ကလေးမြို့ တာဟန်း ပင်မခံတပ်အနီး နေထိုင်သူတွေ ပြောင်းရွှေ့တိမ်းရှောင်နေ



စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြတဲ့ လူငယ်တွေဟာ စစ်တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွင်းမှုတွေကို ခုခံကာကွယ်ဖို့ တာဟန်းပင်မခံတပ်စခန်းကို တည်ဆောက်ထားပါတယ်။ အဲဒီတာဟန်းရပ်ကွက်အတွင်းရှိ နေထိုင်သူတွေကတော့ နေအိမ်တွေကနေ ပြောင်းရွှေ့တိမ်းရှောင်နေကြပါတယ်။

စစ်ကိုင်းတိုင်းကလေးမြို့က တာဟန်းရပ်ကွက်ဟာ ချင်းလူမျိုးတွေအများဆုံးနေထိုင်တဲ့ရပ်ကွက်တခုဖြစ်ပြီး ဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွဲနေတဲ့ စစ်ကောင်စီလက်နက်ကိုင်တွေကို ဒေသခံဆန္ဒပြသူတွေဘက်က ရှိတဲ့လက်နက်တွေနဲ့ တန်ပြန်ခုခံနေတဲ့နေရာတခုလည်း ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း တာဟန်းခံတပ်အနီးမှာ နေထိုင်ကြသူတချို့က ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြတယ်လို့ တာဟန်းရပ်ကွက်မှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အခုကျွန်တော်တို့ဆိုရင်လည်း ကျွန်တော်တို့ အိမ်ရှေ့တည့်တည့်လေ။ ပင်မခံတပ်ဆောက်ထားတာက ကျွန်တော်တို့ အိမ်ရှေ့တည့်တည့်။ ကျွန်တော်တို့ တရပ်ကွက်လုံး အဲ့မှာမနေဘူး။တချို့ဆို တောင်ပေါ်ပြန်တဲ့သူရှိသလို တချို့တွေဆို အနီးအနားက ကိုယ့်ဆွေမျိုးအသိုင်းအဝိုင်းဆီမှာ သွားနေတဲ့သူလည်း ရှိတယ်”

တာဟန်းရပ်ကွက်နဲ့တခြားရပ်ကွက်တွေက နေထိုင်သူတွေဟာ ကလေးမြို့နဲ့ အလှမ်းဝေးတဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်က ချင်းတောင်ပေါ်ကျေးရွာတွေနဲ့ တမူးမြို့နယ်ဘက်တွေက ဆွေမျိုးအသိုင်းအဝိုင်းတွေ ရှိရာကို ပြောင်းရွေ့နေကြတာလို့ ကလေးမြို့မှာနေထိုင်တဲ့ ချင်းအမျိုးသားတစ်ယောက်ကပြောပါတယ်။

“အထူးသဖြင့်တော့ မလုံခြုံဘူးပေါ့နော်။ မလုံခြုံဘူးလို့ခံစားတယ်။ မလုံခြုံ ဆိုတာနေ့လယ်ပိုင်းတော့ ဆူဆူပူပူ အလင်းရောင်ရတော့ဘာမှ မဖြစ်ဘူး။ ညနေပိုင်းကျတော့ ဒီစစ်တပ်ကရဲတွေက ဝင်ပြီးတော့ ဆွဲလာမှာ၊ လူမှားပြီးတော့ ဆွဲလာမှာကို ကြောက်တယ်။ အခုတော့ လူမှားတာမှန်တာ မဟုတ်တော့ဘဲနဲ့ ကြုံသလိုဆွဲတဲ့ တဲ့ အနေအထား ဖြစ်တဲ့အခါကျတော့ အဲလိုပါသွားမှာစိုးလို့ သွားကြတယ်။ အထူးသဖြင့်လုံခြုံမူ မရှိဘူးလို့ခံစားကြတာပေါ့နော် ။များသောအားဖြင့်တောင်ပေါ်ဒေသတို့ရဲ့ ဆွေမျိုးအသိုင်းအဝိုင်း ရှိတဲ့နေရာတောင်ပေါ်ဒေသ ပြန်တဲ့လူရှိတယ်။ ပြီးတော့ တမူး၊ ခမ်ပတ်၊ဆော်ဘွားရေလျံ မြို့နဲ့ နည်းနည်းအလှမ်းဝေးတဲ့ နေရာတွေကို သူတို့ ပြန်သွားကြတာ ရှိတယ်။များသောအားဖြင့်တော့ တာဟန်းရပ်ကွက်ဘက်က ပိုများတယ်။ ပြောင်းလို့ရွေ့လို့လွယ်တဲ့ မိသားစုတွေ ပြောင်းတာများတယ်”

တာဟန်းရပ်ကွက်က တာဟန်းပင်မသပိတ်စခန်းကို မတ်လ ၂၇ရက်နေ့ နေ့လည်ပိုင်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး လောလောဆယ်တော့ ရပ်ကွက်အတွင်း ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ ဒီခံတပ်ကို တည်ဆောက်ထားတာလို့ တာဟန်းပင်မခံတပ်မှာ ပါဝင်သူတစ်ဦးက RFAကို ပြောပါတယ်။

“အရင်ကတည်းက သူတို့ကမြို့တွင်းမှာရော သူတို့မဲတဲ့ နေရာမှန်သမျှ ရပ်ကွက်အတွင်းတွေ၊ ရွာပိုင်းတွေရော မည်းမည်းမြင်ရာ ပစ်တယ်။သူတို့ အကြမ်းဖက်တာတွေ ရှိတဲ့အခါမှာ ကျွန်တော်တို့ကနေပြီးတော့ မြို့တွင်းမှာတော့ ခံစစ်စည်းတစ်ခုတော့ ထားသင့်ပြီပေါ့။ အဲ့လိုမျိုး စဉ်းစားလိုက်ကြတယ်။ကျွန်တော်တို့ အားလုံးတိုင်ပင်ပြီးတော့မှ။ ဒီအတွင်းထဲမှာပဲ ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြမယ်။သူတို့ ဖြိုခွင်းလာမယ်။အကြမ်းဖက်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး မိမိမှာရှိတဲ့ လက်နက်နဲ့ ခုခံကာကွယ်ဖို့အတွက်ပေါ့နော်။အဲဒီကနေပြီးတော့ခံစစ်စည်းလို့ ဖြစ်လာတာပါ”

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေ နေ့စဉ်ရှိနေပြီး စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေကလည်း ဖြိုခွင်းမှုတွေလုပ်နေပါတယ်။ ကလေးမြို့မှာ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ဆန္ဒပြသူ ၁၇ယောက်ရှိနေပါပြီ။

RFA Burmese



ကလေးမြို့ တာဟန်း ပင်မခံတပ်အနီး နေထိုင်သူတွေ ပြောင်းရွှေ့တိမ်းရှောင်နေ ကလေးမြို့ တာဟန်း ပင်မခံတပ်အနီး နေထိုင်သူတွေ ပြောင်းရွှေ့တိမ်းရှောင်နေ Reviewed by THITHTOOLWIN on 10:00 Rating: 5

No comments:

Powered by Blogger.