"စစ်တပ်က လိုက်ပို့တဲ့နေရာတိုင်းမှာ ဘာပြောရမယ်ဆိုတာ စစ်တပ်က ဇာတ်တိုက်ထားပြီးသား ..."





CNN သတင်းထောက်၏ သီးသန့်တိုက်ရိုက် သတင်းပေးပို့ချက်- အပိုင်း ၃

“ခဲနဲ့ပေါက်၊ လေးဂွနဲ့ပစ်တဲ့အတွက် ချေမှုန်းရေးရိုင်ဖယ်နဲ့ ပြန်ပစ်ရတာပါလို့ ရှင်က တကယ်ပြောချင်တာလား၊ ကိုယ့် ပြည်သူကို စစ်တပ်က လက်နက်နဲ့ တိုက်ခိုက်တယ်လား၊ စစ်မြေပြင်မှာမှ ဒါမျိုးလုပ်တာမဟုတ်လား”လို့ မေးတော့ ... ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဓိကကတော့ သူတို့က လေးဂွနဲ့ပစ်ရုံတင်မကဘူး။ မိုလိုတော့ ..."

စစ်တပ်က အာဏာသိမ်းပြီး နှစ်လအတွင်း ဒါဇင်နဲ့ချီတဲ့ ခလေးတွေ အပါအဝင် မြန်မာပြည်သူ အနဲဆုံး ၆၁၄ ဦး သတ် ဖြတ်ခံလိုက်ရပြီလို့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတဲ့ အဖွဲ့တခုက ထုတ်ပြန်ထားပါတယ်။ သုံးထောင်ကျော် အဖမ်းခံထားရပါတယ်။ ဒီအခြေအနေကို ထိန်းထိန်းသိမ်းသိမ်း မဆောင်ရွက်ရင်တော့ သွေးချောင်းစီးမှု ဖြစ်လာနိုင်ပြီး ပြည်တွင်းစစ် ဖြစ်လာနိုင်တယ်လို့တောင် ကုလသမဂ္ဂ အရာရှိတဦးက သတိပေးထားပါတယ်။ စစ်တပ်ရဲ့ လူမဆန် စွာ သုတ်သင်မှုကို ရင်ဆိုင်ပြီး ရဲဝံ့စွန့်စားတဲ့ လှုပ်ရှားမှုတွေကို မျက်မြင်ဒိဌ တွေ့ရပါတယ်။

CNN သတင်းထောက်  Clarissa Ward ရဲ့ တိုက်ရိုက်သီးသန့် သတင်းပေးပို့ချက် (CNN Exclusive)

နေ့ဘက်ဆိုရင် ဆန္ဒပြသူတွေကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွဲနှိမ်နင်းနေတယ်။ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသူတွေကို သတ်နေတယ်။ ညကျတော့ စစ်တပ်က စီးနင်းဖမ်းဆီးတော့တာပဲ။ တက် ကြွလှုပ်ရှားသူတွေကို စစ်တပ်က ပိတ်ဆို့စီးနင်းပြီး အလောင်းတွေကိုကျတော့ အဓမ္မဆွဲသွားကြတယ်။ စစ်တပ်က ပစ်သတ်တဲ့ သက်သေအထောက်အထားကို ဖျောက်ဖျက်နေတာပါ။ 

ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က ဖြုတ်ချ အာဏာသိမ်းပြီး နှစ်လကြာလာတဲ့ထိ ရက်စက်လာတဲ့ လုပ်ရပ်တွေအတွက် အာဏာသိမ်းစစ်တပ်ဟာ မတောင်းပန်ဘူး။ နိုင်ငံတကာက အမျက်ထွက်တာကိုလဲ အသံတိတ်နေတုန်းပဲ။

ဒီမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ ကမ္ဘာကိုတင်ပြဖို့ ရဲရင့်တဲ့ ဒေသခံသတင်းထောက်တွေ၊ ဆန္ဒပြသူတွေက အန္တရာယ်အားလုံးနဲ့ရင်းပြီး ကြိုးပမ်းနေကြပါတယ်။ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ကို စစ်တပ်က ဖြတ်တောက်ထားတာ ပါ။  ဒါပေမဲ့ ခုတော့ စစ်တပ်က ပထမဆုံးအဖြစ် စီအန်အန်ကို မြန်မာနိုင်ငံထဲ သတင်းယူခွင့်ပြုလိုက်ပါပြီ။ 

