တရုတ်ပစ္စည်းတွေ သပိတ်မှောက်ဖို့ ဆန္ဒပြသူတွေ တောင်းဆို



Share/Bookmark
တရုတ်နိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတွေကို မသုံးစွဲဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြပွဲ မြင်ကွင်း။ (ဧပြီ ၀၆၊ ၂၀၂၁)

အကြမ်းဖက် စစ်ကောင်စီကို ကာကွယ်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတွေကို မသုံးစွဲဖို့၊ မီးရှို့ဆန္ဒပြကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြပွဲတွေကို မနက်ဖြန် ဧပြီလ ၇ ရက်မှာ တနိုင်ငံလုံး လုပ်သွားကြဖို့ သပိတ်မှောက် အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကိုတော့ ကိုခင်မောင်စိုးမင်းက ပြောပြပေးမှာပါ။

မြန်မာပြည်တွင်းရေးမှာ တရုတ်နိုင်ငံရဲ့ ဝင်ရောက် စွက်ဖက်မှု ရှိနေတယ်ဆိုတဲ့ ယုံကြည်မှုကြောင့် တရုတ်အကျိုးစီးပွားတွေနဲ့အတူ တရုတ်ထုတ် ကုန်ပစ္စည်းတွေကိုလည်း သပိတ်မှောက်ကြဖို့ ဆော်ဩတဲ့ ဆန္ဒပြပွဲတွေ မြန်မာပြည်တွင်း အားကောင်းလာပါတယ်။ မနက်ဖြန် ဧပြီလ ၇ ရက်မှာတော့ တရုတ်နိုင်ငံထုတ်နဲ့ စစ်တပ်ပိုင် လုပ်ငန်းတွေကထုတ်တဲ့ ပစ္စည်းတွေကို မီးရှို့ဆန္ဒပြဖို့အတွက် တနိုင်ငံလုံးက သပိတ်အင်အားစုတွေ တိုင်ပင်ထားကြကြောင်း လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ GSCN ရဲ့ ပြောခွင့်ရ စောအာကာ က ဗွီအိုအေကို ပြောပါတယ်။

စစ်ကောင်စီကို အကာအကွယ်ပေးနေတဲ့ တရုတ်အပေါ်မှာ ဒီလှုပ်ရှားမှုတွေက ဖိအားတခု၊ အပြောင်းအလဲတခု ဖြစ်လာလိမ့်မယ်လို့ သူကပြောပါတယ်။

“သပိတ်ကော်မတီတွေ အားလုံးက ညှိနှိုင်းဆောင်ရွက်ပြီးတော့မှ လုပ်ဆောင်တာ ဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီအနေနဲ့က မနက်ဖြန် တရက်တည်း မဟုတ်ဘဲ စဉ်ဆက်မပြတ် လူထုက ပါဝင်လာတဲ့အထိကို လုပ်ဆောင်ဖို့ ပြင်ဆင်ထားကြ ပါတယ်။ သက်ရောက်မှုတော့ တစုံတခု ရှိမှာပါ။ ဒီသက်ရောက်မှုကနေ တရုတ်၊ ရုရှားနဲ့ စစ်ကောင်စီရဲ့ အကျိုးစီးပွားတွေကို ကျနော်တို့ ဆက်ပြီးလုပ်ဖို့ အများကြီး ရှိပါတယ်။”

ဒီနေ့လည်း မြန်မာပြည် မြို့ကြီးတချို့က ဆန္ဒပြပွဲတွေမှာ တရုတ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ အဓိကထား လုပ်ဆောင်ခဲ့ပြီး မန္တလေးမှာတော့ မြို့နယ်ပေါင်း ၂၀ ကျော်မှာလုပ်ခဲ့ကြောင်း မန္တလေးတော်လှန်ရေးတပ် MRA ဦးဆောင်သူ ကိုမော်မြင့်မောင်က ပြောပါတယ်။

“တရုတ်ရဲ့ ဩဇာခံမှု Influence ပျောက်သွားအောင် ကျနော်တို့ လုပ်ချင်တာပါ။ တရုတ်နဲ့ ပတ်သက်တာတွေ မသုံးဖို့ အခု နှိုးဆော်ကြတာပေါ့။ လူငယ် ကွန်ရက်တွေ အကုန်လုံးကတော့ ဓာတ်ငွေ့ပိုက်လိုင်းတွေကို အစက အစီအစဉ်ရှိတယ်ပေါ့နော်။ နောက်ပိုင်းသူတို့ စောင့်ကြည့်တာ များလာတော့ ပုန်းလျှိုးဝှက်လျှိုးပဲ လုပ်နေရတယ်ပေါ့။ တရုတ်ပစ္စည်းတွေ မသုံးရဘူးဆိုပြီး တနိုင်ငံလုံးအနေနဲ့ လူငယ်အစုအဖွဲ့တွေကို ပြောထားတယ် အဲဒီလိုတော့ရှိတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်း ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ အာဏာသိမ်းမှု ကန့်ကွက် ဆန္ဒပြပွဲတွေမှာလည်း တရုတ်အလံကို မီးရှို့ ဖျက်ဆီးတာတွေပါ လုပ်ဆောင်ခဲ့ကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေ၊ ပြည်ထဲရေးအရာရှိတွေကို အမေရိကန်၊ ဗြိတိန်အပါအဝင် အနောက်နိုင်ငံတချို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ထားပါတယ်။ စစ်ကောင်စီကို အရေးယူမှုတွေလုပ်ဖို့ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို တရုတ်နဲ့ ရုရှားက ကန့်ကွက်နေလို့ ပြည်တွင်းမှာလည်း တရုတ်ဆန့်ကျင့်ရေး လှုပ်ရှားမှု အရှိန်ကောင်းလာပါတယ်။

Miniso (မီနီဆို)လို စတိုးဆိုင်တွေကအစ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ အလှပြင်ပစ္စည်း၊ အထည်အလိပ်၊ စားသောက်ကုန်နဲ့ သစ်သီးမျိုးစုံ၊ လယ်ယာသုံးပစ္စည်း၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးအပါအဝင် တစ်ရှုး၊ သွားကြားထိုးတံ အဆုံး တရုတ်နယ်စပ် မူဆယ်ကနေ မြန်မာပြည်ထဲကို တရားမဝင်ရော၊ တရားဝင်ရော နည်းအမျိုးမျိုးနဲ့ ဝင်ရောက်နေတာ အချိန်ကြာခဲ့ပြီ ဖြစ်ပါတယ်။


ကိုခင်မောင်စိုးမင်း/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-china-boycott/5842751.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