လေ့လာထားတဲ့ အထဲ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပိတ်ဆို့မှုတွေတော့ မပါ၀င်သေးပါဘူး။

လွန်ခဲ့တဲ့ ၁၀ နှစ်က စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး ဒီမိုကရေစီ ဖော်ဆောင်ရေး ပြုပြင် ပြောင်းလဲရေး လမ်းကြောင်း ဆိုပြီး လုပ်ခဲ့တာမှာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေက ဘယ်လောက် အရေးပါ အကျိုးသက်ရောက် ခဲ့သလဲ ဆိုတဲ့ အပေါ် မတူတဲ့ အမြင် အမျိုးမျိုး ရှိပါတယ်။

တချို့ကလည်း ပိတ်ဆို့မှုတွေဟာ စစ်ဗိုလ်ချုပ်တွေ အပြောင်းအလဲ လုပ်လာအောင် တွန်းအားတစ်ရပ် ဖြစ်စေခဲ့တယ်လို့ သုံးသပ်မှုတွေ ရှိသလို၊ ပြင်ပ ဖိအားတွေကြောင့် မဟုတ်ပဲ မြန်မာ စစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင် အပြောင်းအလဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ် ဆိုတဲ့ ယူဆမှုတွေလည်း အပြိုင် ရှိနေခဲ့ပါတယ်။

အခု ၂၀၂၁ တကျော့ပြန် စစ်အာဏာသိမ်းတဲ့ အခါမှာလည်း နိုင်ငံတကာ အရေးယူပိတ်ဆို့တာတွေ ဖြစ်လာလိမ့်မယ် ဆိုတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာရဲ့ သတိပေးမှုကို အာဏာသိမ်း စစ်တပ်ရဲ့ ဒုတိယ အကြီးဆုံး ဗိုလ်ချုပ် (ဒုတိယဗိုလ်ချုပ်မှူးကြီးစိုး၀င်း) က မြန်မာစစ်တပ်အနေနဲ့ အဲဒီလို အခြေအနေမျိုးတွေကို မိတ်ဆွေနိုင်ငံတွေရဲ့ အကူအညီနဲ့ လက်တွဲ ကျော်ဖြတ်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိထားနှင့်ပြီး ဖြစ်တယ်လို့ သူတို့နှစ်ဦးရဲ့ အွန်လိုင်း ဗီဒီယို ဆွေးနွေးပွဲတစ်ခု အတွင်း တုံ့ပြန်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56644557



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