ကျမတို့ စရောက်ကတည်းက ကျမတို့ အသွားအလာအားလုံးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ လုံခြုံ ရေး ဘယ်လောက်တင်းကျပ်တယ်ဆိုတာ ခံစားမိရဲ့လား။ တစ်၊ နှစ်၊ သုံး။ နောက်သုံးစီးက ဟိုမှာ။ စစ်သားအပြည့်နဲ့ ထရပ်ကားခြောက်စီးက ကျမတို့သွားလေရာ ပါနေတယ်။ 

ဆန္ဒပြသူတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရသူတွေပါဆိုတဲ့လူတွေက ရန်ကုန်တိုင်းထဲက မြို့နယ်ရုံးတွေမှာ ကျမတို့နဲ့တွေ့ဖို့ တာဝန်ကျေ စောင့်နေကြတယ်။ ဥပဒေချိုးဖောက်သူတွေက သူတို့ကို ရိုက်နှက် ခြိမ်းခြောက် အရှက်ခွဲတယ်လို့ ဆိုကြ ပါတယ်။  ဥပဒေချိုးဖောက်သူတွေ ဆိုတာကတော့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို စစ်တပ်ခေါ်တဲ့ အသုံးအနှုန်းပါ။ 

ဆန္ဒပြသူတွေဟာ ဆူဆူညံညံလုပ်တယ်၊ လူငါးဦးထက်ပိုမစုရ ဥပဒေကို ချိုးဖောက်တယ်လို့ မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီလိုဥပဒေချိုးဖောက်မှုကို အသတ်ခံလိုက်ရတဲ့ လူပေါင်းငါးရာကျော်နဲ့ နှိုင်းချိန်တယ်ဆိုတော့ တကယ်အလေးအနက် ပြောနေတာလား၊ အသတ်ခံရသူတွေထဲမှာ ကလေးတွေလဲ ပါတယ်။ ဒါကို သာတူညီမျှပဲလို့ ပြောပေးနေတာလား”လို့ မေးတဲ့အခါ ... အစောင့်တွေအကြား ပွက်လောရိုက်ကုန်ပြီး မေးတာကိုလဲ မဖြေနိုင်တော့ဘူး။

မနေ့ညက မီးရှို့ခံလိုက်ရတယ်ဆိုတဲ့ ဈေးရုံနှစ်ခုထဲက တခုကို ခေါ်ပြသေးတယ်။ ဗမာပြည်က ဒီ့ပြင်စီးပွားရေးလုပ်ငန်း အများလိုပဲ ဒါတွေဟာလဲ စစ်တပ်က တစိတ်တပိုင်း ပိုင်ဆိုင်တာတွေပါ။ ဒါဟာ ဆန္ဒပြသူတွေရဲ့လက်ချက်ပါဆိုပြီး ကျမတို့နဲ့ပါလာတဲ့ အစောင့်တွေက အပြစ်ဖို့ပါတယ်။ ဒီလိုဆင်တူဇာတ်လမ်းမျိုးကိုပဲ မီးလောင်ပြင်စက်ရုံတွေမှာလဲ ပြောပြန်တယ်။ 

ဟောဒီမှာ စစ်တပ်ကပြချင်တဲ့ တတိယမြောက်စက်ရုံ။ ဒါဟာ ဆန္ဒပြသူတွေက အကြမ်းဖက်ပြီး စီးပွား ရေးလုပ်ငန်းတွေကို မီးရှို့ဖျက်ဆီးတယ်ဆိုတာ ရှင်းတဲ့သက်သေပါပဲတဲ့။

ဒါပေမဲ့ ဆန္ဒပြသူတွေကတော့ သူတို့နဲ့ လုံးဝမပတ်သက်ပါဘူးလို့ ပြောပါတယ်။ စက်ရုံပိုင်ရှင်တွေကို မေးကြည့်ပြန် တော့လဲ ဘယ်သူ့လက်ချက်ဆိုတာ မသိပါဘူးတဲ့။ 

