ဂျပန်အကူအညီများ မြန်မာနိုင်ငံကိုရပ်ဆိုင်းထားမည်

Japan's Foreign Minister Toshimitsu Motegi speaks during the Japan-China-South Korea Foreign Ministers' teleconference at the foreign ministry in Tokyo on March 20, 2020. (Photo by Kazuhiro NOGI / AFP)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတာကို တုံ့ပြန်တဲ့အနေနဲ့ နောက်ထပ်အကူအညီပေးတာကို ရပ်ဆိုင်းထားလိုက်ပြီလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ကြေညာတဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။ ဒါပေမယ့်လည်း အနောက်နိုင်ငံတချို့ကလုပ်သလို ဒဏ်ခတ်အရေးယူတာမျိုးတော့ မရှိပါဘူး။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို အကူအညီပေးနေတဲ့ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ပြီး ဒီလိုအကူအညီပေးတာကို ရပ်ဆိုင်းလိုက်တာကနေ "ရှင်းလင်းပြတ်သား" တဲ့ သတင်းစကား ပါးလိုက်တာပဲဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ကပြောပါတယ်။

"ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် စီးပွားရေးဆိုင်ရာ အကြီးမားဆုံး ကူညီထောက်ပံ့နေတဲ့နိုင်ငံဖြစ်ပါတယ်" လို့ ဝန်ကြီး Motegi က အင်္ဂါနေ့ လွှတ်တော်အစည်းအဝေးအတွင်း ပြောသွားပါတယ်။

"စီးပွားရေးအကူအညီနဲ့ ပတ်သက်ပြီး ဂျပန်က ဘယ်လိုရပ်တည်နေပါသလဲဆိုရင် အကူအညီအသစ် မပေးတော့ပါဘူး။ ဒီလို ရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက် ချထားပါတယ်" လို့ ဝန်ကြီး Motegi ကဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ရဲ ထိပ်တန်းခေါင်းဆောင်တွေကိုရော၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကိုပါ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ (EU) တို့က ဒဏ်ခတ်အရေးယူမှုအမျိုးမျိုး ချမှတ်ထားတာပါ။

ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေရှိထားပြီး မြန်မာစစ်ဘက်နဲ့လည်း နှစ်ပေါင်းများစွာ ဆက်ဆံလာတဲ့ ဂျပန်နိုင်ငံကတော့ တိုက်ရိုက် အရေးယူတာမျိုး လုပ်လေ့မရှိပါဘူး။

" မြန်မာနိုင်ငံနဲ့ပတ်သက်ရင် ဘယ်မူဝါဒက တကယ်ထိရောက်သလဲဆို အဖြေကရှင်းတယ်လို့ ကျနော်ယူဆပါတယ်။ ဒဏ်ခတ်အရေးယူတာကမှ ရဲရင့်ပြတ်သားတယ်၊ ဒဏ်ခတ်အရေးယူတာမဟုတ်ရင် ရဲရင့်ပြတ်သားမှုမရှိဘူး ဆိုတာမျိုးက မဟုတ်ပါဘူး" လို့ ဝန်ကြီး Motegi ကပြောပါတယ်။

အကူအညီတွေ ဆိုင်းငံ့ထားတယ်ဆိုတာ နောက်ထပ် အသစ်ပေးမှာတွေနဲ့ပဲဆိုင်ပြီး လက်ရှိလုပ်နေတဲ့ စီမံကိန်းတွေမပါဘူးလို့ ဂျပန်ပြည်တွင်း သတင်းမီဒီယာတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ဂျပန်နိုင်ငံက ဝေဖန်ပြောဆိုထားပြီး ဒီမိုကရေစီ ပြန်တည်ဆောက်ဖို့ တောင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း ဒီ့ထက်ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်မျိုးရှိဖို့ တောင်းဆိုတာတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဂျပန်နိုင်ငံသား ထောင်ပေါင်းများစွာနဲ့ ရာနဲ့ချီတဲ့ ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရှိနေမယ်လို့ ယူဆထားကြပြီး ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ နံပါတ် ၅ အဆင့် အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့နိုင်ငံဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/japan-suspends-new-aid-to-myanmar-over-coup/5835111.html

ဂျပန်အကူအညီများ မြန်မာနိုင်ငံကိုရပ်ဆိုင်းထားမည် ဂျပန်အကူအညီများ မြန်မာနိုင်ငံကိုရပ်ဆိုင်းထားမည် Reviewed by THITHTOOLWIN on 00:29 Rating: 5

No comments:

Powered by Blogger.