လန်ဒန် မြန်မာသံရုံးရှေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ








(၈-၄-၂၀၂၁)

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတခု ဒီမနက် လန်ဒန်ရှိ မြန်မာသံရုံးရှေ့မှာပြုလုပ်သွားပါတယ်။ 

“စစ်အာဏာရှင် အလိုမရှိ“၊ “စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ခုံရုံးတင်ပါ”၊ “ကိုယ့်ပြည်သူ ကိုယ်ပြန်သတ်နေတာတွေရပ်ပါ” စတဲ့ ပိုစတာတွေကိုင်ဆောင်ထားတဲ့ ဒါဇင်နဲ့ချီ ရှိတဲ့ လူထုတွေ သံရုံးရှေ့ ချီတက်လာပြီး အခုလို ဆန္ဒပြကြတာပါ။

အရင်နေ့ကတွေကလည်း ဒီလိုဆန္ဒပြပွဲတွေ ဆက်တိုက်ရှိနေပေမယ့် မီဒီယာမှာ အလေးပေး ဖေါ်ပြခြင်း သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့ကတော့ သံအမတ်ကြီး ဦးကျော်စွာမင်းကို စစ်သံမှူး ဦးချစ်ဝင်းနဲ့အဖွဲ့က သံရုံးထဲ ဝင်ခွင့်မပေးပဲ တားမြစ် ထားတယ်ဆိုတဲ့သတင်းကြောင့် နိုင်ငံတကာ မီဒီယာတွေ သံရုံးရှေ့ စုပြုံရောက်ရှိနေချိန်ဖြစ်ပါတယ်။

အရင်က အဖြူအမဲ ကွဲကွဲပြားပြား ပြောကြားလေ့မရှိတဲ့ သံအမတ်ကြီး ဦးကျော်စွာမင်းကိုယ်တိုင်ကလည်း ဆန္ဒပြသူတွေနဲ့ပူးပေါင်းပြီး CRPH ကိုထောက်ခံကြောင်း လက်သုံးချောင်း ထောင်ပြခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မီတီ CRPH ရဲ့ ဒီနေ့ ထုတ်ပြန်ချက်အရ ဦးကျော်စွာမင်းကို သံအမတ်ကြီးအဖြစ် ဆက်လက်တာဝန်ပေးကြောင်း ဖေါ်ပြထားပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကလည်း မနေ့ကဖြစ်စဉ်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကြီးနိုင်ငယ်ညှင်းဖြစ်စဉ်လို့ ရှုတ်ချထားပါတယ်။ ဦးကျော်စွာမင်းကို ဆက်လက်ထောက်ခံပြီး စစ်အာဏာသိမ်းမှုအဆုံးသတ်ရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး အတွက် ဆက်လုပ်သွားမယ်လို့ တွစ်တာကတဆင့် ရေးသားထားပါတယ်။

သံအမတ်ကြီး ဦးကျော်စွာမင်းကတော့ “စစ်ကောင်စီက သံအမတ်အဖြစ်ခန့်အပ်ဖို့အဆိုပြုထားတဲ့ စစ်သံမှုးဦးချစ်ဝင်းအပါဝင် စစ်ကောင်စီက အဆိုပြုတဲ့ ဘယ်သံအမတ်ကိုမဆို ဗြိတိန် အစိုးရက လက်မခံပဲ ငြင်းပယ်ဖို့၊ ဗြိတိန်ကနေ ပြန်မောင်းထုတ်ဖို့ ကျနော်တို့ အတိအလင်းတောင်းဆိုပါတယ်” လို့ ဗြိတိန်နိုင်ငံ ခြားရေးဝန်ကြီးဆီ စာရေး တောင်းဆို ထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုက ပိုဆိုးလာနေပြီး အသတ်ခံရသူ ၆၀၀ ကျော်သွားပြီလို့ နိင်ငံရေးအကျဉ်းသားများကူညီရေးအသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။ 

ဒီမနက် ထပ်ဝင်လာတဲ့သတင်းတွေအရ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့က ဆန္ဒပြပွဲကို အကြမ်းဖက်တပ်က ဖြိုးခွင်းတဲ့အတွက် အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေ ရထားပါတယ်။ 


Burma News Network

https://www.facebook.com/burmanewsnetwork

လန်ဒန် မြန်မာသံရုံးရှေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ လန်ဒန် မြန်မာသံရုံးရှေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ Reviewed by THITHTOOLWIN on 20:08 Rating: 5

No comments:

Powered by Blogger.