အာဏာသိမ်း ၂ လ ပြည့် ရန်ကုန်က ဆန့်ကျင်ကန့်ကွက်မှုများ

မှတ်တမ်းဓါတ်ပုံ- မတ်လ ၃၀ ရက်နေ့က ရန်ကုန်သာကေတတွင် ဆန္ဒပြနေသူများ

စစ်ကောင်စီက အာဏာသိမ်းလိုက်တာ ၂လပြည့်ပြီးချိန်အထိ အာဏာရှင်ကျဆုံးရေးအတွက် ဆန့်ကျင်ဆန္ဒပြနေတာတွေ နေရာအနှံ့မှာ ပုံစံမျိုးစုံနဲ့ ရှိနေပါတယ်။ ဒီဆန္ဒပြမှုတွေမှာ ဖမ်းဆီးခံရတာတွေ၊ အကြမ်းဖက်ပစ်ခတ် ခံရတာတွေကြောင့် နောက်ပိုင်းမှာ ထိပ်တိုက်မတွေ့တော့ဘဲ အာဏာရှင်စနစ်ကို တော်လှန်နေကြတာပါ။ ရန်ကုန်ကလာတဲ့သတင်း အပြည့်အစုံကို နန်လဖိုင် က ပြောပြပေးပါမယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီး၊ စစ်တပ်က အာဏာသိမ်းခဲ့တာ ဒီကနေ့ဆို ၂လပြည့်ပြီး ဖြစ်ပါတယ်။ အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေဟာ အကြမ်းဖက်ပစ်ခတ် ခံနေရတဲ့ကြားက သပိတ်ပုံစံမျိုးစုံနဲ့ အာဏာရှင်စနစ်ကို ဆက်ပြီး ဆန့်ကျင်နေတာပါ။ လူငယ်တွေဦးဆောင်တဲ့ အင်းစိန်မြို့နယ်က သပိတ်စစ်ကြောင်းကို မနက်အစောပိုင်းကတည်းက စတင်ခဲ့ပြီးတော့ နေ့လည် ၁နာရီအချိန်မှာ စစ်ကားတွေရောက်လာလို့ လူစုခွဲခဲ့ကြပါတယ်။

စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲပါဝင်တဲ့ လက်နက်ကိုင်တွေရဲ့ အင်အားသုံးအကြမ်းဖက်မှာကို ရှောင်တိမ်းခဲ့တဲ့ ဆန္ဒပြလူငယ်တွေကို လမ်းတွေထဲထိ ဝင်ရောက်ဖမ်းဆီး ပစ်ခတ်တာတွေရှိခဲ့တယ်လို့ အင်းစိန်သပိတ်မှာ ပါဝင်သူတဦးက VOA ကိုပြောပါတယ်။

"မနက်က ၁၀ နာရီလောက်က ဘုရင့်နောင်လမ်းမ တလျှောက်မှာ လူမဲ့သပိတ်တွေရော၊ ခံတပ်ဆောက်တဲ့ သပိတ်တွေရော၊ ဒါတွေတော့ လုပ်ကြတာပေါ့။ ဖမ်းဆီးတာတွေ၊ ပစ်ခတ်တာတွေ လုပ်မဲ့အချိန်မှာ ကျနော်တို့က လူစုခွဲလိုက်တယ်။ ခွဲပြီးတဲ့နောက်မှာ သူတို့က လမ်းထိပ်တွေ၊ လမ်းကြားတွေထဲ ဝင်ပြီးတော့ ဖမ်းဆီးတာတွေ၊ ပစ်တာတွေလုပ်တယ်။ ၂၇ ရက်နေ့ နောက်ပိုင်းကစပြီးတော့ အင်းစိန်မှာ သူတို့က နေ့ရော၊ ညရော ရပ်ကွက်တွေထဲဝင်ပြီးတော့ ဖမ်းတာတွေ၊ ပစ်တာတွေလုပ်နေတယ်၊ ဒီနေ့ထိပဲဗျ။ အခုဆိုလည်း လမ်းထိပ်၊ လမ်းဆုံတွေမှာ တပ်စွဲထားတယ်။"

စစ်တပ်နဲ့ ရဲတွေရဲ့ အင်အားသုံး အကြမ်းဖက်တာတွေကြောင့် ဆန္ဒပြသူတွေဟာ သူတို့နဲ့ ထိပ်တိုက်မတွေ့တော့ဘဲ ကြိုတင်ပြီး လူစုခွဲ ရှောင်လိုက်တာတွေရှိနေပါတယ်။ အာဏာရှင်ကျဆုံးရေးအတွက် ရတဲ့ဘက်ကနေဆက်ပြီး တော်လှန်သွားမယ်လို့လည်း သင်္ဃန်းကျွန်းမြို့နယ်က သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ လူငယ်တဦးက VOA ကိုပြောပါတယ်။

