ပင်လည်ဘူးမြို့က တူးမီးတိုက်ပွဲ

ပင်လယ်ဘူးမြို့ပေါ်ကဆိုင်ကယ်စီးဆန္ဒပြပွဲတစ်ခု

ပင်လည်ဘူးမြို့မှာ ဧပြီလ ၅ ရက် မနက် ၈ နာရီခွဲလောက်က မြို့နေလူထုအများအပြား ဆန္ဒပြခဲ့ကြပါတယ်။ ရဲကလိုက်လံပိတ်ဆို့တားဆီးရာမှာ လူထုက ရဲနဲ့ထိပ်တိုက်မတွေ့အောင် လမ်းကြိုလမ်းကြားတွေထဲကနေ ရှောင်ရှားဆန္ဒပြခဲ့ကြပါတယ်။ ရဲကလိုက်လံဖြိုခွဲဖို့ကြိုးစားပါတယ်။

မနက် ၉ နာရီကျော်လောက်မှာ ရဲဘက်က လမ်းကြောင်းကို သတင်းရသွားပြီး မြို့လယ် အနန္တမေတ္တာ ရွှေဆိုင်ထောင့်မှာ ရှေ့ကပိတ်ဆို့ထားခဲ့ပါတယ်။

လူထုက ရှေ့ဆက်မတိုးဘဲ ရပ်တန့်နေခဲ့ပါတယ်။ မနက် ၉ နာရီ ၁၆ မိနစ်မှာ ရဲတပ်ဖွဲ့မြို့နယ်မှူးကိုယ်တိုင်က အသံဗုံးနဲ့ ပစ်ခတ်ပြီး စတင်တိုက်ခိုက်ပါတယ်။ လူထုက နောက်ပြန်ဆုတ်ခဲ့ကြရာမှာ လမ်းထောင့်ချိုးတစ်ခုအရောက်မှာတော့ ဆန္ဒပြအဖွဲ့ရဲ့ အလံကိုင် လူငယ် ၂ ယောက်ကို ရဲတွေက သေနတ်ဒင်တွေနဲ့ ထုထောင်းရိုက်နှက်ဖမ်းဆီးသွားခဲ့ပါတယ်။

အဖမ်းဆီးခံရသူ နှစ်ယောက်ရဲ့ နာမည်တွေကတော့ ပင်လည်ဘူးမြို့နယ် ကျွဲတက်ရပ်ကွက်မှာ နေထိုင်သူ ကိုကျော်စွာမြင့် နဲ့ ပင်လည်ဘူးမြို့နယ် ကျောက်အင်းကုန်းကျေးရွာမှာ နေထိုင်သူ ကိုရန်နိုင်လင်းတို့ဖြစ်ပါတယ်။

ဆန္ဒပြပြည်သူတွေထဲက လူကြီးသူမတချို့က ရဲစခန်းကို လိုက်သွားပြီး ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို ပြန်လွှတ်ပေးဖို့ သွားရောက်ညှိနှိုင်းခဲ့ပါတယ်။ ရဲအဖွဲ့ကလက်မခံဘဲ ဆွေးနွေးညှိနှိုင်းနေဆဲမှာပဲ လူငယ်တွေကို ကားပေါ်တင်ပြီး ကောလင်းအကျဉ်းထောင်ကို ရဲကား ၅ စီးအစောင့်အရှောက်နဲ့ စောင့်ကြပ်ခြံရံပို့ဆောင်ခဲ့ပါတယ်။

အေးဆေးငြိမ်သက်တဲ့အထက်ဗမာပြည်မြို့ငယ်လေးမှာတိုက်ခိုက်သေဆုံးမှုတွေဖြစ်ပွားခဲ့

ဆန္ဒပြသူလူငယ်တွေက မကျေနပ်တဲ့အတွက် အထက်တန်းကျောင်းက ဆရာ၊ ဆရာမတွေရဲ့သင်တန်းမှာ လုံခြုံရေးစောင့်ကြပ်နေတဲ့ ရဲ ၃ ယောက်ကို သွားရောက်ဖမ်းဆီးဖို့ကြိုးစားကြပါတယ်။ ရဲတွေက သေနတ်နဲ့ ပစ်ခတ်လို့ ပင်လည်ဘူးမြို့နယ် တနွင်းကုန်းရွာသား ကိုအောင်နိုင်ဝင်းဟာ ခါးမှာသေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့ပါတယ်။

