စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လေ့လာသူတွေအမြင်



စစ်ကောင်စီက ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက အပစ်မရပ်သေးတဲ့အဖွဲ့တွေ အပြင် အပစ်ရပ်ပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ပါ တွေ့ဆုံနေပါတယ်။

နိုင်ငံရေးအခင်းအကျင်းကို အရင်ကအတိုင်း ပြန်မသွားနိုင်သမျှ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အောင်မြင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက သုံးသပ်နေကြပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးအဖွဲ့က ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC အဖွဲ့က ခေါင်းဆောင် တွေနဲ့ ဧပြီလ ၂၆ ရက်နေ့က နေပြည်တော် အမျိုးသားစည်းလုံညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာနမှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီရုံးက မနေ့ကသတင်းထုတ်ပြန်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာဖို့၊ ဒေသဖွံ့ဖြိုးရေး အခြေအနေတွေကို အဓိကထားဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လမ်းကြောင်းအတိုင်းပဲ ဆက်လက်ဆောင်ရွက်မယ်လို့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က အစည်အဝေးမှာပြောပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲက အင်အားအကြီးဆုံးဖြစ်တဲ့ ၀ တပ်ဖွဲ့တာဝန်ရှိသူအချို့နဲ့ ဧပြီလဆန်းပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ နှစ်ဖက်လုံးက သတင်းထုတ်ပြန်တာမရှိပါဘူး။

စစ်ကောင်စီရဲ့ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေးအဖွဲ့ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးတွေ ဆက်လုပ်သွားမယ်လို့ ကြေညာထားပါတယ်။

ဒါပေမဲ့ အရင်အစိုးရတွေတုန်းက NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့ ဆယ်ဖွဲ့ ထဲက တော်တော်များများက စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ငြိမ်းချမ်းရေးဆက်မဆွေးနွေးလိုတော့ဘူး ဆိုပြီး ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒါကြောင့် မြောက်ပိုင်းဒေသက UWSA ဝ တပ်ဖွဲ့လို အင်အားကြီးတဲ့ တိုင်းရင်းသားတွေနဲ့ လိုက်တွေ့နေတာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ စာရေးဆရာဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။

“NCA သဘောတူညီချက်တွေကို သူတို့ကိုယ်တိုင် အာဏာသိမ်းတဲ့နည်းနဲ့ ဖျက်လိုက်တဲ့အခါကျတော့ NCA လက်မှတ်ထိုးထားတဲ့ ဆယ်ဖွဲ့ကိုယ်တိုင်က သူတို့နဲ့ရှေ့ဆက် ဆောင်ရွက်ချင်စိတ်မရှိတော့ဘူး၊ အဲတော့ အဓိက သူစိုးရိမ်တာ သူကြောက်တာ နှစ်ခုပဲဗျ၊ UWSAနဲ့ သူတိုက်ရမှာ စိုးရိမ်တယ် နောက်တစ်ခုက AA ဗျ၊ သူ့ဘက်ကလည်း သုံးဆယ့်နှစ်နှစ်လောက် ငြိမ်းချမ်းရေးရပြီးမှာ တရုတ်အကူအညီနဲ့ စစ်တပ်ထူထောင် နိုင်တော့ သူ့တပ်က အင်အားအကြီးဆုံးနဲ့ အနေအထားအကောင်းဆုံး လက်နက်ကိုင်တပ်ဖွဲ့ အနေအထား မှာ ရှိနေတာပေါ့၊ ဆိုတော့ သူကတော့ အနေအထားစောင့်ကြည့်ဦးမှာပဲ၊ တရုတ်ရဲ့အနေ အထားလည်း ရှိသေးတာကို အဲဒါလည်း သူကထောက်ထားရသေးတယ်၊ ကျွန်တော်တို့ ပြည်တွင်းမှာလုပ်နေတဲ့ ဖက်ဒရယ်တပ်မတော် စုစည်းရေးဆိုတဲ့ အရှိန်အဟုန်ကောင်းလာရင်တော့ သူကလာပူးပေါင်းမှာပါ၊ ဘာလို့လဲဆိုတော့ သူပေးရမယ့်တန်ဖိုးကလည်း မနည်းဘူးကိုးဗျ”

UWSA ဝတပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် ဧပြီလမှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခဲ့ပြီး သုံးဆယ့် သုံးနှစ်ထိ တိုက်ပွဲပြန်ဖြစ်တာမရှိတော့ပါဘူး။ ဒါကြောင့် သူတို့က NCA မှာ ပါဝင်စရာမလိုဘူးဆိုတဲ့ ခံယူချက်ကို ကိုင်စွဲထားပါတယ်။

ဝတပ်ဖွဲ့ဟာ NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA၊ ရခိုင့်တပ်တော် AA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ကိုးကန့်တပ်ဖွဲ့ MNDAA၊ မိုင်းလားအဖွဲ့ NDAA တို့ပါဝင်တဲ့ FPNCC အဖွဲ့ကို ဦးဆောင်ထားပါတယ်။