ဟောဒီနေရောင်အောက်က တရုတ်ပိုင် အထည်ချုပ်စက်ရုံဟာ လုံးဝပျက်စီးသွားပြီ။ လိုက်ပြတဲ့ အမျိုးသမီးက သူ့မျက်နှာကို မပြဖို့ ပြောတယ်။ “ရှေ့ဘာဆက်လုပ်မယ်လို့ စိတ်ကူးထားလဲ”လို့ မေးတော့ ... ”အစိုးရဆီက အကူအညီ နဲနဲရမလားလို့ မျှော်လင့်နေတာပါပဲ”လို့ ဆိုတယ်။ ”မြန်မာပြည်မှာ လက်ရှိအစိုးရက ဘယ်သူလဲ”လို့ မေးတဲ့အခါ ... ရယ်ချလိုက် ပါတော့တယ်။ “မညှာမတာ မေးမိတာ တောင်းပန်ပါတယ်”လို့ ပြောတော့ ဟက်ဟက်ပက်ပက် ဆက်တိုက် ရယ်ရင်းက ... “မသိပါဘူး”လို့ ဖြေပါတယ်။

တကယ်တော့ ကျမတို့ကို သွားပြတဲ့ တခုစီတိုင်းမှာ သူတို့က သေသေချာချာ ဇာတ်တိုက်ထားပြီးသား။ 

ကျမတို့ရဲ့ သွားလာလှုပ်ရှားမှုတွေကို ဆိုရှယ်မီဒီယာတွေက ဖော်ပြလာတော့ တနိုင်ငံလုံးက အင်တာနက် ဝိုင်ဖိုင်တွေကို စစ်တပ်က ပိတ်ပစ်လိုက်တယ်။ ဒါပေမဲ့ အဖြစ်မှန်ကို ကားပြတင်းကနေ မျက်မြင်ဒိဌ တွေ့နေရတာပါပဲ။ 

ဝရန်တာပေါ် က လူတွေက ကျမတို့ကို လက်သုံးချောင်းထောင်ပြကြတယ်။ ဒါက အခုလှုပ်ရှားမှုရဲ့ သင်္ကေတပဲ။ အနားက အစောင့် တွေ ကြားသွားမှာစိုးလို့ တိုးတိုးပြောရပါတယ်။ သူတို့သိများသွားရင် တကယ့်အန္တရာယ်ပဲ။ 

ရာစုနှစ်တဝက်ကျော် အုပ်စိုးခဲ့တဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြအုပ်စုလေးတခုကို ဖြတ်လာတော့ “နွေဦးတော်လှန် ရေး” လို့ နဖူးစည်းစာတန်းထိုးထားတယ်။ ကျမတို့ရဲ့အစောင့်တွေက ကျမတို့ကို ရပ်ခွင့်မပြုပါဘူး။ 

နေ့စဥ်ရက်ဆက် ထပ်တလဲလဲ တောင်းဆိုပြီးတဲ့ နောက်ဆုံးမှာ အများပြည်သူတွေထဲ သွားခွင့်ရတယ်၊ လေဟာပြင်ဈေး တခုကိုပါ။ လုံခြုံရေးတပ်ဖွဲ့တွေ ဝိုင်းနေတာကို သတိပြုပြီးတော့ ကျမတို့က ဘယ်သူ့အနားကိုမှ မချဥ်းကပ်ဘဲ ရှောင်ပါတယ်။ သို့ပေမဲ့ မိနစ်ပိုင်းအတွင်းမှာပဲ သတ္တိရှိတဲ့လူတယောက်က လက်သုံးချောင်းသင်္ကေတနဲ့ အလေးပြုပြလာတယ်။ 

”လက်သုံးချောင်းသင်္ကေတ ပြတာ တွေ့လိုက်တယ်။ အဓိပ္ပါယ်ကို ပြောပြပါအုံး”လို့ဆိုတော့ ... “တရားမျှတမှု၊ တရားမျှတမှု၊ ကျုပ်တို့က တရားမျှတမှု လိုချင်တယ်” လို့ ဖြေတယ်။ 

