လူထုနဲ့အတူ ဆက်လက်ရပ်တည်မယ်လို့ အနုပညာရှင်တွေ ပြောကြား


အာဏာသိမ်းစစ်ကောင်စီက အနုပညာရှင်တွေကို ဖမ်းဝရမ်းစာရင်းထုတ်တာတွေ ဖမ်းဆီးတာတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားခံရတဲ့ အနုပညာရှင် ၁ဝဝ ကျော်ရှိနေပြီဖြစ်ပြီး ဖမ်းဆီးခံရသူက ၁ဝ ဦးခန့်ရှိပြီဖြစ်ပါတယ်။ လက်ရှိဖမ်းဆီးခံနေရသူတွေထဲမှာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဒါရိုက်တာလူမင်း၊ စာရေးဆရာ မောင်သာချို၊ လူရွှင်တော်ဇာဂနာ၊ သရုပ်ဆောင် ရဲတိုက်၊ အဆိုတော် စောဖိုးခွားနဲ့ ဖေ့စ်ဘွတ်မှာ နာမည်ကြီးတဲ့ ဘလော့ဂါ ဝင်းမင်းသန်း စသူတွေပါဝင်ပါတယ်။ အနုပညာရှင်အများအပြားက ဖမ်းဆီးခြင်း မခံရအောင် အခု ရှောင်တိမ်းနေကြတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံရတဲ့အနုပညာရှင်တွေရဲ့ ပါဝင်ဖန်တီးမှုတွေကို မီဒီယာတွေကနေ ထုတ်လွှင့်ပြသခြင်း မပြုဖို့ စစ်ကောင်စီက ဧပြီလ ၄ ရက်နေ့မှာ သတိပေးစာထုတ်ခဲ့ပါတယ်။ တေးရေးဆရာ မင်းချစ်သူကတော့ မိမိတို့ရေးတဲ့ တေးသီချင်းတွေကို မထုတ်လွှင့်ဖို့ သက်ဆိုင်ရာတွေကို မိမိတို့က ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကတည်းက အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

“သူတို့ ဝရမ်းထုတ်ထားတဲ့ အနုပညာရှင်တွေပါတဲ့ သီချင်းတွေကို မလွှင့်ဖို့ MRTV ကနေ FM တွေကို အကြောင်းကြားတယ်။ အမှန်က ကျနော်တို့ အနုပညာရှင်တွေ တော်တာ်များများက FM တွေကို ကျနော်တို့ သီချင်းတွေကို ဒီချိန်မှာ မလွှင့်ဖို ကျနော်တို့က အရင်တားဆီးထားပြီးသားဗျ။ ဘာကြောင့်လဲဆိုတော့ ဒီလို ပရိသတ်တွေ ပြည်သူတွေအားလုံး စိတ်ဆင်းရဲနေတဲ့အချိန်မှာ ကျနော်တို့သီချင်းတွေနဲ့ လွှင့်ပြီးတော့ ပုံမှန်အတိုင်းဖြစ်နေတယ်ဆိုပြီး အသုံးချမှာကို ကျနော်တို့အနေနဲ့ လက်မခံချင်ဘူး။ ဒီ ကျဆုံးသွားတဲ့ ကလေးတွေ၊ အသက်ပေးနေရတဲ့သူတွေ၊ အသက်ဘေးနဲ့ ရင်ဆိုင်နေရသူတွေ၊ ဖမ်းဆီးခံရသူတွေ၊ ဝရမ်းထုတ်ခံရသူတွေ နဲ့ ကျနော်တို့ အတူတူရှိနေကြောင်း၊ သူတို့ကို စာနာကြောင်း ပြတဲ့အနေနဲ့ ကျနော်တို့သီချင်းတွေကို ဒီ FM တွေမှာ မပါစေချင်ဘူးလို့ စာလဲထုတ်ခဲ့တယ်၊ အဲဒီစာကို ဂီတအစည်းအရုံးကို ပေးခဲ့တယ်။ အခုမှ သူတို့က MRTV ကနေပြီးတော့ ကိုဇေယျာမင်းရဲ့လက်မှတ်နဲ့ တားတာကိုတွေ့တယ်။ သူတို့တားတာလဲ ကောင်းပါတယ် ကျနော်တို့ကလဲ လွှင့်ချင်တာမဟုတ်ဘူး။ ဒီနေ့တောင် ကျနော့်ရဲ့ သင်္ကြန်သီချင်းတပုဒ်ကို ထုတ်လွှင့်ဖို့ ကျနော့်ကို မနက်ကတုန်းက Channel ကြီး တခုက ဆက်တယ်။ ကျနော် ငြင်းလိုက်တယ်။ အခုအချိန်မှာ ဘယ်သင်္ကြန်သီချင်းမှ လွှင့်ချင်တဲ့ ဆန္ဒမရှိပါဘူးလို့ ပို့စ်လေးလဲ တင်လိုက်ပါတယ်။”

၁၉၈၈ အရေးတော်ပုံအပြီးမှာလည်း အာဏာသိမ်းစစ်တပ်ဟာ အနုပညာရှင်တွေကို အခုလို ဖိနှိပ်ခဲ့ဖူးပါတယ်။

အဲဒီတုန်းက အခြေအနေနဲ့ အခုအခြေအနေက အများကြီးကွာခြားသွားခဲ့ပြီလို့ ကိုမင်းချစ်သူက ထောက်ပြပါတယ်။

