လန်ဒန်မြန်မာသံရုံး အပိုင်စီးခံရမှု (သံရုံးရှေ့မြန်မာတဦးနဲ့ မေးမြန်းချက်)

လန်ဒန်မြန်မာသံရုံး

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြန်မာသံရုံးကို ဗုဒ္ဓဟူးနေ့မှာ စစ်ကောင်စီဘက်က သိမ်းယူမှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံခြားရေးဌာနနဲ့ဆက်သွယ် ဆောင်ရွက်နေကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းက သူ့ကို လာရောက်ဝန်းရံသူတွေကို ပြောကြားခဲ့ပါတယ်။ ရုံးချိန်ပြင်ပ သံရုံးအပြင်ဘက်ခတ္တခဏထွက်ခွာချိန်မှာ သူ့အောက်မှာရှိတဲ့ သံမှူးကြီး ဦးချစ်ဝင်းနဲ့ စစ်သံမှူး ဗိုလ်မှူးကြီး စိုးအောင် တို့ပူးပေါင်းပြီး မြန်မာသံရုံးကို ဝင်ရောက်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ လန်ဒန်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

လန်ဒန်စံတော်ချိန် ည ၈နာရီပတ်ဝန်းကျင်လောက် သံရုံးရှေ့မှာ မြန်မာတွေ စုရုံးရောက်ရှိနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ ကိုအောင်မော်ဇင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။အခုနောက်ဆုံး လက်ရှိသံရုံးရှေ့မှာ သံအမတ်ကြီးရဲ့ အခြေအနေ ဘယ်လို ရှိနေသလဲရှင့်။

ကိုအောင်မော်ဇင်။ ။ အခုလက်ရှိတော့ သံအမတ်ကြီးက အထဲထဲမှာ ဝင်ခွင့်မရဘူး သူ့ကို ပေးမဖွင့်ဘူးပေါ့နော်၊ သူဝင်ချင်တယ်ဆိုတာကို။ ပြီးတော့ အင်္ဂလန်က police တွေကလည်း တံခါးပေါက်မှာ ပိတ်ပြီးတော့ ရပ်နေတယ်။ သူကတော့ Foreign office နဲ့ ထပ်စကားပြောထားတယ် ပေါ့နော်။ သူက သံအမတ်တယောက်အနေနဲ့ သူရှိနေတဲ့ဟာကို သူ့ Authority နဲ့ ဒီသံရုံးက သူအကြီးဆုံး ဖြစ်တဲ့အတွက် သူဝင်ခွင့်ရှိရမယ်ဆိုတာကို လှမ်းအကြောင်းကြားထားတယ်လို့ ပြောပါတယ်။

အင်ကြင်းနိုင်။ ။အဲဒီတော့ လက်ရှိ အခုအချိန်အထိ သံအမတ်ကြီးကတော့ သံရုံးရှေ့မှာ ရှိနေတုန်းပဲပေါ့နော်။

ကိုအောင်မော်ဇင်။ ။ ဟုတ်တယ် သံရုံးရှေ့ ပရဝဏ် ရှေ့ပေါ့နော် တံခါးထဲတော့ ဝင်လို့မရဘူး။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ အဲဒီမှာ လန်ဒန်စံတော်ချိန်ရော ဘယ်လောက်ရှိနေပြီလဲရှင့်။

ကိုအောင်မော်ဇင်။ ။ လန်ဒန်စံတော်ချိန် ည ၇ နာရီ ၄၈ မိနစ်ပါ။

အင်ကြင်းနိုင်။ ။သံအမတ်ကြီးက အဲလိုမျိုး သံရုံးအပြင်ဘက်ကိုရောက်သွားပြီးတော့မှ အခု သံရုံးထဲကို ဝင်လို့မရဘူးဆိုတော့ ဘယ်လို ဖြစ်သွားတာလဲရှင့်။