ရှမ်းပြည်နယ် ဝမ်ဟိုင်းဒေသအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်ကလည်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမှုအပေါ် တုံ့ပြန်တာမရှိပါဘူး။

စစ်ကောင်စီက ငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့ ကမ်းလှမ်းလာရင် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ RFA ရဲ့ မေးမြန်းမှု ကိုတော့ လက်ရှိကာလဟာ NCA ကိစ္စထက် တိုင်းပြည်မှာ ဘက်ပေါင်းစုံအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကို ဖြေရှင်းဖို့ဖြစ်တယ်လို့ SSPP ပြောခွင့်ရဒုတိယ ဗိုလ်မှူးကြီးစိုင်းစုက ပြောပါတယ်။

“လက်မှတ်ထိုး ဘာညာကပြောရမယ့် အချိန်တော့မဟုတ်သေးဘူး၊ ဒါကအချိန်ကာလတစ်ခုကို ပြောရမယ် ဆိုရင် ဘက်စုံမှာရပ်တန့်နေတယ်၊ တစ်စို့နေတယ်၊ ပြေလည်ရာပြေလည်ကြောင်းနဲ့ သွားရမယ့်ကိစ္စဖြစ် တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အခုဖြစ်နေတဲ့ပြဿနာကိုလည်း အေးအေးချမ်းချမ်းနဲ့ စည်းစည်းလုံးလုံးနဲ့ အေးအေးချမ်းချမ်း အဖြေရှာမှရမှာပါ၊ အကြမ်းဖက်နည်းကတော့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ် ပါဘူး၊ အချင်းချင်းတွေခါးသီးမှု၊ အမုန်းပွားမှုတွေပဲဖြစ်တယ်၊ မလိုလားအပ်တဲ့ပြဿနာတွေပဲ ပေးလာ နိုင်တယ်၊ ကျွန်တော်တို့တွေ့ရင်လည်း ဒီစကားတွေပဲပြောမှာပဲ၊ အဆိုးဘက်ကို ဖြေရှင်းပြီးတော့ ကိစ္စတွေ ပြီးသွားတယ်ဆိုတာ ကမ္ဘာမှာရှိပါဘူးဗျ”

ဧပြီလ ၈ ရက်နေ့မှာ SSPP နဲ့ဆွေးနွေးဖို့ ဝမ်ဟိုင်းဌာနချုပ်ကိုသွားတဲ့ စစ်ကောင်စီရဲ့ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာတဲ့ ရဟတ်ယာဉ်ကို SSPP တပ်သားတစ်ယောက်က ပစ်ခတ်တာဖြစ်ခဲ့ပါတယ်။ ဒါဟာ မှားယွင်း ပစ်ခတ်တာဖြစ်ပြီး ကျူးလွန်တဲ့တပ်သားကိုအရေးယူမယ်လို့ SSPP ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် လားရှိုးမြို့က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကိုသွားပြီး စစ်ကောင်စီရဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကိစ္စနဲ့ ပတ်သက်လို့ အခုဆောင်းပါးရေးနေတဲ့ ဧပြီလ ၂၇ ရက်ညနေပိုင်းမှာ SSPP ပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

SSPP တပ်ဖွဲ့ဟာ အစိုးရနဲ့ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်မှာသာ လက်မှတ်ရေးထိုး ထားပြီး NCA စာချုပ်မှာတော့ လက်မှတ်မထိုးသေးပါဘူး။ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါမှာ လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်ခွင့်ရဖို့ကို အမြဲပြောဆိုပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကတော့၊ ၂၀၁၉ စက်တင်ဘာလက ကျိုင်းတုံဆွေးနွေးမှုမှာ အဆင်မပြေခဲ့တာ တွေကို နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ ထပ်တွေ့ဆုံခဲ့ပြီးတည်းက မြောက်ပိုင်းအဖွဲ့တွေနဲ့ ဆွေးနွေးတာ လုံးဝရပ်တန့်သွားခဲ့တယ်လို့ ပြောပါတယ်။

“၂၀၁၉ တွေ့တုန်းက ကျိုင်းတုံမှာ တွေ့ဆုံဆွေးနွေးပွဲရှိတယ်၊ တပ်ကိုယ်စားလှယ်ပါတယ်ပေါ့နော့်၊ ကျွန်တော်တို့နဲ့ PC နဲ့ ညှိနှိုင်းနေတဲ့ဟာကို တပ်ကသဘောမတူဘူးပေါ့၊ ကျိုင်းတုံနောက်ဆုံးဆွေးနွေးပွဲက လမ်းစပျောက်သွားသလိုပေါ့နော့် ရပ်သလိုဖြစ်သွားတော့ ဘယ်လိုပြန်ဆွေးနွေးကြမလဲဆိုတာမျိုး အလွတ်သဘော ပြန်ဆွေးနွေးတာမျိုးပဲရှိတယ်”

