ဖမ်းဆီးခံမြန်မာလွှတ်တော်အမတ်တွေ လွှတ်ဖို့ နိုင်ငံတကာလွှတ်တော်အမတ် ၃၀၀ နီးပါးလက်မှတ်ထိုးတောင်းဆို

၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပွဲ တက်ရောက်လာကြတဲ့ လွှတ်တော်အမတ်တချို့။ (မတ် ၁၀၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ လွှတ်တော်အမတ်တွေနဲ့ တခြားလူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ကမ္ဘာတဝန်းက လက်ရှိလွှတ်တော်အမတ် ၃၀၀ နီးပါး လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြပါတယ်။

အမေရိကန်၊ ကနေဒါ၊ အာဖရိက၊ ဥရောပ၊ အာရှ၊ သြစတြေးလျနဲ့ နယူးဇီလန်တို့အပါအဝင် ကမ္ဘာ့တိုက်ကြီး ငါးတိုက်စလုံးမှာရှိတဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံက လက်ရှိလွှတ်တော်အမတ်တွေ စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ အဲဒီလိုတောင်းဆိုထားတာပါ။

"မြန်မာစစ်တပ်ရဲ့ စက်ဆုပ်ဖွယ် လူမဆန်တဲ့လုပ်ရပ်ကြောင့် ထိတ်လန့်တုန်လှုပ်ရရုံသာမက လူထုက သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ထားရုံသက်သက်ကြောင့် ဖမ်းဆီးခံထားရတဲ့ ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ သာယာဝပြောရေးအတွက် အလေးအနက် စိုးရိမ်ပါတယ်။" လို့ ကနေဒါလွှတ်တော်အမတ် Bruce Stanton ကပြောပါတယ်။

"လွှတ်တော်အမတ်တွေဟာ ဒီမိုကရေစီရဲ့ ကျောရိုးဖြစ်ပါတယ်။ အာဏာသိမ်းစဉ်ကတည်းက ဖမ်းထားတဲ့ သူတို့နဲ့အတူ တခြားလူအားလုံးကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကမ္ဘာလုံးဆိုင်ရာ လွှတ်တော်အမတ်တွေရဲ့ကွန်ယက်တခုအနေနဲ့ ကျမတို့ တောင်းဆိုပါတယ်။ ကျယ်လောင်စွာ အော်ဟစ်တောင်းဆိုနေတဲ့ မြန်မာလူထုရဲ့အသံကို နားထောင်တဲ့အနေနဲ့ ဒီမိုကရေစီကို ပြန်လည်တည်ဆောက်ရပါမယ်။" လို့ ဂျာမန်လွှတ်တော်အမတ် Renate Künast ကလည်းပြောပါတယ်။

သူတို့ရဲ့သက်ဆိုင်ရာအစိုးရတွေအပါအဝင် နိုင်ငံတာအသိုင်းအဝိုင်းအနေနဲ့ ရက်စက်တဲ့ မြန်မာစစ်အစိုးရကို အသိအမှတ်မပြုဖို့လည်း လွှတ်တော်အမတ်တွေက တောင်းဆိုပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲနေတာ ချက်ခြင်းရပ်တန့်ပြီး မြန်မာလူထုရဲ့ ဒီမိုကရေစီနည်းကျ လိုလားချက်နဲ့ တရားဥပဒေစိုးမိုးရေးအတိုင်း မြန်မာစစ်အစိုးရက လိုက်နာလုပ်ဆောင်စေရေး ပြီးပြည့်စုံတဲ့ တုံ့ပြန်လုပ်ဆောင်ချက်တခုကို အမြန်ဆုံး ချမှတ်ကြဖို့လည်း နိုင်ငံတကာက လွှတ်တော်အမတ်တွေ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက်လာစေဖို့အတွက် ဒီနှစ် မတ်လမှာ ထူထောင်ခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာလွှတ်တော်အမတ်များညွန့်ပေါင်းအဖွဲ့ (IPAM) က ကမကထပြုပြီးတော့ အခုတောင်းဆိုချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/international-parliament-sign-for-myanmar-parliament/5868371.html

ဖမ်းဆီးခံမြန်မာလွှတ်တော်အမတ်တွေ လွှတ်ဖို့ နိုင်ငံတကာလွှတ်တော်အမတ် ၃၀၀ နီးပါးလက်မှတ်ထိုးတောင်းဆို ဖမ်းဆီးခံမြန်မာလွှတ်တော်အမတ်တွေ လွှတ်ဖို့ နိုင်ငံတကာလွှတ်တော်အမတ် ၃၀၀ နီးပါးလက်မှတ်ထိုးတောင်းဆို Reviewed by THITHTOOLWIN on 21:03 Rating: 5

No comments:

Powered by Blogger.