ရဲများက အိမ်အတွင်းဝင်၍ ခြေမသန်သူအား ရော်ဘာကျည်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့





ရန်ကုန်၊ မတ် ၁

စမ်းချောင်းမြို့နယ် မြေနီကုန်း(မြောက်) ရပ်ကွက်ရှိ ခြေတစ်ဖက်မသန်စွမ်းသူ၏နေအိမ်တံခါးကို ရိုက်ချိုးကာ ရော်ဘာကျည်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်မှုတစ်ခု မတ်လ ၁ရက်နေ့ ညနေ ၄နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။ 

ရဲများက သီရိမင်္ဂလာလမ်းအတွင်းရှိ နေအိမ်သစ်သားတံခါးကို ရိုက်ချိုး၍ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်နေစဉ်အချိန်၌လည်း “မင်းလုပ်ထားတာမင်းသိတယ်နော်” ဟု အော်ဟစ်ပြောဆိုသွားခဲ့ကြောင်း အပစ်ခံရသည့်အသက်၅၀အရွယ်ရှိ ဦးဝင်းပိုင်က ဆိုသည်။

ဦးဝင်းပိုင်သည် အက်စီးဒင့်တစ်ခုကြောင့် ငယ်စဉ်ကတည်းက ခြေတစ်ဖက်မသန်သူတစ်ဦးဖြစ်ပြီး လတ်တလောတွင် အိမ်ရှေ့၌ ညစဉ် ကင်းစောင့်သည့်အလုပ်တစ်ခုကိုတာဝန်ယူထားသူဖြစ်သည်။

ဦးဝင်းပိုင်၏ ဇနီးဖြစ်သူကမူ စစ်အာဏာရှင်ဆန့်ကျင်ရေး ရံဖန်ရံခါ ဆန္ဒထွက်ပြရုံကလွဲ၍ ထိုအိမ်တွင် နိုင်ငံရေးသမားတစ်ဦးမှမရှိဟု ဆိုသည်။

“ဒီအိမ်ကိုတန်းလာတယ်၊ တံခါးပွင့်ပွင့်ချင်းတေ့ပစ်သွားတာပဲ၊ ရှောင်ချိန်မရဘူး၊ အကွာအဝေးက ဒီလောက်ပဲကွာတယ် (သေနတ်တစ်လက်အကွာအဝေး)” ဟု ဦးဝင်းပိုင်က ဆက်ပြောသည်။

၁၀ ချက်ထက်မနည်းသော ထိုပစ်ခတ်မှုကြောင့် ဦးဝင်းပိုင်၏ ရင်ဘတ်နှင့်လည်ပင်းတွင် ရော်ဘာကျဉ်ဒဏ်ရာ ၅ချက်၊ ညာဘက်ပေါင်ရင်းတွင် ၄ ချက် ဒဏ်ရာရရှိခဲ့သည်။

“ကျွန်မတို့က ဘာလုပ်နေလို့လဲ လို့ သူတို့ပစ်နေတုန်း တစ်တွင်တွင်ပြောတယ်၊ ဘာမှလည်း ရှင်းပြခွင့်မပေးဘူး၊ ကျည်အစစ်ဆို အန်တီတို့ တစ်မိသားစုလုံးသေသွားပြီ၊ ဒီလိုနိုင်ထက်စီးနင်းလုပ်တဲ့ စစ်အစိုးရကို လိုကိုမလိုချင်ဘူး၊ လုံးဝမကျေနပ်ဘူး” ဟု ဦးဝင်းပိုင်၏ ဇနီးဖြစ်သူက ဆိုသည်။


ရဲများက အိမ်အတွင်းဝင်၍ ခြေမသန်သူအား ရော်ဘာကျည်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့ ရဲများက အိမ်အတွင်းဝင်၍ ခြေမသန်သူအား ရော်ဘာကျည်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့ Reviewed by THITHTOOLWIN on 03:12 Rating: 5

No comments:

Powered by Blogger.