အကြမ်းဖက်နှိမ်နင်းမှုကို ထိပ်တိုက်ရင်ဆိုင်နေတဲ့ နိုင်ငံတဝန်း ညသပိတ်များ

ကလေးမြို့ ညသပိတ် မြင်ကွင်း။

မြန်မာနိုင်ငံတဝန်းက တချို့မြို့တွေမှာ မနေ့ညပိုင်းက ညသပိတ်တွေဆင်နွဲခဲ့ကြပြီးတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ်တာတွေကြောင့် ၁ ယောက်ထက် မနည်း သေဆုံးပြီး၊ အတော်များများ ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို နိုင်ငံတဝန်းဆက်လက်ဆင်နွဲနေကြတာမှာ မနေ့ညပိုင်းကလည်း မြို့အတော်များများမှာ ညသပိတ်တွေ ဆက်လက်ဆင်နွဲခဲ့ကြပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့မှာတော့ မနေ့ညက သံပုံးတီးတားကို လက်နက်ကိုင်တွေက ဝင်ရောက်ရိုက်နှက်ရာကနေ ဒေသခံတွေနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီပစ်ခတ်မှုကြောင့် ၁ ယောက် သေဆုံးပြီး ၊ ၁ ယောက် သေနတ်ကျည်ထိမှန် ဒဏ်ရာရပြီး အတော်များများလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ပြည်တွင်းသတင်းတွေက ဖော်ပြနေကြပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့မှာလည်း မနေ့ညက စစ်တပ်နဲ့ရဲလုံခြုံရေးတွေဘက်က ပစ်ခတ်တာကြောင့် ၁ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ မြင်းခြံမြို့ခံတဦးက ပြောပါတယ်။

“မနေ့ည ညဦးပိုင်းမှာတော့ ပစ်တယ်လို့ ကြားတယ်ခင်ဗျ EPC နားမှာလို့ ပြောတယ် ။ မြင်းခြံ EPC နားမှာ။ ဘာဖြစ်လို့လဲဆိုတာတော့ တိတိကျကျ မသိရသေးဘူး ၁ ယောက်တော့ တိတိကျကျ သိရတယ် တယောက်တော့ ထိသွားတယ်ခင်ဗျ ။ ဒဏ်ရာအခြေအနေကတော့ လက်မောင်းမှန်သွားတယ်လို့ သိရတယ်ခင်ဗျ။”

မြင်းခြုံမြို့မှာ မနေ့ညပိုင်းက ဆန္ဒပြတာတွေ ညသပိတ်တွေ မရှိတာတဲ့အတွက် ဘာကြောင့်ပစ်ခတ်တယ်ဆိုတာ တိတိကျကျ မပြောနိုင်ဘူးလို့ အဆိုပါမြို့ခံက အခုလို ဆက်ပြောပါတယ်။

“အခုပစ်တာကတော့ အကြောင်းအရင်းကို မရှိဘူး ဒီအတိုင်း ဘာကြောင်း ပစ်တယ်ဆိုတာတော့ မသိရဘူး၊ ဆန္ဒပြလို့ မဟုတ်ဘူးခင်ဗျ။

မေး။ ။ ဆိုတော့ မြင်းခြံမှာ ဆန္ဒပြပွဲအခြေအနေတွေကရော ဘယ်လိုရှိသလဲ။

ဖြေ။ ။ ဆန္ဒပြပွဲက ပုံမှန်ပြနေကြအတိုင်း မနက်ပိုင်းကတော့ နေ့တိုင်း တောက်လျောက် ပြနေတာတော့ရှိတယ်ခင်ဗျ။ အရင်တုန်းကဆိုရင် ကျနော်တို့ ညသပိတ်တွေဘာတွေရှိတယ်။ ညသပိတ်တွေက ၂၇ ရက်နေ့နောက်ပိုင်း တောက်လျှောက်ဖြိုခွဲပြီးတော့ လိုက်ပစ်နေကတည်းက ညသပိတ်တွေက မရှိတော့ဘူး။

မေး။ ။ နေ့ပိုင်းတွေမှာ ဆန္ဒပြတာတွေ ဘယ်လောက်လောက်ရှိသလဲ

ဖြေ။ ။ နေ့ပိုင်းကတော့ ခန့်မှန်း ၃၀၀ နဲ့ ၅၀၀ ကြားတော့ ရှိပါတယ်။

မေး။ ။ ဒီအပေါ်မှာ စစ်တပ်တို့ ရဲတို့ တုံ့ပြန်ပုံရရော ဘယ်လိုအခြေအနေမျိုး ရှိသလဲ။

ဖြေ။ ။ သူတို့ကတော့ ဒီလို ဆန္ဒပြတယ်ဆိုပဲ မြင်တာနဲ့ တန်း ဖြိုခွဲပစ်တာပဲ ၊ ပစ်တာတွေ ခတ်တာတွေ အဲလို တောက်လောက်လုပ်တာပဲ ။ ဒီကမြို့နေသူတွေကလည်း နေ့တိုင်းပြတယ်၊ မရရအောင် ထွက်ပြီးတော့ ဆန္ဒပြပွဲတွေ နေ့တိုင်းရှိတာပဲခင်ဗျ ကျနော်တို့ စစ်အာဏာယူကတည်းက ဒီနေ့ ရက် ၆၀ ကျော်ထိအောင် တရက်မှ မနားသေးဘူး။မြင်းခြံမှာတော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့အနေနဲ့ စစ်အာဏာရှင် ကျဆုံးတဲ့အထိပေါ့နော် အဲဒါကတော့ နေ့စဉ်ရက်ဆက် ဆန္ဒပြသွားမယ်လို့ သန္နိဋ္ဌာန် ချထားကြတယ်ခင်ဗျ။”