ကိုအောင်မော်ဇင်။ ။ သူပြောတာကတော့ သူ ရုံးဆင်းချိန်လောက်ပေါ့နော် ၃ နာရီခွဲ ၄ နာရီလောက်ထင်တာပဲ သေချာတော့ သူ့ကို မမေးဖြစ်ပါဘူး။ အဲဒီ သူထွက်လာတဲ့အချိန်မှာ အထဲထဲမှာ ၂ ယောက်လားမသိဘူး ကျန်ခဲ့တယ် ကျန်တာကတော့ သူ့အောက်က အတွင်းဝန် ဦးချစ်ဝင်းနဲ့ စစ်သံမှူး စိုးအောင် ဆိုတာ သူကနေပြီးတော့ သူတို့ ၃ ယောက်လားမသိဘူး ဝင်ပြီးတော့ ပိတ်တယ်ပေါ့နော် hijack သဘောမျိုးပေါ့နော် တံခါးထပ်မဖွင့်ပေးဘူး ။ အဲလိုဝင်လာတဲ့အတွက် သံအမတ်ကြီးက ပြန်ရောက်လာတာ ၊ သူတံခါးဖွင့်ခိုင်းတော့ မဖွင့်ပေးဘူး ။ မဖွင့်ပေးတော့ သူက ရဲခေါ်တယ် Police ကိုခေါ်ပြီးတော့ အကြောင်းကြားတယ်ပေါ့နော်။ အဲလိုမျိုးနဲ့ ပြီးတော့ ဒီ လှမ်းပြီးတော့request လုပ်တယ်ပေါ့ သူဝင်လို့မရတော့ပါဘူး အဲလိုပေါ့။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် ကိုအောင်မော်ဇင်တို့က အဲဒီအရှေ့မှာ ရောက်နေတဲ့ မြန်မာတွေ၊ သံအမတ်ကြီးနဲ့ အတူရှိနေတဲ့သူတွေ ဘာဆက်လုပ်ဖို့ ရှိသလဲရှင့်။

ကိုအောင်မော်ဇင်။ ။ အခုတော့ ကျနော်တို့ တော်တော်များများက ပြန်ပြီးတော့ ခပ်ဝေးဝေးမှာ နေပေးကြတယ်။ ရဲတွေကလည်း ဒီအရှေ့မှာ လူအများကို နေခွင့်မပေးတော့ ဘာဆက်လုပ်မလဲဆိုတာကတော့ သူကတော့ Foreign office ကနေပြီးတော့ သူရဲ့ Authority ကိုပေးရင်တော့ locksmith တို့ဘာတို့ ရဲတို့ဘာတို့နဲ့ ဖွင့်မယ်ဆိုပြီးတော့ အဲလိုတော့ပြောတယ် သေချာတော့ မသိဘူး။ သူကတော့ ဒီမှာ စောင့်နေမယ်လို့ပြောတယ် ကားပေါ်ကပဲ။ အထဲထဲမှာတော့ ၅ ယောက်လားမသိဘူး ရှိတယ်လို့ ပြောတယ်တဲ့။ hijack လုပ်တာပေါ့ hijack သဘောပေါ့နော်။

အင်ကြင်းနိုင်။ ။ဒါဆိုရင် အခုက Legal issue ပေါ့နော် ၊ ကိုအောင်မော်ဇင်တို့ရော အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိရလား။ ဆိုလိုတာက ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကို ဟိုဘက်က စစ်ကောင်စီက အသစ်ခန့်အပ်လိုက်ပြီလား ၊ သံအမတ်ကြီး ဆိုတဲ့ တရားဝင် ရာထူးနဲ့ ဆက်ရှိနေတာလား ဘယ်လိုအခြေအနေမျိုး ရှိနေသလဲ။

ကိုအောင်မော်ဇင်။ ။ သူပြောတဲ့ သဘောအရဆိုရင်တော့ ဒီနေ့ သူထွက်လာတဲ့ အချိန်မှာပဲ ဟိုဘက်က သူ့ကို သံအမတ်ရာထူးမရှိတော့တဲ့အတွက် သူ့ကို မဖွင့်ပေးနိုင်ဘူးဆိုတဲ့ ပုံစံမျိုး ၊ အထဲကို invade လုပ်တဲ့ စစ်သံမှူးအုပ်စုပေါ့နော် အတွင်းဝန်နဲ့ စစ်သံမှူး စိုးအောင်ပေါ့နော် သူတို့ကနေပြီးတော့ အဲလိုသဘောနဲ့ ဝင်ခွင့်မပေးတော့ဘူး အဲလိုမျိုးနဲ့ သူတို့ Police ကို report လုပ်တယ်လို့ ပြောတယ် ။ သူ Authorize မရှိတော့ဘူးပေါ့နော် အဲလိုသဘောလည်းရှိတယ်။ ဒါပေမယ့် အင်္ဂလန်အနေနဲ့ကတော့ သူ့ကို ဘုရင်မကြီးကနေပြီးတော့ သံအမတ်အနေနဲ့ တရားဝင် ခန့်အပ်ထားတဲ့အတွက် Foreign office ကတော့ သူ့မှာတော့ ရှိနေသေးတယ် သံအမတ်အနေနဲ့တော့။ အဲလိုရှိနေသေးတယ် ပြီးတော့ သူက Stay ၄၅ ရက် မပြည့်သေးဘူးလေ၊ ပြန်ရမယ်ဆိုတာက သူ့မှာ လုပ်ပိုင်ခွင့်ရှိသေးတယ်ပေါ့။ အဲလိုသဘောလည်းရှိတယ် သက်ရောက်တယ် အခုအချိန်အထိပေါ့။