ခဏနေတော့ နောက်တယောက် ရောက်လာပြန်တယ်။ “မကြောက်ပါဘူး၊ ကျနော်တို့မှာ ဘာလက်နက်မှ မရှိပေမဲ့ မကြောက်ပါဘူး၊ နေ့တိုင်း ဒီလိုပဲ လုပ်ကြတယ်”လို့ လက်သုံးချောင်းကိုပြပြီး ပြောပါတယ်။

ကျမတို့ ဒီရောက်နေတဲ့သတင်း ပြန့်သွားတယ်။ ကျမတို့ ကြားရတဲ့အသံတွေက မမှားနိုင်ပါဘူး။ အိုးတွေခွက်တွေကို ထုနှက်သံတွေပါ။ ဟိုအရင်ကတော့ ရိုးရာဓလေ့ထုံးစံအတိုင်း မကောင်းဆိုးဝါးနှင်ထုတ်ဖို့ နှင်ထုတ်ဖို့ပါ။ ဒါပေမဲ့ ဒါဟာ ခုတော့ တော်လှန်ရေးသင်္ကေတအသံ ဖြစ်လာပြီ။ 

ကျောင်းဆရာမလေးတ‌ယောက်က အသံတွေကြားလို့ ကျမတို့ဆီ ရောက်လာတယ်။ “ကျမတို့က ဒီမိုကရေစီပဲ လိုချင်တယ်၊ စစ်အာဏာသိမ်းတာကို မလိုချင်ဘူး”လို့ ပြောပါတယ်။ “ကျမတို့ကို ဟောဒီလို စစ်တပ်ကလူတွေ ဝိုင်းနေတာ သတိထားမိရဲ့လား”လို့ မေးတော့ ... “ကျမတို့ လုံးဝမကြောက်ပါ ဘူး၊ ကြောက်နေမှဖြင့် ခုလို အိုးတွေခွက်တွေ ထုနှက်မနေပါဘူး”လို့ ဖြေပါတယ်။ အိုးခွက်ထုနှက်သံတွေက ညံလို့နေပါတယ်။

သူ့အနာဂတ် အဖျက်ဆီးခံလိုက်ရပြီလို့ ဒီ့ပြင်လူငယ်တွေလိုပဲ ဒီမိန်းခလေးက မြင်ပါတယ်။ “အမှောင်ခေတ်ကို ကျမတို့ ပြန်မရောက်ချင်ဘူး” “ကျမတို့မှာ ပြောပိုင်ခွင့်လဲ မရှိတော့ဘူး” “ကျမတို့ ဒီမိုကရေစီရတာ ဆယ်နှစ်လောက်ပဲ ရှိပါ တယ်” “ကျမတို့မှာ လက်နက်မရှိဘူး၊ သေနတ်မရှိဘူး” “ကျမတို့မှာ သဘောထားထုတ်ဖော်သံပဲ ရှိပါတယ်”။

သို့ပေမဲ့ ဟောဒီမှာကတော့ ဒီလိုစကားနဲ့ပြောတာတောင် အပြစ်ပေးခံရနိုင်ပါတယ်။အခြေအနေ ပိုကြီးထွားမလာခင်ပဲ ဈေးကနေထွက်သွားဖို့ ကျမတို့ဆုံးဖြတ်လိုက်ပါတယ်။ ကားဟွန်းတွေတီးပြီး ဆန္ဒပြတာကို ထောက်ခံကြပါတယ်။

ပြည်သူတွေရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ စစ်တပ်အပေါ် ပြည်သူတွေရဲ့ မုန်းတီးမှု ကြီးထွားလာနေတာကို စစ်အာဏာ ရှင်ဘက်က အလွန်အကျွံ အထင်သေး လျှော့တွက်ခဲ့တာပါပဲ။ 

အဆုံးမှာတော့ မြန်မာစစ်တပ် ထိပ်တန်းအရာရှိတဦးနဲ့ နေပြည်တော်မှာ တွေ့ခွင့်ရလိုက်ပါတယ်။