“ကျွန်တော်တို့ဘက်က ဆရာ၊ ဆရာမတွေကို ထိမှာစိုးလို့ မပစ်တာပါ။ အဲဒါကို သူတို့က အခွင့်ကောင်းယူပြီး စတင်ပစ်ခတ်လိုက်လို့ ကိုအောင်နိုင်ဝင်းကျဆုံးသွားတာပါ” လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုနိုင်ဇင်လတ်က ဘီဘီစီကို ပြောပါတယ်။

မြို့မရပ်ကွက်မှာ နေထိုင်သူ မောင်ကျန်ကျောင်းဟာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် တင်ပါးမှာ သေနတ်ကျည်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။ မိုးကောင်းရပ်ကွက်မှာ နေထိုင်သူ မောင်ဇေယျာလင်းကတော့ ခြေထောက်ကို ကျည်ဆံထိမှန်ခံခဲ့ရပါတယ်။ နောက်ထပ် အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး ကိုဖမ်းဆီးခဲ့ကြောင်း မြန်မာ့အသံရုပ်မြင်သံကြား အစီအစဥ်က ည ၈ နာရီသတင်းမှာ အတည်ပြု ကြေညာသွားပါတယ်။

သေဆုံးသူ ကိုအောင်နိုင်ဝင်း

ကိုအောင်နိုင်ဝင်း သေဆုံးသွားတာကို မကျေနပ်တဲ့အတွက် တူးမီးသေနတ်ကိုင်ထားသူတွေက ရဲတွေကို ပစ်ခတ်ကြပါတယ်။ မလှမ်းမကမ်းမှာရှိတဲ့ ရဲစခန်းထဲက ရဲတွေထွက်လာပြီးတိုက်ခိုက်ကြတဲ့ အတွက် တူးမီးသေနတ်ကိုင်ထားသူတွေက အနီးအနားမှာရှိတဲ့ ဘုရားကုန်းပေါ်ကနေ ခုခံတိုက်ခိုက်ကြပါတယ်။ ရဲတွေက ရဲစခန်းနဲ့ အနီးတစ်ဝိုက်ကနေ ခုခံကြပါတယ်။ နေ့ခင်း ၁၂ နာရီအချိန်လောက်ကနေ ညနေ ၃ နာရီအချိန်လောက်အထိ တိုက်ပွဲဖြစ်ပွားရာမှာ ရဲနှစ်ယောက် ဒဏ်ရာရသွားခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ ကိုနိုင်ဇင်လတ်က ဘီဘီစီကို ပြောပါတယ်။ ပင်လည်ဘူးဒေသခံတစ်ဦးဖြစ်သူ ကိုသိန်းကတော့ ရဲတယောက်က ဦးခေါင်းကို ကျည်ဆံထိမှန်ပြီး နောက်ထပ်ရဲတယောက်က လည်ပင်းကျည်ဆံထိမှန်တဲ့အတွက် ရဲ ၂ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ရဲ ၂ ယောက်သေဆုံးမှုနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုမှုရှိပေမဲ့ မျက်မြင်သက်သေရဲ့ အတည်ပြုချက်မရပါဘူး။

ညနေ ၃ နာရီလောက်မှာ တူမီးသေနတ်ကိုင်တိုက်ခိုက်သူတွေဘက်က အပစ်အခတ်ရပ်စဲလိုက်တဲ့အတွက် တိုက်ပွဲရပ်နားသွားခဲ့ပါတယ်။ တိုက်ပွဲရပ်နားသွားပေမဲ့ တူးမီးသေနတ်ကိုင်အဖွဲ့တွေဟာ ဘုရားကုန်းပေါ်မှာ ဆက်လက်တပ်စွဲထားခဲ့ပါတယ်။