၂၀၁၉ ကျိုင်းတုံဆွေးနွေးပွဲမှာ အပစ်ရပ်ရေး၊ တပ်နေရာချထားရေး၊ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုး ဖို့အတွက် ကြားနေသက်သေဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းတွေပါဝင်ရေး၊ ဒုက္ခသည် နေရပ်ပြန်နိုင်ရေး စတဲ့အချက်တွေကို ဆွေးနွေးခဲ့ပြီး ထိရောက်တဲ့အဖြေမရခဲ့ဘူးလို့ TNLA ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ပြောပါတယ်။

နိုင်ငံရေးနဲ့အမျိုးသားလုံခြုံရေး ဘာသာရပ်လေ့လာသူ ကိုကျော်စောဟန်က လက်ရှိအာဏာသိမ်းမှုကြောင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နေတာကို ထိခိုက်ခဲ့သလို CRPH နဲ့ စစ်ကောင်စီကြား တွေ့ဆုံဆွေးနွေး နိုင်တာ မရှိသေးသမျှ ကာလပတ်လုံး ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဖို့ ခက်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

“ပြည်မမှာဖြစ်နေတဲ့ အာဏာသိမ်းတဲ့ပြဿနာ နောက်ပြီး CRPHနဲ့ နစက တို့ကြားမှာ ပြေလည်တဲ့အဖြေ တစ်ခုမရဘဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တရားဝင်ပေါ်လာဖို့တော့ ခက်လိမ့်မယ်ခင်ဗျ၊ အလွတ်သဘော ပြောတာတွေ၊ ကြားလူကနေတဆင့် ပြောခိုင်းတာတွေကတော့ ရှိကောင်းရှိပါလိမ့်မယ်၊ CRPHနဲ့ နစကတို့ ကြားမှာ အာဆီယံက တောင်းဆိုတဲ့ တွေ့ဆုံမှုတွေ ဆွေးနွေးမှုတွေ ဖြစ်မလာသေးသမျှ ကာလပတ်လုံး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ တရားဝင်ပေါ်လာဖို့ခက်ပါလိမ့်မယ်၊ နောက်တစ်ပိုင်းကလည်း မြောက်ပိုင်း အဖွဲ့တွေနဲ့ ဦးစားပေးဆွေးနွေးတယ်ဆိုတာမှာလည်း တရုတ်ရဲ့ကြားဝင်ပေးမှုတွေ လိုအပ်မယ်၊ ဆိုတော့ ဒီကြားဝင်ပေးမှုကလည်း ပြည်မမှာဖြစ်နေတဲ့ အာဏာသိမ်းမှုပြဿနာ မပြေလည်သေးသ၍ တရုတ်က လည်း ဒါကိုကြားဝင်ပေးဖို့ အခက်အခဲရှိလိမ့်မယ်လို့ ထင်ပါတယ်၊ ပြဿနာတွေ ပြေလည်သွားမှ တရားဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို မျှော်လင့်လို့ရမယ်လို့ ထင်ပါတယ်ခင်ဗျ”

ဦးသိန်းစိန် အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ NCA လက်မှတ်ရေးထိုးနိုင်ခဲ့သလို NLD အစိုးရလက်ထပ်မှာ နောက်ထပ် နှစ်ဖွဲ့ပါဝင်လာတဲ့အတွက် အပစ်ရပ်စာချုပ်လက်မှတ်ထိုးတဲ့ လက်နက်ကိုင် အဖွဲ့ ဆယ်ဖွဲ့ရှိနေတာပါ။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အပစ်ရပ်ထားတဲ့အဖွဲ့တွေထဲက အင်အားကြီး လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းရုံး KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။

NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်ဆယ်ဖွဲ့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ရပ်တန့်ထားမယ်လို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်ထားသလို တစ်လတစ်ကြိမ် အပစ်ရပ်စာချုပ်သက်တမ်းတိုး ထုတ်ပြန်လေ့ရှိတဲ့ မြောက်ပိုင်းသုံးဖွဲ့ ဖြစ်တဲ့ AA/TNLA/MNDAA တပ်ဖွဲ့တွေအနေနဲ့လည်း အပစ်ရပ်ကြောင်း ထပ်မံထုတ်ပြန်လာတာ မရှိတော့ ပါဘူး၊။

နိုင်ငံရေးလေ့လာသူတွေကတော့ စစ်ကောင်စီအနေနဲ့ မူလနိုင်ငံရေးအခင်းအကျင်းတိုင်း ပြန်လည် တည်ဆောက်နိုင်မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိရောက်အောင်ဆောင်ရွက်နိုင်မယ်လို့ သုံးသပ် ကြပါတယ်။

RFA Burmese



စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လေ့လာသူတွေအမြင် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လေ့လာသူတွေအမြင် Reviewed by THITHTOOLWIN on 21:01 Rating: 5

No comments:

Powered by Blogger.