လန်ဒန်မြန်မာသံရုံးဖြစ်စဉ်သည် စစ်ကောင်စီ၏ အနိုင်ကျင့်မှုဟု ဗြိတိန်ဝန်ကြီးရှုတ်ချ


(၈-၄-၂၀၂၁)

မနေ့က လန်ဒန်ရှိ မြန်မာသံရုံးက ဖြစ်စဉ်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အနိုင်ကျင့်မှု၊ ကြီးနိုင်ငယ်ညှဉ်းလုပ်မှုဖြစ်တဲ့အတွက် ရှုတ်ချကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ဒီနေ့ ကြေညာချက်ထုတ်ပါတယ်။

ဗြိတိန်ဝန်ကြီးဟာ အခုလောလောဆယ် မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံတွေဆီ ရောက်နေပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊ ကိုဗစ်ကာကွယ်ရေး၊ မြန်မာပဋိပက္ခဖြေရှင်းရေးအတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးနေပါတယ်။

“လန်ဒန်မှာ မနေ့ဖြစ်ပျက်ခဲ့တဲ့ မြန်မာစစ်အုပ်စုရဲ့ ကြီးနိုင်ငယ်ညှင်းလုပ် ရပ်ကို ကျနော်တို့ အပြင်းအထန်ရှုတ်ချပါတယ်။ သံအမတ်ကြီး ဦးကျော်စွာမင်းနဲ့ သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေကို ကျနော်တို့လေးစားပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး Dominic Raab က တွစ်တာ်မှာရေးပါတယ်။

“စစ်အာဏာသိမ်းမှုအဆုံးသတ်ရေး၊ အကြမ်းဖက်မှုရပ်တန့်ရေး၊ ဒီမိုကရေစီပြန်လည် ရရှိရေးအတွက် ဗြိတိန်က ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်” လို့လည်း ဗြိတိန် ဝန်ကြီးက ရေးထားပါတယ်။

မနေ့က လန်ဒန်သံရုံးဖြစ်စဉ်ဆိုတာကတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကိုလွတ်ပေးဖို့တောင်းဆိုခဲ့တဲ့ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း သံရုံးကိုရောက်လာစဉ်မှာ စစ်တပ်လိုလားတဲ့ စစ်သံမှူး ဦးချစ်ဝင်းနဲ့ အဖွဲ့က သံရုံးကိုစီးနင်းထားပြီး သံအမတ်ကြီးကို သံရုံးထဲ ဝင်ခွင့်မပေးတဲ့ ဖြစ်စဉ်ပါ။

သံရုံးထဲ ဝင်ခွင့်မရဖြစ်နေတဲ့ ဦးကျော်စွာမင်းကို သံရုံးရှေ့ဆန္ဒပြနေသူတွေက ထောက်ခံကြပါတယ်။ ဒီဖြစ်စဉ်ကြောင့် လန်ဒန်ရဲကားတွေ၊ ရဲတွေအများကြီး သံရုံးရှေ့ကိုရောက်လာခဲ့ပါတယ်။

လန်ဒန်မြန်မာသံရုံးက ဖြစ်စဉ်ဟာ နိုင်ငံတကာ သံတမန်လောကဆီ ကရက်ရိုက်သွားခဲ့ပါတယ်။ ဒါဟာ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတကာရှိ မြန်မာသံအမတ်တွေရဲ့ ရပ်တည်ချက်ကို စမ်းသပ်ချက်တခုလည်းဖြစ်ပါတယ်။

မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကတော့ “အာဏာသိမ်းစစ်ကောင်စီအတွက် အလုပ်လုပ်ပေးမယ့် လူတွေကို ဗြိတိန်အစိုးရက မထောက်ခံဘူးလို့ ကျနော်တို့ယုံကြည်ပါတယ်။ စစ်ကောင်စီကခန့်အပ်တဲ့ လူတွေကို မြန်မာနိုင်ငံဆီ ပြန်မောင်းထုတ်ဖို့ ကျနော်တို့တောင်းဆိုပါတယ်” လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဆီ စာရေးတောင်းဆိုထားပါတယ်။

“စစ်ကောင်စီက သံအမတ်အဖြစ်ခန့်အပ်ဖို့အဆိုပြုထားတဲ့ စစ်သံမှုးဦးချစ်ဝင်းအပါဝင် စစ်ကောင်စီက အဆိုပြုတဲ့ ဘယ်သံအမတ်ကိုမဆို ဗြိတိန် အစိုးရက လက်မခံပဲ ငြင်းပယ်ဖို့ ကျနော်တို့ အတိအလင်းတောင်းဆိုပါတယ်” လို့ ဦးကျော်စွာမင်းက ဗြိတိန်နိုင်ငံ ခြားရေးဝန်ကြီးဆီ ပေးပို့တဲ့ စာထဲမှာ ဖေါ်ပြထားပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

လန်ဒန်မြန်မာသံရုံးဖြစ်စဉ်သည် စစ်ကောင်စီ၏ အနိုင်ကျင့်မှုဟု ဗြိတိန်ဝန်ကြီးရှုတ်ချ လန်ဒန်မြန်မာသံရုံးဖြစ်စဉ်သည် စစ်ကောင်စီ၏ အနိုင်ကျင့်မှုဟု ဗြိတိန်ဝန်ကြီးရှုတ်ချ Reviewed by THITHTOOLWIN on 20:11 Rating: 5

No comments:

Powered by Blogger.