ဒါ့အပြင် ပဲခူးမြို့ နဲ့ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် အပါအဝင် တခြားမြို့တွေ အတော်များများမှာလည်း မနေ့ညက ညသပိတ်ဆင်နွဲတာတွေ အတော်များများရှိခဲ့ပါတယ်။ ကချင်ပြည်နယ် ၊ ဗန်းမော်မြို့မှာတော့ မြို့ခံလူငယ်တချို့က ကြက်ပေါင်ခြံ သချိုင်းမှာ ဝိဉာဉ်သပိတ်ဆင်နွဲခဲ့ကြပြီး၊ စစ်ကောင်စီဝင်များအတွက် အကြိုစျာပနပွဲဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး စစ်ကောင်စီဝင်တွေရဲ့ ဓါတ်ပုံတွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းတွေအတွင်း ဆန္ဒပြတဲ့သူတွေ နဲ့ စစ်ကောင်စီတပ်တွေကြား ထိပ်တိုက်တွေမှုတွေ ပြင်းထန်နေတဲ့ ကလေးမြို့မှာလည်း မနေ့ညက ဒေသခံတွေက ညသပိတ်တွေ ဆင်နွဲခဲ့ကြပြီး၊ အဲဒီညသပိတ်အတွင်း စစ်ကောင်စီကို ထောက်ခံကူညီပေးနေတဲ့ တရုတ်နိုင်ငံရဲက အလံကိုလည်း မီးရှို့ခဲ့ကြပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက ကျွန်းလှမြို့မှာတော့ ဒေသခံတွေက မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်မှာ ညသပိတ်ဆင်နွဲပြီးတော့ စစ်အာဏာရှင်ဆန့်ကျင့်ရေး နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့တဲ့သူတွေအတွက် မီးထွန်းဆုတောင်းတာတွေလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင့်ရေးသပိတ်တွေကို ဆက်လက်ဆင်နွဲခဲ့ကြပြီးတော့ ဆန္ဒပြလှုပ်ရှားသူတွေဟာ မနေ့ကတော့ လမ်းမတွေပေါ်မှာ ဆေးသပိတ်ကို ဆင်နွှဲခဲ့ကြပါတယ်။ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ကျဆုံးသွားသူတွေကို ရည်စူးပြီး သွေးမတိတ် ဆေးသပိတ်ကို ပြုလုပ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံက ပြောပါတယ်။

“ဆေးနီ campaign ကတော့ အများပြည်သူတွေ ကျနော်တို့ ပြည်သူ ပြည်သားတွေ သွေးအေးသွားမှာ စိုးတဲ့အတွက် ရတဲ့နည်းတွေနဲ့ ပေါ့နော် နည်းမျိုးစံနဲ့ လိုက်ပြီးတော့ ကြံစပြီးတော့ အကုန်လုံးကိုတော့ လိုက်လုပ်နေတာပေါ့။ အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ အနီရောင်သွေးတွေနဲ့ ပေါ့နော် ဒါက သူရဲကောင်းတွေရဲ့ သွေးကို ကိုယ်စားပြုတာပေါ့နော် ၊ ကျနော်တို့ သေဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ သွေးတွေနဲ့ ဒီတောင်တွေကို နှစ်မြှုပ်ပစ်မယ် ၊ ကျနော်တို့ သူရဲကောင်းတွေရဲ့ သွေးတွေက အခုအထိ မခြောက်သေးဘူး ဒီသွေးတွေနဲ့ ပြန်ပြီးတော့ နှစ်မြှုပ်မယ်ဆိုတဲ့ ရည်ရွက်ချက်နဲ့ ကျနော်တို့ ခြိမ်းခြောက်တဲ့ပုံစံမျိုးနဲ့ လုပ်တာဖြစ်ပါတယ်။”

မြန်မာစစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် ၂ လ ကျော်လာခဲ့ပေမယ့်၊ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေသလို၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေဘက်ကလည်း အဲဒီဆန္ဒပြပွဲတွေကို ဆက်ပြီးတော့ ပစ်ခတ်နှိမ်နှင်းတာတွေကြောင့် ၊ အခုဆိုရင် နိုင်ငံတဝန်းမှာ သေဆုံးသူဦးရေဟာ ၅၇၀ ကျော်သွားပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ရန်နိုင်/ VOA Burmese

https://burmese.voanews.com/a/myanmar-night-protest-/5843690.html

အကြမ်းဖက်နှိမ်နင်းမှုကို ထိပ်တိုက်ရင်ဆိုင်နေတဲ့ နိုင်ငံတဝန်း ညသပိတ်များ အကြမ်းဖက်နှိမ်နင်းမှုကို ထိပ်တိုက်ရင်ဆိုင်နေတဲ့ နိုင်ငံတဝန်း ညသပိတ်များ Reviewed by THITHTOOLWIN on 09:54 Rating: 5

No comments:

Powered by Blogger.