ပဲခူးအကြမ်းဖက်ဖြိုခွဲမှု လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ် (AAPP)

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို နှိမ်နင်းသတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ စုစုပေါင်း ၇၀၁ ဦး ရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

ဧပြီလ ၁၀ ရက်နေ့ တရက်တည်းမှာတင် စစ်ကိုင်းတိုင်း တမူးမြို့မှာ ၁ ဦးနဲ့ ပဲခူးမှာ ၈၂ ဦး စုစုပေါင်း ၈၃ ဦး သေဆုံးခဲ့ရတာပါ။ ဒါဟာ AAPP က ရရှိ စစ်ဆေး အတည်ပြုထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် သေဆုံးသူစာရင်းက ဒီ့ထက်မက များပြားလွန်းနိုင်တယ်လို့လည်း AAPP က ပြောပါတယ်။

ဧပြီလ ၁၀ ရက်နေ့အထိ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ်က ခေါင်းဆောင်တွေ အပါအဝင် လူပေါင်း ၃,၀၁၂ ယောက် လောလောဆယ် ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၆၃ ယောက်ကို ပြစ်ဒဏ်ချမှတ်ထားပါတယ်။ ၆၅၆ ယောက်ကိုတော့ ဖမ်းဝရမ်းထုတ်ထားပါတယ်။ ၁၇ ယောက်ကို သေဒဏ် ချမှတ်ထားပါတယ်။ ပြန်လွတ်လာသူတွေ စာရင်းကိုတော့ AAPP အသင်းက လောလောဆယ် ပြုစုနေဆဲလို့ ဆိုပါတယ်။

ပဲခူးမြို့ကို ကြမ်းတမ်းရက်စက်စွာ ဖြိုခွင်းလို့ တနေ့တည်း လူ ၈၂ ဦး သေဆုံးရတာဟာ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတခု ဖြစ်တယ်လို့လည်း AAPP ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလို အကြမ်းဖက် ဖြိုခွဲမှုတွေကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ Arria Formula လို့ခေါ်တဲ့ အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ရကြောင်းနဲ့ အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွင်းက လတ်တလော အခြေအနေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က တင်ပြခဲ့ပြီးဖြစ်ကြောင်း AAPP အဖွဲ့ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်တာကြောင့် သေဆုံးရသူတွေနဲ့ ဖမ်းဆီးတရားစွဲဆို ပြစ်ဒဏ်ပေးခံရသူတွေရဲ့ စာရင်းကို ဆက်လက်ထုတ်ပြန် ကြေညာသွားမှာဖြစ်ကြောင်း AAPP အဖွဲ့က ပြောပါတယ်။ ဥပဒေရေးရာ အကူအညီ လိုအပ်ရင် ဆက်သွယ်နိုင်မယ့် လူပုဂ္ဂိုလ်နဲ့ ရှေ့နေတွေရဲ့ နာမည်တွေနဲ့ တယ်လီဖုန်းနံပါတ်တွေကိုလည်း AAPP အဖွဲ့က အသိပေး ကြေညာထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/bago-protests-aapp/5848741.html

ပဲခူးအကြမ်းဖက်ဖြိုခွဲမှု လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ် (AAPP) ပဲခူးအကြမ်းဖက်ဖြိုခွဲမှု လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ် (AAPP) Reviewed by THITHTOOLWIN on 22:23 Rating: 5

No comments:

Powered by Blogger.