စစ်ရှောင်ကရင်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ခွင့်မရသေး

ဧပြီ ၃ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ

မူတြော်ခရိုင်မှ စစ်ရှောင်ပြည်သူများအတွက် ပို့ဆောင်မည့် ထောက်ပံ့ကူညီမှုပစ္စည်းများ ယနေ့ ဧပြီ ၃ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲ့စရင်းယန်းမြို့နယ် မဲ့စလက်(သောလယ်ထာ)တွင် ရောက်ရှိလာ သော်လည်း ထိုင်းအာဏာပိုင်များဘက်က နယ်စပ်ဖြတ်ကျော် သယ်ဆောင်ခွင့်မပြုသေးကြောင်း သိရှိရ သည်။

ထိုင်းကရင်အဖွဲ့ (KTG) နှင့် အစိုးရမဟုတ်သော အဲန်ဂျီအို အဖွဲ့အစည်းတစ်ဖွဲ့တို့က ကားအစီးရေ ၂၀ကျော်ဖြင့် တင်ဆောင်လာသည့် စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ အပါအဝင် ထောက်ပံ့ကူ ညီရေးပစ္စည်းများကို ထိုင်းစစ်တပ်က သွားခွင့်မပြုသေးသည့်အတွက် လက်ရှိ သောလယ်ထာကျေးရွာ တွင် သောင်တင်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ထာ့ဟန်ဖန်း(နယ်စပ်စောင့်တပ်ဖွဲ့)ဘက်က ပြောတာက အထက်က ဘာအမိန့်မှ မရသေးလို့ ပြောတယ်။ အခု ဂိတ်နားက အဆောက်အဦးထဲမှာ အကုန်လုံး ထည့်ထားလိုက်တယ်။ လာပို့တဲ့ ကားတွေကတော့ ပြန်ကုန်ပါပြီ။ နက်ဖြန် စောင့်ကြည့်ရအုံးမယ်လို့ပြောတယ်။”ဟု ကေအိုင်စီသို့ ပြော သည်။

အဆိုပါ စစ်ရှောင်ပြည်သူများအတွက် ကူညီပေးသွားမည့်ပစ္စည်းများမှာ အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲ ခြောက်၊ သောက်ရေ စသည့် စားသောက်ကုန်များအပြင် အခြားလူ သုံးကုန်ပစ္စည်းများလည်း ပါဝင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

စစ်ရှောင်ပြည်သူများကို ထောက်ပံ့မှုအခြေအနေနှင့်ပတ်သက်၍ ယခုအခါတွင် စစ်ဘေးရှောင်များအ တွက် အစားအစာ၊ ရေနှင့် ဆေးဝါးဆိုင်ရာများအတွက် ဦးစားပေး ပြင်ဆင်လျက်ရှိသော်လည်း လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေအပေါ် ထိုင်းနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဆောင်မှုများ အား တင်းကြပ်စွာ ကန့်သတ်မှုများ ရှိနေသောကြောင့် အလှူများအား ဒုက္ခရောက်နေသူများထံသို့ အကန့်အသတ် အနည်းငယ်ဖြင့်သာ ပို့ဆောင်ပေးနိုင်သေးသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူ ပြုကွန်ရက် (KPSN)က ယနေ့ (ဧပြီ ၃ရက်)တွင် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ပြည်တွင်းပြည်ပရှိ မိတ်ဆွေများအနေဖြင့် ထိုင်းနိုင်ငံအစိုးရအား လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်များတွင် လူသားချင်းစာနာမှုကို လေးစားလျက် စစ်ဘေးရှောင်များအား ကူညီခြင်းအပေါ် လွတ်လပ်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်အတွက် ဝိုင်းဝန်းဆော်သြကြပါရန်လည်း KPSN က တိုက်တွန်းထားသည်။

ထို့အပြင် လတ်တလောဖြစ်ပွားနေသည့် ကေအဲန်ယူတပ်မဟာ(၁)၊ (၂)၊ (၃)နယ်မြေအတွင်း ပစ်ခတ်မှု ကြောင့် စစ်ရှောင်ဒုက္ခသည်တွေအတွက် အစားအသောက်များ အပါအဝင် အခြေခံလိုအပ်ချက်များကို ကူညီပေးနိုင်ရန်နှင့် ထိုင်း-မြန်မာနယ်စပ်ကို ပြန်လည်ဖြတ်သန်းခွင့်ပြုရန်အတွက် ဧပြီလ ၂ရက်နေ့က သောလယ်ထာကျေးရွာသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ၏ လက်ထောက်ဝန်ကြီးချုပ်ထံ ထိုင်းကရင်အ ဖွဲ့( KTG)က အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့သေးသည်။

ကေအဲန်ယူ၊ မူတြော်ခရိုင်အတွင်း မတ်လ ၂၇ရက်နေ့မှ၍ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဌာနေဒေသခံရွာသား ၁၉ဦး သေဆုံးကာ ၂၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မူတြော်ဒေသခံပြည်သူ ၁၂၀၀၀ကျော်မှာ နေရပ်စွန့်ခွာကာ ထွက်ပြေးပုန်းအောင်းနေရသည်ဟု ကရင်လူမှုအဖွဲ့အစည်းများ၏ မှတ်တမ်းများအရ သိရှိရသည်။


Karen Information Center -KIC

https://www.facebook.com/KICNewsPage

စစ်ရှောင်ကရင်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ခွင့်မရသေး စစ်ရှောင်ကရင်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ခွင့်မရသေး Reviewed by THITHTOOLWIN on 21:09 Rating: 5

No comments:

Powered by Blogger.