“အဓိကကတော့ ကျနော်တို့က ဆန္ဒပြတာတွေကို ဘာလို့နှိမ်နင်းရလဲဆိုတာ ရှင်းပြချင်ပါတယ်။ ဆန္ဒပြမှုတွေဟာ ဖေ ဖော်ဝါရီ ၁ ရက်နေ ၈ ရက်အထိက တော့ အေးအေးချမ်းချမ်းပါပဲ။ ဆန္ဒပြမှုကို နှိမ်နင်းရတဲ့ အကြောင်းရင်းကတော့ သူတို့က အစိုးရဝန်ထမ်းတွေကို တားဆီးလို့ပါ။ သူတို့ကို လုံခြုံရေးတပ်ဖွဲ့တွေက သတိပေးပါသေးတယ်။ ပထမဆုံး တော့ လူအုပ်စုကို အော်ဟစ်တားမြစ်ပြီး မိုးပေါ်ကိုထောင်ပြီး သေနတ်ပစ်ဖောက်ပါတယ်။ လူအုပ်စုကခဲနဲ့ပေါက်တယ်၊ လေးဂွနဲ့ပစ်တယ်။” ဒါက ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ရှင်းလင်းချက်ပါ။

“ခဲနဲ့ပေါက်၊ လေးဂွနဲ့ပစ်တဲ့အတွက် ချေမှုန်းရေးရိုင်ဖယ်နဲ့ ပြန်ပစ်ရတာပါလို့ ရှင်က တကယ်ပြောချင်တာလား၊ ကိုယ့် ပြည်သူကို စစ်တပ်က လက်နက်နဲ့ တိုက်ခိုက်တယ်လား၊ စစ်မြေပြင်မှာမှ ဒါမျိုးလုပ်တာမဟုတ်လား”လို့ မေးတော့ ...

“အဓိကကတော့ သူတို့က လေးဂွနဲ့ပစ်ရုံတင်မကဘူး။ မိုလိုတော့(ဓာတ်ဆီပုလင်းဗုံး)တွေနဲ့ ပစ်တာလဲ ကျနော်တို့မှာ သက်သေအထောက်အထားတွေ ရှိပါတယ်။ ဒီအချက်တွေကိုလဲ ထဲ့တွက်ရမယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါ တယ်။ “စစ်တပ်က အဓိကရုဏ်းကို လက်နက် အင်အားသုံးပြီး နှိမ်နင်းရတာပါ၊ ဒီလိုနှိမ်နင်းပြီဆိုကတည်းက အသက် ဆုံးတာတွေလဲ ရှိလာမှာပဲ။ ကျနော်တို့က စစ်မြေပြင်သုံး ရိုင်ဖယ်သေနတ်တွေ ကိုင်ဆောင်ထားပေမဲ့ စည်းမဲ့ကမ်းမဲ့ ပစ်တာတော့လဲ မဟုတ်ပါဘူး" တဲ့။ 

Clarissa Ward – "ဟောဒီ CCTV (လုံခြုံရေးကင်မရာ) မှတ်တမ်းထဲမှာ ၁၇ နှစ်အရွယ် 'ကွာမင်လာ' ဆိုတဲ့ ကောင်လေး က ... ... ... (ဇော်မင်းထွန်းကို စူးစိုက်ကြည့်ပြီး ခေတ္တရပ်ပြီးမှ ဆက်မေး)  ဆိုင်ကယ်စီးလာပြီး ရဲကားတန်းဘေးကနေ ဖြတ်သွားတယ်။ တွေ့တဲ့အတိုင်းပဲ၊ ရဲတွေက ချက်ချင်းပစ်လိုက်တယ်။ နောက်ပိုင်း ရင်ခွဲမှတ်တမ်းအရ ဆိုင်ကယ်မှောက်တဲ့ ဒဏ်ရာကြောင့် ဦးနှောက်မှာ ဒဏ်ရာရတာပါလို့ ဆိုတယ်။ ဒါပေမယ့် အားလုံးမြင်တဲ့အတိုင်း ဒါက ဆိုင်ကယ် မတော်တဆမှုမှ မဟုတ်တာပဲ။ ဒီကိစ္စကို ရှင် ဘယ်လို ဖြေရှင်းမလဲ။"