အင်ကြင်းနိုင်။ ။အခုကိစ္စမှာ Facebook Live တို့ လွှင့်နေတာပေါ့နော် ၊ လန်ဒန်မှာရှိတဲ့ မြန်မာသံရုံး ဘာဖြစ်နေသလဲဆိုတာ Facebook Live တို့ လွှင့်နေတာတွေ ကျမတို့ ကြည့်ရမယ်ဆိုရင် အင်္ဂလန်မှာ ရှိတဲ့ ရဲတွေပြောနေတာက ဒါက Myanmar Embassy မြန်မာနိုင်ငံရဲ့ ပိုင်နက်ဖြစ်နေတယ်ဆိုတာ တံခါးတွေလည်း ဖျက်လို့ မရဘူးပေါ့နော် ဆိုတဲ့အနေအထားမျိုးလည်း ပြောနေတာ တွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ ပိုင်နက်ဖြစ်သွားရင်ရော လန်ဒန်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အဲဒီသံရုံးကို ဝင်ရောက်ခွင့်ရှိမရှိ အဲဒါတွေကရော သူတို့ ရဲဘက်ကို ပြန်မေးတာ ရှိလားရှင့်။

ကိုအောင်မော်ဇင်။ ။ ဘယ်လိုလဲဆိုတော့ မြန်မာ Passport ကိုင်တဲ့လူတွေက ဒီအချိန်က ရုံးအချိန်လည်းမဟုတ်ဘူးဆိုတော့အဲလိုပုံစံနဲ့ ဝင်လို့မရဘူးလေ။ အဓိကတော့ အကြီးဆုံး သံအမတ်ကြီး တယောက်အနေနဲ့ သူက လက်ရှိ သံရုံးရဲ့ ပြင်ပမှာ ရပ်ပြီးတော့ စောင့်နေတယ် အခုအချိန်အထိ ရဲ ၂ ယောက်ရဲ့ ရှေ့မှာ စကားပြောပြီး ရပ်စောင့်နေတယ်။ စောင့်နေတယ်ဆိုတာတော့ သူပြောတာကတော့ အပေါ်က အင်္ဂလန် Foreign office ကနေတော့ ။အခုဆိုရင်ရဲတွေ တော်တော်များများရောက်လာပြီ အယောက် ၂၀ လောက်ရှိတယ် နောက်ထပ် ထပ်တိုးရောက်လာတာ။ နောက်ထပ် armed police တွေပါ ရောက်လာတယ် နောက်ထပ် ၄-၅ ယောက် လားမသိဘူး ရောက်လာတာ။ အဲဒါ သူတို့က by forced နဲ့ ကျနော်ထင်တယ် ဖွင့်ခိုင်းမယ်လို့ အဲဒါကြောင့်မို့လို့ ဒီကလူတွေကို ရှင်းနေတယ် ၊ ရှင်းနေတယ် ဆိုတာ ကျနော်ထင်တယ် အထဲထဲကလူတွေကလည်း ဘယ်လိုပုံစံနဲ့ ရှိမလဲဆိုတာ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့ကဒါက hijack လုပ်တဲ့ပုံစံ ဖြစ်သွားပြီလေ။ တကယ်လို့သာ ဒီ Foreign office က တရားဝင် အကြီးဆုံး သံအမတ်ကြီးတယောက် သံရုံးကို သံအမတ်ကြီးကို ပေးမဝင်တဲ့အတွက် အထဲထဲကလူတွေက hijack လုပ်တဲ့ပုံစံ ဖြစ်သွားပြီလေ။ သူတို့က ဒီအဆောက်အဦးကို ဝင်ပြီးတော့ စီးထားတဲ့ ပုံစံ ဖြစ်သွားတဲ့အတွက် ရဲတွေက ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ စောင့်ကြည့်ရမယ်။ အခုတော့ တော်တော်များတယ် armed police လည်း ၃ ယောက်ရှိနေတယ်။

အင်ကြင်းနိုင်။ ။ ကိုအောင်မော်ဇင်တို့ ဘာဆက်လုပ်မလဲရှင့် တညလုံးပဲ စောင့်မလား ရုံးရှေ့မှာ ရောက်နေတဲ့သူတွေလေ။

