မြန်မာ့အရေး ဝါရှင်တန်ဒီစီမှာ လူပေါင်းထောင်ချီဆန္ဒပြ


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ဆန့်ကျင်ကန့်ကွက်သူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေ အရှိန်မြင့်လာနေတာနဲ့အမျှ အမေရိကန် အပါအဝင် ပြည်ပနိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း ဆန္ဒပြလှုပ်ရှားမှုတွေ အားကောင်းလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း ဝါရှင်တန်ဒီစီမှာတော့ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ မြန်မာနိုင်ငံသား ထောင်နဲ့ချီပြီး စနေနေ့က စုဝေးဆန္ဒပြခဲ့ကြတာပါ။ မြန်မာ့အရေး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ဖို့ ဖိအားပေးတဲ့ အနေနဲ့ ဝါရှင်တန်က တရုတ်သံရုံး ၊ မြန်မာစစ်သံရုံးနဲ့ ဝါရှင်တန်အထိမ်းအမှတ် ကျောက်တိုင်နားတဝိုက်အထိ လူပေါင်းထောင်ကျော် လှည့်လည် ဆန္ဒပြခဲ့ကြတာပါ။

ဧပြီလ(၁၀)ရက် စနေနေ့မှာပြုလုပ်တဲ့ ဒီလိုကြီးမားတဲ့ ဆန္ဒပြပွဲကို ဝါရှင်တန်ဒီစီ ၊ မေရီလန်း၊ ဗာဂျီးနီးယား၊ နယူးယောက် ပြည်နယ်ထဲက မြို့အသီးသီးနဲ့ မြောက်ကယ်ရိုလိုင်းနား ၊ အင်ဒီယားနားပြည်နယ် တွေက မြန်မာနဲ့ တိုင်းရင်းသားမိသားစုတွေပါ လာရောက်ပူးပေါင်း ဆန္ဒပြတဲ့အတွက် အခုလို လူအများအပြားဖြစ်သွားခဲ့ကြောင်း ဆန္ဒပြပွဲ စီစဉ်သူတွေထဲက တဦးဖြစ်တဲ့ ကချင်အမျိုးသား အမ်တုအောင်က ပြောပါတယ်။

" အားလုံးသိတဲ့အတိုင်းပဲ တရုတ်က မြန်မာစစ်အစိုးရကို အနောက်ကနေ အရမ်းပဲ အကာအကွယ်ပေးနေတယ်။ ဒါကို ဘယ်သူမှ မကြေနပ်ကြဘူး။ လက်နက်တွေ ပံ့ပိုးနေတဲ့ကိစ္စ၊ ကုလ လုံခြုံရေးကောင်စီနဲ့ ကုလ အစည်းအဝေးတွေမှာလည်း တရုတ်က ရှေ့ကနေ ကာဆီးပေးနေတာ။ ဗီတိုအာဏာသုံးပြီးတော့မှ မြန်မာစစ်တပ်ကို မကာကွယ်ပေးပါနဲ့လို့ တရုတ်သံရုံးရှေ့ ကျနော်တို့ ပြောခဲ့တယ်။ တရုတ်ရဲ့စီးပွားရေးက မြန်မာနိုင်ငံမှာ အများကြီးမြှုပ်နှံထားတယ်။ စီးပွားရေး ဆက်လုပ်ချင်ရင် စစ်တပ်ကို မထောက်ခံပါနဲ့ ... မြန်မာပြည်သူနဲ့ပဲ ပူးပေါင်းပါလို့ တရုတ်သံရုံးကို ကျနော်တို့ ပြောခဲ့တယ်။ ဒီနေ့ဆန္ဒပြပွဲမှာဆိုရင် အခြားပြည်နယ်တွေကပါ ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း အစုံလာကြပြီးတော့ မြန်မာစစ်သံရုံးရှေ့မှာ ဒီစစ်တပ်ကို ကျနော်တို့ လုံးဝ မကြေနပ်ဘူးဆိုတဲ့အကြောင်းတွေ ထုတ်ဖေါ်ပြောကြတယ်။ CRPH ကို ကျနော်တို့ အသိမှတ်ပြုတယ် တတ်နိုင်သမျှ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ဆိုပြီးတော့ ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေ ခုလို ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်။ "

နယူးယောက်ပြည်နယ် မြို့တော် အယ်လ်ဘာနီကနေ ကြွလာပြီး ဝါရှင်တန်ဒီစီ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာတော် ဦးဣိသရိယ ကလည်း ဆန္ဒပြပွဲအတွင်း ခုလို မိန့်ပါတယ်။

" တိုင်းရင်းသားတွေ စုပေါင်းပြီးတော့ မြန်မာ့လွတ်လပ်ရေးကို ရအောင်ယူထားတာပါ။ အခု ၂၀၂၁ မှာလည်းပဲ တိုင်းရင်းသားတွေရဲ့ အကူအညီနဲ့ စည်းလုံးညီညွတ်ပြီး တိုက်ပွဲဝင်မယ်ဆိုရင် စစ်အာဏာရှင်စနစ် ကျဆုံးမှာ ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ ရဟန်းသံဃာတွေကလည်း ဒီမိုကရေစီပြန်လည် ရရှိရေး ၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်ပါမယ်လို့ ကတိပြုပါတယ်။"

