ဖားကန့်အခြေစိုက် အလွတ်တန်း သတင်းထောက် ကိုနောင်ရိုး ဖမ်းဆီးခံရ

ဖားကန့်အခြေစိုက် အလွတ်တန်း သတင်းထောက် ကိုနောင်ရိုး ဖမ်းဆီးခံရ ဖမ်းဆီးခံရတဲ့ သတင်းထောက် ကိုနောင်ရိုးကို တွေ့ရစဉ် / Photo: CJ

ကချင်ပြည်နယ် ဖားကန့်မြို့အခြေစိုက် အလွတ်သတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုနောင်ရိုးကို ဒီနေ့မနက် ၉ နာရီ အချိန်လောက်က မြို့အဝင် ပန်းတင်တံတားမှာ မြန်မာစစ်သားတွေရဲ့ဖမ်းဆီးမှုကို ခံလိုက်ရတယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မြို့ခံသတင်းထောက်တစ်ဦးက ပြောပါတယ်။

သူဟာ လုံးခင်းဘက်ကနေ ဖားကန့်မြို့ပေါ်ကိုသတင်းယူဖို့လာချိန် မြို့အဝင်အရောက်မှာ ဖမ်းဆီးခံလိုက်ရ တာလို့ အဲဒီသတင်းထောက်ကပြောပါတယ်။

“ဘာကြောင့် ဖမ်းဆီးတယ်၊ ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာတော့ မသိရသေးဘူး။ သူက လုံးခင်းဘက်ကနေ ဖားကန့်မြို့ပေါ်ကို သတင်းယူဖို့လာချိန် မြို့အဝင်ကနေ စောင့်အဖမ်းခံလိုက်ရတာ။ ရဲတစ်ယောက်မှမပါဘူး။ စစ်သားတွေချည်းပဲ သူ့ကိုတားပြီးဖမ်းတာလို့ မျက်မြင်တွေပြောတယ်”

သတင်းထောက် ကိုနောင်ရိုးဟာ ယခင်က မြစ်ကြီးနားအခြေစိုက် The Voice Of Malikha News Agency သတင်းဌာနမှာ ဖားကန့်အခြေစိုက် သတင်းထောက်အဖြစ် အလုပ်ဝင်ခဲ့ဖူးပြီး အခုအဖမ်းဆီးမခံရချိန်အထိ တော့ နယ်မြေအခြေစိုက် အလွတ်တန်းသတင်းထောက်အဖြစ်နဲ့ VOM, Kachin Wave, Kachin News Group , 74 Media သတင်းဌာနတွေမှာ သတင်းတွေ ရေးသားနေသူဖြစ်ပါတယ်။

လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံရဲအရာရှိတစ်ဦးက သတင်းထောက် ကိုနောင်ရိုးကို ရှေ့တန်းခြေမြန် တပ်မ (၃၃) က စစ်သားတွေ ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုလက်ရှိ မြို့မရဲစခန်းမှာ အမှုဖွင့်နိုင်ဖို့ သူ့ရဲ့ဖုန်းကို စစ်ဆေးနေတယ်လို့ RFA ကို ပြောပါတယ်။

ဖားကန့်မြို့က အမည်မဖော်လိုတဲ့ မြို့မိမြို့ဖတစ်ဦးက သူတို့ဒေသက သတင်းသမားကိုဖမ်းဆီးလိုက်တာဟာ စစ်တပ်က သတင်းအမှောင်ချချင်တဲ့သဘောလို့ ယူဆကြောင်းပြောပါတယ်။

“ဖားကန့်လိုနေရာမျိုးမှာ သတင်းထောက်က များများစားစား မရှိဘူး ။ အဲဒီအထဲကမှ သတင်းထောက် နောင်ရိုးကို ဒီနေ့ စစ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားတော့ တပ်က ပြည်သူလူထုကို သတင်းအမှောင်ချ ချင်လို့ ဒီလိုလုပ်တာနေမယ်။ ဖားကန့်မှာက အခု အင်တာနက်လိုင်းလည်း ဖြတ်တောက်ခံထားရတာ တစ်ပတ်လောက်ရှိတဲ့အပြင် သတင်းထောက်ပါ ဖမ်းတယ်ဆိုတော့ သတင်းအမှောင်ချလိုက်တော့တာပဲ”

ဒီနေ့သတင်းထောက် ကိုနောင်ရိုးဖမ်းဆီးခံရတဲ့ဖြစ်စဉ်ကြောင့် ဒေသတွင်းက သတင်းမီဒီယာသမားတွေ ကြားမှာလည်း စိုးရိမ်ကြောင့်ကြမှုတွေရှိနေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/hpakan-freelance-reporter-naungyoe-arrest-04092021054156.html

ဖားကန့်အခြေစိုက် အလွတ်တန်း သတင်းထောက် ကိုနောင်ရိုး ဖမ်းဆီးခံရ  ဖားကန့်အခြေစိုက် အလွတ်တန်း သတင်းထောက် ကိုနောင်ရိုး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 21:02 Rating: 5

No comments:

Powered by Blogger.