၁၄၉ ဦးသေဆုံး၊ ရာနဲ့ချီပျောက်ဆုံးနေဟု ကုလ သတိပေး




(၁၆-၃-၂၀၂၁)

ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားသေဆုံးသူ အနည်းဆုံး ၁၄၉ ဦးစာရင်းရထားပြီး ပျောက်ဆုံးနေသူက ရာနဲ့ချီရှိနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

"သေဆုံးမှုနှုန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သိသိသာသာ တိုးလာပါတယ်။ ဘာကြောင့်လဲဆိုရင် လုံခြုံရေးတပ်တွေက လူသတ်လက်နက်တွေသုံးပြီး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စိတ်ရှိလက်ရှိ ပစ်သတ်လာလို့ဖြစ်ပါတယ်'' လို့ ကုလ လူ့အခွင့်အရေးရုံး ပြောခွင့်ရသူ Ravina Shamdasani က သတင်းစာရှင်းပွဲမှာပြောပါတယ်။

ကုလသမဂ္ဂက ရထားတဲ့စာရင်းဟာ ၁၄၉ ဦးသာရှိပေမယ့် နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအသင်း AAPP ကတော့ ၁၈၀ ကျော်အထိ ရထားတယ်၊ တနင်္ဂနွေ တရက်တည်းတင် သေဆုံးသူ ၇၄ ဦးရှိတယ်လို့ပြောပါတယ်။ ဒါပေမယ့် တကယ့်စာရင်းအမှန်က ဒီထက်ပိုများနိုင်တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

လုံခြုံရေးတပ်တွေဟာ လမ်းမပေါ် ဆန္ဒပြသူတွေကို ဒီလိုပစ်ခတ်သတ်ဖြတ်တာအပြင် ဥပဒေမဲ့ ဖမ်းဆီး၊ ညှင်းပန်း၊ ထိမ်းသိမ်းမှုတွေကလည်း အတော်ဆိုးနေတယ်။ ဖမ်းဆီးခံထားရသူ ၂,၀၈၄ ဦးရှိနေပြီလို့ ကုလ ပြောခွင့်ရသူကဆိုပါတယ်။

"ဖမ်းဆီးစစ်ဆေးစဉ်မှာ ညှင်းပန်းနှိပ်စက်မှုတွေ ဆိုးရွားစွာလုပ်နေတယ်ဆိုတဲ့သတင်းတွေကြောင့် အတော်ကို စိတ်သောကရောက်စေပါတယ်'' လို့ ပြောခွင့်ရသူက စစ်ကောင်စီကို သတိပေးပါတယ်။

NLD ပါတီဝင်တွေအပါဝင် ညဖက်မှာဖမ်းဆီးခံရသူအချို့ဟာ မနက်ကျရင် အလောင်းပဲ ပြန်ရတာမျိုးတွေ ရှိလာနေပါတယ်။ ကုလ ကရထားတဲ့စာရင်းအရ ဒီလို စစ်ဆေးမှုအတွင်း -ညှင်းပန်းနှိပ်စက်ခံရလို့သေဆုံးသူ ၅ ဦးရှိနေပြီဖြစ်ပြီး အဲဒီထဲက ၂ ဦးရဲ့အလောင်းမှာ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေကို အထင်းသားမြင်နေရတယ်- လို့ ကုလ လူ့အခွင့်အရေး အရာရှိ Shamdasani က မှတ်တမ်းနဲ့တကွ ရှင်းပြပါတယ်။

ဒ့ါအပြင် "ဥပဒေမဲ့ ဖမ်းဆီးခံနေရသူတွေထဲက ရာနဲ့ချီတဲ့လူတွေဟာ အခုထိ မိသားစုနဲ့ အဆက်သွယ်မရ၊ စစ်အုပ်စုဖက်ကလည်း သတင်းထုတ်ပြန်ခြင်းမရှိပဲ ပျောက်ဆုံးနေတယ်- လို့ ကုလ အရာရှိကထောက်ပြပါတယ်။

အခုဆိုရင် ရန်ကုန်နဲ့ မန္တလေးက ဒေသအချို့မှာ စစ်အုပ်ချုပ်ရေးချပြီး ဆက်သွယ်ရေးတွေ ဖြတ်တောက်လိုက်တဲ့အတွက် မြေပြင်က တကယ့်သေဆုံးမှု၊ ဖမ်းဆီးမှု အခြေနေတွေကို သိရဖို့ ခက်ခဲနေတယ်လို့ Shamdasani က ပြောပါတယ်။

အင်တာနက်ဖြတ်တောက်ပြီး မီဒီယာသမားတွေကိုလည်းဖမ်းဆီးနေတဲ့အတွက် အခုဆိုရင် အဖမ်းခံရသူ ၂၀၀၀ ကျော်ထဲမှာ သတင်းထောက်က ၃၇ ဦးပါနေပါတယ်။ တချိန်တည်းမှာပဲ မီဒီယာ ၅ ခုကိုလည်း အသံလွှင့်ခွင့်၊ သတင်းစာထုတ်ခွင့် ပိတ်ပင်လိုက်ပါတယ်။

အခု သူမပြောတဲ့ ဖမ်းဆီးခံရသူ၊ သေဆုံးသူဦးရေဟာ ရရှိထားတဲ့ စာရင်းတွေကိုသာ ထုတ်ပြန်တာဖြစ်ပြီး တကယ့်အရေအတွက်က ဒီထက်မကများနိုင်တယ်လို့ ကုလ လူ့အခွင့်အရေးရုံး ပြောခွင့်ရသူ Ravina Shamdasani က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

၁၄၉ ဦးသေဆုံး၊ ရာနဲ့ချီပျောက်ဆုံးနေဟု ကုလ သတိပေး ၁၄၉ ဦးသေဆုံး၊ ရာနဲ့ချီပျောက်ဆုံးနေဟု ကုလ သတိပေး Reviewed by THITHTOOLWIN on 06:18 Rating: 5

No comments:

Powered by Blogger.