"၉ နာရီခွဲ လမ်းလျှောက်သပိတ်စတယ်။ ၁၂ နာရီခွဲ - ၁ နာရီကျတော့ သိမ်းလိုက်ရတယ်။ သိမ်းလိုက်ရတယ်ဆိုတာ ဘယ်လိုဖြစ်လဲဆိုတော့ အရင်တုန်းကဆိုရင်တော့ အဲအချိန်ထက် ပိုနေတယ်။ ဒီနေ့က သူတို့တွေအသံပဲ ကြားလို့လားမသိဘူး၊ ညီမတို့နားမှာ စစ်ကားတွေဖြတ်နေတာ များတယ်။ ဘယ်တချက် ဝင်လာမလဲ... ဝင်လာမလဲ... အဲဒါနဲ့ ညီမတို့ လူစုခွဲပေးလိုက်ရတယ်။"

စစ်တပ်နဲ့ ရဲတွေက ဆန္ဒပြသူတွေအပေါ် လက်နက်တွေသုံး အကြမ်းဖက်ပစ်ခတ်လို့ အာဏာသိမ်းပြီး ၂လတာကာလအတွင်းမှာ သေဆုံးသူ ၅၂၀ ကျော်အထိ ရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ မတ်လ ၃၀ ရက်အထိ စာရင်းမှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ AAPPB က ကောက်ယူရရှိထားတဲ့ သေဆုံးသူအရေအတွက်ဖြစ်ပြီး၊ စစ်တပ်နဲ့ ရဲတွေရဲ့ အင်အားသုံးအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူတွေဟာ ဒီထက်မက ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဆန္ဒပြသပိတ်တွေရဲ့ အနီးဝန်းကျင်မှာ စစ်ကားတွေလှည့်လည်နေလို့ လှိုင်မြို့နယ်တွင်းက ဆန္ဒပြသပိတ်တွေမှာလည်း ရှောင်တိမ်းရတဲ့အခြေအနေရှိနေပေမဲ့ နောက်နေ့တွေမှာလည်း ဆက်ပြီးဆန္ဒပြပုံစံမျိုးစုံနဲ့ တော်လှန်သွားဦးမယ်လို့ ဆန္ဒပြသူ အင်ဂျင်နီယာတဦးက VOA ကိုပြောပါတယ်။

"ကျနော်တို့ အင်ဂျင်နီယာတွေနဲ့ လုပ်တဲ့ဥစ္စာကတော့ လှည့်တော့လှည့်လိုက်တယ်။ သပိတ်လှည့်လိုက်တဲ့ဟာကို ခဏပါပဲ၊ သူတို့လာတယ်။ သူတို့လာတော့ ကျနော်တို့ တချက်လူစုခွဲရပေမဲ့ အိမ်ပေါ်တွေကနေ အော်ကြတာပေါ့နော်။ ထိပ်တိုက်တွေ့ဖို့က ဒီအခြေအနေမှာက အဆင်မပြေဘူးဗျ။ ကျနော်တို့ဘက်က ပေးဆပ်ရတာတွေ တော်တော်များတယ်။ တနေ့ကဆိုရင်လည်း ၅ယောက်တောင် ပါသွားတယ်။ ကျနော်တို့မှာ တော်တော်အားယုတ်တယ်ဗျ။ ရှိတဲ့သူတွေကတော့ ရှိသလို ရပ်ကွက်နဲ့ပေါင်းပြီးတော့ ဆက်လုပ်နေတုန်းပါပဲ။"

စစ်ကောင်စီရဲ့ အာဏာသိမ်းတဲ့လုပ်ရပ်အပေါ်ဆန့်ကျင်ကန့်ကွက်သူတွေဟာ မနက်အစောပိုင်းနဲ့ နေ့အချိန်တွေမှာ စုပေါင်းအင်အားနဲ့ ဆန္ဒပြတော်လှန်နေကြသလို၊ ည ၈နာရီထိုးချိန်တိုင်းမှာလည်း သံပုံးတီးပြီး ဆန္ဒဖော်ထုတ်နေကြတာပါ။ ဒါပေမဲ့လည်း ဒီကနေ့မှာတော့ နေ့လည် ၁နာရီ၊ ၃နာရီနဲ့ ၅နာရီထိုးချိန်တိုင်းမှာ သံပုံးတီးပြီးတော့ မြို့နယ်အလိုက် နေရာအနှံ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။


နန် လဖိုင်/ VOA Burmese

https://burmese.voanews.com/a/yangon-after-2-month-of-coup-/5835938.html

အာဏာသိမ်း ၂ လ ပြည့် ရန်ကုန်က ဆန့်ကျင်ကန့်ကွက်မှုများ အာဏာသိမ်း ၂ လ ပြည့် ရန်ကုန်က ဆန့်ကျင်ကန့်ကွက်မှုများ Reviewed by THITHTOOLWIN on 06:30 Rating: 5

No comments:

Powered by Blogger.