“၈၈ တုန်းက မြဝတီ နဲ့ MRTV ဘဲရှိတယ်၊ အဲဒီတုန်းက အဲဒီက လွှင့်မှသာလျင် ကိုယ့်သီချင်းတွေက ပေါက်မယ် နာမည်ကြီးမယ်လို့ သဘောတရားမျိုး ရှိတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အွန်လိုင်း အော့ဖ်လိုင်း ပလက်ဖောင်းတွေက အများကြီးရှိတဲ့အတွက် ဒီလိုမျိုး ပိတ်ဆို့တယ် တားဆီးတယ်ဆိုတဲ့နေရာမှာ ဒီ အနုပညာသည်တွေကို တခါထဲ အညွန့်ကျိုးသွားအောင်တော့ ချိုးနိုင်လိမ့်မယ် မထင်ဘူး။ အဓိကက အနုပညာသည်တွေရဲ့ ရှင်သန်မှုက ပရိသတ်တွေရဲ့ အားပေးမှုဘဲလေ။ ဒီ ပရိတ်သတ်တွေရဲ့ အားပေးမှု ရှိနေသမျှ အနုပညာသမားတွေကို ဘယ်လိုဘဲ ဖိနှိပ်မှုရှိပါစေ ခေတ်တော့တုန်းမသွားဘူး တချိန်တော့ ပြန်လည် ခေါင်းထောင်လာမယ်လို့ ကျနော်တော့ ယုံကြည်တယ်။”

အခုဖမ်းဝရမ်းထုတ်ခံရသူတွေနဲ့ ဖမ်းဆီးခံရသူတွေထဲမှာ လက်ရှိ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ခြင်း မရှိသူတွေလည်း အများအပြား ပါဝင်နေတယ်လို့ သိရပါတယ်။

နာမည်ကျော်ကာတွန်းဆရာ မောင်မောင်ဖောင်တိန်ကို အနုပညာသမားတွေအနေနဲ့ အခုလို အရေးယူမှုတွေကို အလျှော့ပေးကြမယ် ထင်ပါသလား။ သူ့အနေနဲ့ရော အဲဒီလို ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ကို မကြောက်ဖူးလား လို့ RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“အနုပညာရှင်တွေရဲ့ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း အနာတရဖြစ်နေပြီးတဲ့နောက်ပိုင်းမှာတော့ လွယ်လွယ်ကူကူနဲ့တော့ ဒီကိစ္စကြီးကို မေ့ပျောက်သွားကြမယ် အလျှော့ပေးသွားကြမယ်လို့ ကျနော်မထင်ပါဘူး။ အခု ဖမ်းဆီးနေတဲ့ နှိပ်ကွပ်နေတာကို ပြောတာပါ။ ကျနော်အမှန်အတိုင်းပြောရရင် ကြောက်တာတော့ ကြောက်တာတခု၊ ကျနော် ကာတွန်းဆရာဖြစ်တာက အလုပ်သွားလျှောက်သလို လျှောက်ပြီးတော့ အလုပ်ခန့်စာရသလို ရလာတဲ့အလုပ် မဟုတ်ဘူးလေ။ ကျနော်ကာတွန်းလေးတွေ ရေးတာကို ပြည်သူက လက်ခံရင်းနဲ့ ပြည်သူကြားမှာ ကာတွန်းဆရာလို့ ဖြစ်လာတာလေ။ သူတို့ပေးထားတဲ့ တာဝန်ရှိတဲ့ဥစ္စာက တပိုင်း၊ ကျနော်ကြောက်ခြင်း မကြောက်ခြင်းက တပိုင်းပဲ။ ကျနော်လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲလေ။”

အမည်မဖော်လိုတဲ့ ကဗျာဆရာတဦးကလည်း စစ်ကောင်စီဟာ အနုပညာရှင်တွေအပေါ် လူထုရဲ့လေးစားယုံကြည်မှုကို ကြောက်ရွံ့နေတာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“စစ်တပ်က သူတို့ကိုပဲ လူတွေက ချစ်စေချင်တယ်၊ ကြောက်စေချင်တယ်၊ လေးစားယုံကြည်စေချင်တယ်။ ဒါကြောင့်အနုပညာသမားတွေကို ဖမ်းမယ်၊ နှိပ်စက်မယ်၊ သတ်ဖြတ်မယ်။ ဒါတွေ သူတို့လုပ်နေကြပဲ။ ဒါပေမယ့် အနုပညာသမားအများစုကတော့ အဓမ္မကို တွန်းလှန်ဖို့ အဆင်သင့်ရှိနေမယ်”

မိမိတို့ကို ဖမ်းဆီးဖိနှိပ်ဖို့ စစ်ကောင်စီက ကြိုးစားမှာဖြစ်ပေမယ့် ပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်မယ်လို့ အနုပညာသမား အများအပြားက RFA ကို ပြောပါတယ်။

RFA Burmese



လူထုနဲ့အတူ ဆက်လက်ရပ်တည်မယ်လို့ အနုပညာရှင်တွေ ပြောကြား လူထုနဲ့အတူ ဆက်လက်ရပ်တည်မယ်လို့ အနုပညာရှင်တွေ ပြောကြား Reviewed by THITHTOOLWIN on 09:58 Rating: 5

No comments:

Powered by Blogger.