ဖြေ။ ။ ကျနော်တို့ စောင့်နိုင်တဲ့ လူကတော့ အတတ်နိုင်ဆုံးစောင့်မယ် ၊ ကားနဲ့ အရှေ့မှာ ရပ်ပြီးတော့ စောင့်ကြမယ်ပေါ့နော်။ ဒီနေ့က တော်တော်လည်းအေးတယ်။

အင်ကြင်းနိုင်။ ။ ဆိုတော့ သံရုံးထဲကို သံအမတ်ကြီး ပြန်ဝင်နိုင်ရေးက ဘယ်လောက်အထိ အရေးကြီးလဲရှင့်။

ကိုအောင်မော်ဇင်။ ။ ဘယ်လောက်အထိ အရေးကြီးလဲဆိုတော့ အခုလိုမျိုး လုပ်ချင်းအားဖြင့် သံအမတ်ကြီးကတော့ ရှင်းရှင်းပြောရင် CDM လည်း မလုပ်ထားဘူးခင်ဗျာ၊ ရှင်းရှင်းပြောရင် CRPH ကိုထောက်ခံပါတယ်ဆိုတာလည်း မရှိသေးဘူး။ ဒါပေမယ့် ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် သူတို့အချင်းချင်း ပဋိပက္ခလို့ ဆိုဆို ၊ အကြောင်းအရာ တခု ရှိတယ်ပြောပြော ဒီသံရုံးက ကျနော်တို့ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံငယ်လေးဖြစ်တဲ့အတွက် ကျနော်တို့ ဒီလို မတရားဝင်စီးနေတဲ့ လူတွေကိုတော့ ကျနော်တို့ကတော့ ဖယ်ထုတ်ရမယ် ။ ဒီသံအမတ်ကြီးက ပြည်သူနဲ့ ပူးပေါင်းတယ်ဆိုရင် အတိုင်းအတာလွန်စွာနဲ့ ကျနော်တို့ ကြိုဆိုဖို့ အဆင်သင့်ပဲ ၊ ဒါပေမယ့် အခုအချိန် သူ မပူးပေါင်းဘူးဆိုရင်တောင်မှ ကျနော်တို့ကတော့ ကျနော်တို့နိုင်ငံငယ်လေးကို လာကာကွယ်တဲ့ပုံစံနဲ့ လာနေပေးတယ်ပေါ့နော် အဲဒီအဆင့်ပဲ ရှိပါသေးတယ်။

သံရုံးရှေ့ ရောက်ရှိနေတဲ့ ကိုအောင်မော်ဇင်ပြောပြသွားတာပါ။

အဲဒီနောက် သံအမတ်ကြီး ဦးကျော်စွာမင်းက သူရဲ့ကားထဲကနေ အပြင်ထွက်လာပြီး သူအနေနဲ့ သံရုံးထဲ ဘယ်အချိန်ပြန်ဝင်နိုင်မလဲဆိုတာ အခုထက်ထိ မသိရသေးကြောင်း၊ အချိန်ကြာနိုင်ကြောင်းနဲ့တတ်နိုင်သလောက် လူစုခွဲကြဖို့လည်း သံရုံးရှေ့စုဝေးနေကြသူတွေကို အခုလို ပြောသွားပါတယ်။

“လောလောဆည် ဘယ်လောက်ကြာမလဲမသိဘူး ။ ဘယ်လိုလုပ်ကြမလဲဆိုတာ ပြီးတော့မှပဲ လုပ်ကြမယ်ပေါ့နော်။ လောလောဆည်တော့ ကျနော်လည်း နားထောင်နေပါတယ်။ ဒီက police တွေပြောတာနဲ့ ပြဿနာ မဖြစ်စေနဲ့နော်။ တော်ကြာ ကျနော်တို့က စည်းကမ်းမရှိတဲ့လူတွေ ဖြစ်နေမယ်။ သဘောပေါက်တယ်နော် အဲဒီတော့ ခင်ဗျားတို့ ခဏနေရင် လူစုခွဲတော့နော်။”


အင်ကြင်းနိုင်/ VOA Burmese

https://burmese.voanews.com/a/myanmar-embassy-in-london-/5845148.html

လန်ဒန်မြန်မာသံရုံး အပိုင်စီးခံရမှု (သံရုံးရှေ့မြန်မာတဦးနဲ့ မေးမြန်းချက်) လန်ဒန်မြန်မာသံရုံး အပိုင်စီးခံရမှု (သံရုံးရှေ့မြန်မာတဦးနဲ့ မေးမြန်းချက်) Reviewed by THITHTOOLWIN on 08:54 Rating: 5

No comments:

Powered by Blogger.