မင်းတပ်ပစ်ခတ်မှု စစ်ကောင်စီတပ်သား ၁၅ ယောက်သေဆုံး

မင်းတပ်ပစ်ခတ်မှု စစ်ကောင်စီတပ်သား ၁၅ ယောက်သေဆုံး မင်းတပ်မြို့မှာ စစ်ကောင်စီတပ်သားတွေ တွေ့ရစဉ်။  Photo - CHRO

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ ဧပြီလ ၂၆ ရက် ဒီကနေ့ညနေပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ‌‌‌ဒေသခံတွေဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က တပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မင်းတပ်မြို့အရှေ့ဘက် ကျောက်ထုနဲ့၊ အနောက်ဘက် မတူပီမြို့ကို သွားရာလမ်းမှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ ရဲကားတစ်စီးနဲ့ စစ်ကားနှစ်စီးလည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက… “လောလောဆယ် ကျနော်တို့ ပြည်သူ့လုံခြုံရေးဘက်ကတော့ အကျအဆုံး မရှိသေးဘူး။ သူတို့ဘက်ကပဲ သေတယ်၊ လက်ရှိအချိန်မှာတော့ ပစ်တာခတ်တာတွေ ရပ်သွားပြီ” လို့  RFA ကို ဒီနေ့ည ၇ နာရီကျော်က ပြောပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) ကလည်း ဒီကနေ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ဒီနေ့ပစ်ခတ်မှုအပြီးမှာ ပခုက္ကူဘက်ကနေ မင်းတပ်မြို့ကို  စစ်ကောင်စီတပ်သားတွေ အင်အားဖြည့် စေလွှတ်နေတယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မင်းတပ်မြို့က ဆန္ဒပြလူငယ် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးနှိပ်စက်ပြီး ပခုက္ကူမြို့ကို ပို့ဆောင်ဖို့ ကြိုးစားတာကြောင့် ပစ်ခတ်မှုတွေ စဖြစ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။

ဒီနေ့ မင်းတပ်မြို့ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီက ပြည်သူကို အကြမ်းဖက်ဖြိုခွင်းတာ၊ ဖမ်းဆီးတာတွေ ဆက်လုပ်နေမယ်ဆိုရင် နည်းမျိုးစုံနဲ့ ခုခံတိုက်ခိုက်သွားမယ်လို့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ချင်းနယ်မြေ ခုခံကာကွယ်ရေးအဖွဲ့ (Chinland Defense Force) က မနေ့က ကြေညာထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mindat-soldiers-chin-myanmar-military-coup-04262021104820.html

မင်းတပ်ပစ်ခတ်မှု စစ်ကောင်စီတပ်သား ၁၅ ယောက်သေဆုံး မင်းတပ်ပစ်ခတ်မှု စစ်ကောင်စီတပ်သား ၁၅ ယောက်သေဆုံး Reviewed by THITHTOOLWIN on 07:03 Rating: 5

No comments:

Powered by Blogger.