(ဇော်မင်းထွန်း) - “အဓိကတော့ ကျနော်တို့အနေနဲ့ ဒီလိုအဖြစ်အပျက်မျိုးတွေ ရှိခဲ့ရင် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်မှာ ပါ။ ဒီဗီဒီယို မှန်မမှန် စစ်ဆေးမယ်။ သံသယဖြစ်စရာ ဗီဒီယိုတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ဘက်ကတော့ အပြစ်မဲ့သူတွေကို ပစ်ခတ်ဖို့ ဆန္ဒမရှိပါဘူး။ ဒီဥစ္စာ မှန်မမှန် ကျနော်တို့ စုံစမ်းစစ်ဆေးမှာပါ။”

CW – “ဒါဆိုရင် အသက် ၁၄ နှစ်အရွယ် ထွန်းထွန်းအောင်ဆိုတဲ့ လူငယ်ကို ရှင်တို့ရဲ့တပ်က ပစ်သတ်လိုက်တာနဲ့ ပတ် သက်လို့ သူ့မိခင်ကို ဘယ်လိုရှင်းပြမလဲ၊ သူဟာ အကြမ်းဖက်ဆန္ဒပြသူလို့ ပြောမလား၊ ရှင်တို့ရဲ့တပ်က ပစ်သတ်လိုက် တဲ့ အသက် ၁၃ နှစ်အရွယ် ထွန်းမြတ်ဝင်းရဲ့ ဖခင်ကိုရော ရှင်ဘယ်လိုရှင်းပြချင်သေးလဲ။”

(ဇော်မင်းထွန်း) - “ခုနပြောတဲ့ ခလေးတွေ သေဆုံးရတာကို ကျနော်တို့လဲ ကြားနေရပါတယ်။ ကျနော်တို့က ခလေးတွေ ကို ပစ်ခတ်နေစရာ အကြောင်းမရှိပါဘူး။ အကြမ်းဖက်သမားတွေက ကျနော်အပေါ် မကောင်းမြင်အောင် လုပ်ကြံ ဖန်တီးနေတာပါ။” 

သို့ပေမဲ့ ဒါဟာ ပါးပါးလှပ်လှပ် ဖုံးဖိမှုပါပဲ။ မတ်လ ၃၁ ရက်အထိကိုပဲ အသတ်ခံရတဲ့ခလေး အနဲဆုံး ၄၄ ယောက်ရှိပြီ ဆိုတာ ကုလသမဂ္ဂထုတ်ပြန်ချက်အရ သိရတယ်။

ရန်ကုန်မှာ တပ်နယ်ထဲက ဈေးတခုကို ကျမတို့ရဲ့အစောင့်တွေက ခေါ်ပြပါသေးတယ်။ လူတွေက သူတို့ကို ထောက်ခံ ပါတယ်ဆိုတာ ပြချင်လို့ပေါ့။ ဒါပေတဲ့သူတို့အကြံက တလွဲဖြစ်ကုန်တယ်။ ဖြတ်သွားတဲ့ လူတယောက်က “ကျနော်တို့ ဒီမိုကရေစီလိုချင်တယ်”လို့ ကပ်ပြောသွားတယ်။ ကျမကလဲ “နားလည်ပါတယ်”လို့ ပြောလိုက်တာပေါ့။ 

လျှောက်လာတဲ့ ကျမကို စကားရပ်ပြောရမှာကို လူတွေက ကြောက်နေကြတယ်။ တချို့ကတော့ သတ္တိကောင်းတယ်။ ကားထဲ ကနေ လက်သုံးချောင်းထောင်ပြရင်း “ကျမတို့တိုင်းပြည်ကို ကယ်ပါအုံး”လို့ ပြောသွားတယ်။ သူတို့ဟာ တက်ကြွလှုပ် ရှားသူတွေ မဟုတ်ပါဘူး၊ သာမန်ပြည်သူတွေပါပဲ။ စစ်တပ်ကို ကြောက်နေရတဲ့သူတွေပေါ့။

