အာဏာသိမ်း စစ်ခေါင်းဆောင်တွေ တာဝန်ခံမှုရှိစေရေး တရုတ်သြဇာသုံးဖို့ ကန်တောင်းဆို

အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ သူ့သြဇာကိုသုံးပြီး မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးသင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။

“ မြန်မာစစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို တာဝန်ခံမှုရှိလာစေဖို့ တရုတ်က သူ့သြဇာသုံးပြီးဆောင်ရွက်ပေးဖို့ အမေရိကန်က ဆက်ပြီးတိုက်တွန်းနေပါတယ်။ မြန်မာနိုင်ငံတွင်း အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေ အပါအဝင် တရုတ်နိုင်ငံရဲ့အကျိုးစီးပွားနဲ့လည်း ကိုက်ညီမှု မရှိပါဘူးလို့၊”အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Ned Price က ဗုဒ္ဓဟူးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

တရုတ်နိုင်ငံအတွက် စီးပွားရေးအရရော မဟာဗျူဟာအရပါ အရေးပါလှတဲ့ မြန်မာနိုင်ငံတွင်းက အခြေအနေအရပ်ရပ်ကို တရုတ်နိုင်ငံ အစဉ်အလာအတိုင်း သံသယနဲ့ သတိထား စောင့်ကြည့်နေသလို မြန်မာ့အရေးနဲ့ပတ်သက်လာရင် အနောက်နိုင်ငံတွေရဲ့ ဝေဖန်ပြောဆိုမှုတွေ ရှိနေတဲ့ ကြားက မြန်မာနိုင်ငံကို အကာအကွယ်ပေးနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းထားတာကို အနောက်နိုင်ငံက ပြင်းပြင်းထန်ထန်ရှုတ်ချနေကြပေမယ့် တရုတ်နိုင်ငံကတော့ မြန်မာ့ပြည်တွင်းရေး တည်ငြိမ်မှုရှိဖို့ ပိုအရေးကြီးတယ်လို့သာ အလေးပေးပြောဆိုထားပါတယ်။ အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီကို တရုတ်အစိုးရက ထောက်ခံတယ်ဆိုပြီး စွပ်စွဲပြောဆိုကြတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေ ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြသလို ပြည်ပနိုင်ငံက တရုတ်သံရုံးတွေရှေ့မှာလည်း ပြည်ပရောက်မြန်မာတွေ သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/china-use-their-power-to-stop-myanmar-/5835920.html

အာဏာသိမ်း စစ်ခေါင်းဆောင်တွေ တာဝန်ခံမှုရှိစေရေး တရုတ်သြဇာသုံးဖို့ ကန်တောင်းဆို အာဏာသိမ်း စစ်ခေါင်းဆောင်တွေ တာဝန်ခံမှုရှိစေရေး တရုတ်သြဇာသုံးဖို့ ကန်တောင်းဆို Reviewed by THITHTOOLWIN on 06:21 Rating: 5

No comments:

Powered by Blogger.