DC ဆန္ဒပြပွဲ

အမေရိကန်-ကနေဒါနယ်စပ် ဘတ်ဖလိုးမြို့ကနေ မိုင်ပေါင်းများစွာဝေးတဲ့ ဒီစီမြို့ဆန္ဒပြပွဲမှာ လာရောက်ပူးပေါင်းသူကတော့ ကိုမင်းနိုင်ဖြစ်ပါတယ်။

" ပဲခူးမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကို အားလုံးဝမ်းနည်း စိတ်မကောင်း ဖြစ်နေကြမယ်ဆိုရင် .. ကျနော့်က ပဲခူးသားပါ။ ကျနော်လည်း ကျနော့်မြို့အတွက် ကျနော့်ပြည်သူတွေ မျိုးဆက်သစ်တွေအတွက် ကျနော်လည်း ယူကျုံးမရဖြစ်ရတယ် ခံစားရတယ်။ အခုဒီမှာ လူတွေအများကြီးတွေ့ရတော့ ကျနော်တို့အတွက် ခွန်အားဖြစ်စေပါတယ်။ ကျနော်ဒီမှာ နှစ်ပေါင်းများစွာ ဆန္ဒပြပွဲတွေ လာဖူးတယ်။ ဒီလို စည်းလုံးညီညွတ်မှုမျိုး တကြိမ်တခါမှ မတွေ့ဖူးဘူး။ စစ်အာဏာရှင်ကို ဖြုတ်ချဖို့အတွက် တဦးချင်းတဦးချင်း ကိုယ့်အားကိုယ်ကိုးရပါမယ်။ "

အလားတူ မက်ဆာချူးဆက်ပြည်နယ် ဘော့စ်တွန်မြို့က ပြည်နယ်လွှတ်တော် အဆောက်အဦရှေ့ ဆန္ဒဖေါ်ထုတ်ဖေါ်နေတဲ့ ဆရာတော် ဦးစန္ဒာသီရိကလည်း ဆန္ဒပြပွဲအကြောင်း ရှင်းပြပါတယ်။

" မြန်မာပြည်မှာ အကြမ်းဖက်ဝါဒ ကျဆုံးရေးအတွက် ဦးဇင်းတို့ဒီမှာ လူတွေစုပြီးတော့ ဆန္ဒဖေါ်ထုတ်နေတာ ဖြစ်ပါတယ်။ အနှစ်ချုပ် ပြောလိုတာက ဦးဇင်းတို့ ပုံမှန်ဒီမိုကရေစီ လမ်းကြောင်းကို ပြန်ရဖို့အတွက် လုပ်နေတာဖြစ်တယ်။ မြန်မာပြည်မှာ အကြမ်းဖက်နေတဲ့ စစ်အာဏာရှင်တွေအားလုံး မြန်မာမြေပေါ်ကနေ ထာဝရ ပျောက်သွားဖို့ အဲဒီအတွက် ဦးဇင်းတို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ "

အမေရိကန် အနောက်ဖက်ခြမ်း ဆန်ဖရန်စစ္စကိုမြို့က မြန်မာတွေကတော့ စနေနေ့မှာ ပန်းသပိတ် ဆန္ဒပြပွဲကို ကုလသမဂ္ဂ-ပလာဇာရှေ့ လုပ်ခဲ့ကြောင်း မမီမီခန့်က ပြောပါတယ်။

" ဒီနေ့အတွက် သပိတ်ကတော့ Flower Strike ပန်းသပိတ်ပေါ့၊ UN plaza ရှေ့မှာလုပ်နေပါတယ်။ အဓိကတော့ ညီမတို့ရဲ့ ဒီမိုကရေစီ တိုက်ပွဲတွေမှာ ကျဆုံးသွားပြီဖြစ်တဲ့ အာဇာနည်တွေကို ဦးညွှတ် အောင့်မေ့သတိရတဲ့ သပိတ်၊ ပြီးတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အကြောင်း ဖေါ်ပြတဲ့သပိတ်ပါ။ ညီမတို့ ပြင်ပကနေပြီးတော့ ပြည်တွင်းထဲမှာရှိနေတဲ့ CDM လှုပ်ရှားမှုတွေကို အတတ်နိုင်ဆုံး ပံ့ပိုးပေးနိုင်ဖို့ အတတ်နိုင်ဆုံး ရံပုံငွေကောက်ခံစုဆောင်းပြီး ပို့ပေးနေပါတယ်။ "

အမေရိကန်မှာလိုပဲ ကနေဒါနိုင်ငံက မြို့တချို့မှာ စနေနေ့က မြန်မာတွေ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြတာတွေ လုပ်ခဲ့သလို၊ ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း မြန်မာတွေက လူစည်းကားလွန်းတဲ့ ဟာရဂျုကု ဘူတာနားတဝိုက် မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းထားတာ အဆုံးသတ်ရေး ဂျပန်နိုင်ငံအနေနဲ့ ကူညီဖိအားပေးဖို့ လမ်းမတွေပေါ် တောင်းဆိုခဲ့ကြပါတယ် ခင်ဗျာ။


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/thousand-protest-in-dc/5848653.html

မြန်မာ့အရေး ဝါရှင်တန်ဒီစီမှာ လူပေါင်းထောင်ချီဆန္ဒပြ မြန်မာ့အရေး ဝါရှင်တန်ဒီစီမှာ လူပေါင်းထောင်ချီဆန္ဒပြ Reviewed by THITHTOOLWIN on 22:21 Rating: 5

No comments:

Powered by Blogger.