CNN သတင်းအဖွဲ့ကို စစ်တပ်ယာဉ်တန်းနဲ့လုံခြုံရေးယူပေး

ရန်ကုန် အင်းစိန်အကျဉ်းထောင် ရှေ့ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ ( ဧပြီလ ၁၇၊ ၂၀၂၀)

CNN သတင်းဌာနရဲ့ နိုင်ငံတကာရေးရာ အကြီးတန်းသတင်းထောက် Clarrisa Ward နဲ့ ရုပ်သံသတင်းအဖွဲ့ ဒီကနေ့ မြန်မာနိုင်ငံမှာရောက်နေချိန်မှာပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဆက်ရှိခဲ့ပါတယ်။

Clarrisa Ward နဲ့အဖွဲ့ကို ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ဘက်မှာနေထိုင်တဲ့ စစ်ကောင်စီကိုထောက်ခံသူ အဆိုတော်အမျိုးသမီးတဦးအိမ် စစ်တပ်လုံခြုံရေးအင်အား အများအပြားပါ ယာဉ်တန်းနဲ့ လိုက်ပို့ချိန်အတွင်း ပတ်ဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံတွေက သံပုံးတီး ကန့်ကွက်ခဲ့ကြတယ်လို့ အဲဒီနားမှာနေထိုင်သူ ဒေသခံတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

သူတို့အဖွဲ့စီးလာတဲ့ လက်နက်ကိုင်စစ်သား အများအပြားပါယာဉ်တန်း ဖြတ်သွားတဲ့အချိန် သံပုံးတီးကြတာကို ကြားရတဲ့အကြောင်း Clarrisa Ward က လူမှုကွန်ယက်မီဒီယာမှာ ရေးခဲ့ပါတယ်။

CNN သတင်းအဖွဲ့ဟာ နှစ်ရက်ကြာခရီးစဉ်နဲ့ မြန်မာနိုင်ငံမှာ ရောက်နေတာဖြစ်ပြီး ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံ အခြေအနေအရပ်ရပ်ကို အပြည့်အဝ သိရှိတင်ပြနိုင်မလားဆိုတာမေးဖို့ ရိုက်တာသတင်းဌာနက CNN ကို ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားချက် မရသေးပါဘူး။

ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာတွေ ဆက်တိုက်လုပ်နေတဲ့ကြားကပဲ ဒီကနေ့မှာလည်း ရန်ကုန်မြို့နေရာအနှံ့အပြားမှာ ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မှာ ပစ်ခတ်သံတွေကြားရတယ်လို့ မြို့ခံတွေက ဗွီအိုအေကိုပြောပေမယ့် ဒီနေ့မှာ အထိအခိုက်ရှိတဲ့ သတင်းတွေတော့ မရပါဘူး။

မန္တလေး၊ မုံရွာ၊ မိတ္ထီလာ စတဲ့ တခြားမြို့ကြီးတွေအပြင် တချို့ဒေသတွေမှာဆို ကျေးရွာအလိုက် ရွာတွင်းမှာ သပိတ်မှောက် ဆန္ဒပြကြတာတွေရှိပါတယ်။

စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၃၀ ရက်နေ့အထိဆိုရင် စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲတာကြောင့် သေဆုံးသူ အယောက် ၅၁၀ ကျော်ရှိပြီဖြစ်သလို အဖမ်းခံထားရသူလည်း ၃,၀၀၀ ကျော်ရှိပါတယ်။သေဆုံးသူတွေထဲမှာ အသက် ၇ နှစ်အရွယ် ကလေးငယ်နဲ့ အမျိုးသမီးတွေလည်းပါဝင်ပြီး တခြားသေဆုံးသူအများစုက လူငယ်တွေဖြစ်ကြပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/cnn-team-guarded-by-military-police/5835178.html

CNN သတင်းအဖွဲ့ကို စစ်တပ်ယာဉ်တန်းနဲ့လုံခြုံရေးယူပေး CNN သတင်းအဖွဲ့ကို စစ်တပ်ယာဉ်တန်းနဲ့လုံခြုံရေးယူပေး Reviewed by THITHTOOLWIN on 00:30 Rating: 5

No comments:

Powered by Blogger.