EU ရဲ့ စီးပွားရေးပိတ်ဆို့မှု ရှေ့သီတင်းပတ် စတင်မည်





(၁၆-၃-၂၀၂၁)

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင်တွေအပေါ် စီးပွားရေးအရ ဒဏ်ခတ်မှုကို လာမယ့် တနင်္လာနေ့မှာ EU ဥရောပသမဂ္ဂက စတင်ဆောင်ရွက်တော့မှာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က ပြောပါတယ်။

အဲဒီဒဏ်ခတ်မှုထဲမှာ -ဥရောပမှာရှိတဲ့ မြန်မာအစိုးရပိုင် ငွေတွေကိုပြန်ထုတ်ခွင့်မပေးတာ၊ အာဏာသိမ်းစစ်အုပ်စုထဲက တာဝန်ရှိသူခေါင်းဆောင်တဦးချင်းကို စီးပွားရေး ဒဏ်ခတ်တာ၊ ဗီဇာ ပိတ်တာတွေပါဝင်နိုင်ပြီး တနင်္လာနေ့ EU နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ ဒီလိုအရေးယူဖို့ ဆုံးဖြတ်ချက်မှာဖြစ်တယ်- လို့ ပြင်သစ်ဝန်ကြီးက ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ CRPH ကတော့ ပြင်သစ်ပိုင် Total ကုပဏီက ဆောင်ရွက်နေတဲ့ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းအပါဝင် စစ်တပ်ကို ဝင်ငွေရှိစေနေတဲ့ နိုင်ငံခြား စီမံကိန်းတွေ အားလုံး ပြန်ရုတ်သိမ်းဖို့ တောင်းဆိုထားပါတယ်။

ဒီတောတွင်း အင်ဒို-ပစဖိတ်ဒေသမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တားဆီးနိုင်ရေးအတွက် မဟာမိတ်တွေနဲ့ဆွေးနွေးဖို့ ဂျပန်ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မြန်မာအပါဝင် ဒေသတွင်း နိုင်ငံတွေမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အမေရိကန်က မဟာမိတ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

“မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျရွေးချယ်ထားတဲ့ ရွေးကောက်ပွဲရလာဒ်ကို ဖျက်ဆီးတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူထုကို ရက်စက်စွာ ပစ်ခတ်ဖြိုခွင်းနေတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး Blinken က ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့အတူ ဂျပန်ကိုရောက်နေတာဖြစ်ပြီး မနက်ဖန်မှာ တောင်ကိုရီးယားကို ဆက်သွားဖို့ရှိနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီး နှစ်ဦးစလုံး အတူတူခရီးထွက်ပြီး အခုလို အာရှဒေသမှာ တရုတ်လွှမ်းမိုးမှုတာဆီးရေးလုပ်တာဟာ အတော်ထူးခြားနေတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

ဒီခရီးစဉ်ကို တရုတ်အစိုးရကတော့ ဝေဖန်ပါတယ်။ တချိန်တည်းမှာပဲ တရုတ်အစိုးရပိုင် China Global Television Network ကနေ မြန်မာနိုင်ငံမှာ တရုတ်ပိုင် စက်ရုံတွေ ထပ်ဖျက်ဆီးခံရရင် တရုတ်က လက်ခံမှာ မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လှိုင်သာယာမှာ တရုတ်ပိုင်စက်ရုံ ၃၀ ကျော်ဖျက်ဆီးခံရပြီး တရုတ်အလုပ်သမားတွေလည်း ဒဏ်ရာရခဲ့တယ်လို့ တရုတ်အစိုးရကပြောထားပါတယ်။ 

“တရုတ်ရဲ့အကျိုးစီးပွားအပေါ် နောက်ထပ် ကျုးကျော်မှုကို ခွင့်ပြုမှာမဟုတ်ဘူး။ ထိမ်းမနိုင်သိမ်းမရဖြစ်နေတဲ့ အခြေအနေရှုပ်ထွေးမှုကို မြန်မာအာဏာပိုင်တွေက မတားဆီးနိုင်ဘူးဆိုရင် တရုတ်က အင်အားသုံးပြီး တရုတ်အကျိုးစီးပွားနဲ့ တရုတ်နိုင်ငံသားတွေကို ကာကွယ်ရပါလိမ့်မယ်” လို့ China Global Television Network (CGTN) က သတိပေးထားပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

EU ရဲ့ စီးပွားရေးပိတ်ဆို့မှု ရှေ့သီတင်းပတ် စတင်မည် EU ရဲ့ စီးပွားရေးပိတ်ဆို့မှု ရှေ့သီတင်းပတ် စတင်မည် Reviewed by THITHTOOLWIN on 06:21 Rating: 5

No comments:

Powered by Blogger.