ကျမကို ရပ်စကားပြောတဲ့ အမျိုးသမီးတွေထဲကတဦးကို “ရှင် ကြက်သီးတွေတောင် ထလို့ပါလား၊ ရှင်ကြောက်နေပုံ ပဲ”လို့ ပြောလိုက်တော့ ... ”သူတို့က လူမဟုတ်ဘူး”လို့ ပြောသွားပါတယ်။

သူတို့ခံစားရနေတာတွေကို ပြင်ပကမ္ဘာကြီး အသည်းအသန် သိစေချင်နေတာပါ။ တုန်တုန်ရင်ရင်နဲ့ ချဥ်းကပ်လာတဲ့ မိန်းခလေး‌တဦးကတော့ “ကျမတို့မှာ ညဘက်တောင် မလုံခြုံတော့ဘူး၊ ခလေးတွေကိုတောင် ပစ်ခတ်နေတာပါ”လို့ ပြောပါတယ်။

”မင်းဒုက္ခရောက်မှာ၊ အဖမ်းခံရမှာကို ငါမလိုလားပါဘူး”လို့ ကျမက ပြောလိုက်ပါတယ်။

ဒီလို သတ္တိရှိလိုက်တဲ့အတွက် အပြစ်ပေးခံရမှာကို ဒီမိန်းခလေးကိုယ်တိုင် သိနေပါတယ်။ ဒါပေမဲ့ ခုခံတော်လှန် လှုပ်ရှား မှုဟာ ဟောဒီလို သတ္တိကြီးကြီးမားမား ဆောင်ရွက်မှုမျိုးလေးတွေနဲ့ စုရုံးထားတာပါပဲ။

သတ္တိရှိရှိ ပြောပြီးတဲ့နောက် မိန်းခလေးဟာ ပြေးထွက်သွားပါတယ်။

(နောက်ပိုင်း သိရသလောက် ဒီမိန်းခလေးဟာ ဒီ့ပြင် ခုနစ်ဦးနဲ့အတူ အဖမ်းခံရတယ်။ သူတို့ကျူးလွန်တဲ့အပြစ်က စီအန်အန်ကို စကားပြောမှုပဲ။ သူတို့ရဲ့ ထိတ်လန့်ကြောက်ရွံ့မှု၊ သူတို့ရဲ့ ပိုကောင်းတဲ့အနာဂတ်မျှော်လင့်ချက်ကို ထုတ်ဖော်ပြောပြလို့ပဲ။ နောက်ရက်အတော်ကြာမှာ သူတို့လွတ်သွားတယ်ဆိုတာ သိရလို့ ဝမ်းသာပါတယ်။ စစ်တပ်ဟာ ပြည်သူ့လှုပ်ရှားမှုအတွက် ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းသလဲဆိုတဲ့ ပြယုဂ်ပါပဲ။ စစ်တပ်ဟာ ပြည်သူ့ထောက်ခံမှု မရဘူးဆိုတဲ့ သက်သေပါပဲ။ ဒီအမျိုးသမီးအမျိုးသားတွေဟာ သူတို့ရဲ့လုံခြုံမှုနဲ့ ရင်းပြီးသူတို့ရဲ့အသံ တွေကို လူတွေကြားအောင် ဒီလောက်ကို စွန့်လွှတ်ကြိုးပမ်းနေကြပါတယ်။)


Burma News Network

https://www.facebook.com/burmanewsnetwork

"စစ်တပ်က လိုက်ပို့တဲ့နေရာတိုင်းမှာ ဘာပြောရမယ်ဆိုတာ စစ်တပ်က ဇာတ်တိုက်ထားပြီးသား ..." "စစ်တပ်က လိုက်ပို့တဲ့နေရာတိုင်းမှာ ဘာပြောရမယ်ဆိုတာ စစ်တပ်က ဇာတ်တိုက်ထားပြီးသား ..." Reviewed by THITHTOOLWIN on 20:01 Rating: 5

No comments:

Powered by Blogger.