ပယ်လည်ဘူးမြို့မှာလူအများအပြားပါဝင်ဆန္ဒပြခဲ့ကြ

ညနေ ၅ နာရီဝန်းကျင်လောက်မှာ ကောလင်းမြို့ဘက်က စစ်ကူကားတစီး ပင်လည်ဘူးမြို့ဘက်ကို မောင်းနှင်လာပါတယ်။ ဒါပေမဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေက သစ်ပင်တွေ ခုတ်လှဲပြီး လမ်းပိတ်ဆို့ထားတဲ့အတွက် တဖြည်းဖြည်းဖယ်ရှားပြီး မောင်းနှင်လာပါတယ်။ တနေရာမှာတော့ တံတားတစ်ခုဖျက်ဆီးခံထားရတဲ့ အတွက်ရှေ့ဆက်မတိုးနိုင်ဘဲ နောက်ပြန်လှည့်သွားပါတယ်။

စစ်ကူလာတဲ့ကားပြန်လှည့်သွားပြီး ညနေ ၆ နာရီအချိန်မှာ တပ်စွဲထားတဲ့ တူးမီးကိုင်အဖွဲ့တွေက ဘုရားကုန်းပေါ်ကနေ ရဲစခန်းကို ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲ အတွင်းမှာ ဘုရားကုန်းနဲ့ ရဲစခန်းအကြားမှာရှိတဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ စာရင်းစစ်ရုံးဟောင်းတို့ မီးလောင်ကျွမ်းပျက်စီးသွားပါတယ်။

၆ နာရီနောက်ပိုင်း အပြန်အလှန်တိုက်ခိုက်ကြတဲ့ တိုက်ပွဲအတွင်းမှာ လက်နက်ကိုင်ပြည်သူတွေဘက်က ဦးဂျပန်ကြီးဆိုသူနဲ့ အမည်စုံစမ်းလို့မရသေးတဲ့ နောက်တဦး စုစုပေါင်း ၂ ဦးထပ်မံကျဆုံးခဲ့ပါတယ်။ နောက်ထပ်တခြား ၂ ဦးလည်းဒဏ်ရာရခဲ့ကြပါတယ်။ တိုက်ပွဲပြင်းထန်ပြီး အထက်စီးက တိုက်ခိုက်မှုကိုခံရတဲ့အတွက် ရဲဘက်က ထိခိုက်မှုရှိမယ်လို့ ခန့်မှန်းကြပေမဲ့ တိတိကျကျ မသိရပါဘူး။

ည ၉ နာရီကျော်အချိန်မှာ တူးမီးသေနတ်ကိုင်ဆောင်ထားသူတွေ ဘုရားကုန်းပေါ်က ဆုတ်ခွာသွားကြပါတယ်။

ရဲနဲ့စစ်တပ်ကို တူးမီးသေနတ်နဲ့ တုံ့ပြန်အာခံတိုက်ခိုက်မှုဟာ ကလေးမြို့၊ ဂန့်ဂေါမြို့တွေမှာ စတင်ပြီး တမူးမြို့၊ ယင်းမာပင်မြို့နဲ့ အခုပင်လည်ဘူးမြို့တွေမှာ ဆက်လက်ပျံ့နှံ့လာခဲ့ပြီဖြစ်ပါတယ်။ ကလေး၊ ဂန့်ဂေါ၊ တမူးဘက်က တူးမီးလက်နက်ကိုင်အဖွဲ့တွေက ကလေးအရပ်သားတပ်မတော် Kalay Civil Army ဖွဲ့စည်းလိုက်ပြီလို့လည်း ဧပြီလ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56643346

ပင်လည်ဘူးမြို့က တူးမီးတိုက်ပွဲ  ပင်လည်ဘူးမြို့က တူးမီးတိုက်ပွဲ Reviewed by THITHTOOLWIN on 04:05 Rating: 5

No comments:

Powered by Blogger.