ရန်ကုန်မြို့ဆန္ဒပြသူ ရာနဲ့ချီဖမ်းဆီးခံရ၊ ဒဏ်ရာရသူများပြား

ရန်ကုန်မြို့က ဆန္ဒပြသူများကို ရဲများက ဖမ်းဆီးသွားတဲ့ မြင်ကွင်း။ (မတ် ၂၊ ၂၀၂၁)

ရန်ကုန်တစ်မြို့လုံး အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းပတမ်း ဖြိုခွင်းတာကြောင့် ခြောက် ဦး ထက်မနည်း သေကြေရသလို လူဦးရေ ရာနဲ့ချီ အဖမ်းခံထားရပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းပေမဲ့ ဆန္ဒပြပြည်သူတွေ အရင်ကထက် ပိုမိုပြင်းထန်လာပါတယ်။ ရန်ကုန်အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က တင်ပြပေးမှာပါ။

အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်ကန့်ကွက်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့လို့ မြောက်ဥက္ကလာမြို့နယ် လေး ဦးနဲ့ မြောက်ဒဂုံမြို့နယ် နှစ် ဦး ကျည်ထိမှန်လို့ ဒဏ်ရာအပြင်းအထန်ရရှိပြီး သေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ သုံးဦးက ဦးခေါင်းပွင့်ထွက်သွားတယ်လို့ ဆေးရုံရောက်နေတဲ့ မျက်မြင်တစ်ဦးက အခုလို ဗွီအိုအေကို ပြောပါတယ်။

“ဒီလိုခင်ဗျာ မနက်က နှစ်ယောက်ဆုံးသွားတယ်။ ညနေ ကျနော် ဆေးရုံရောက်တော့ ၄ ယောက်ပေါ့။ စုစုပေါင်းတော့ ဒီနေ့တစ်နေ့လုံး ခြောက်ယောက်ခင်ဗျာ။ အမျိုးသားချည်းပဲ ခြောက် ယောက်၊ နှစ် ယောက်ကတော့ မြောက်ဒဂုံမြို့နယ်ပေါ့။ မြောက်ဒဂုံမြို့နယ်ဆိုတော့ မြောက်ဥက္ကလာနဲ့ မဝေးဘူး၊ တံတားလေးပဲ ခြားတယ်။ အဲ့ဒီနေရာကို လာပြီးတော့ ဆန္ဒပြပွဲကို လာပြီးပူးပေါင်းတဲ့ နှစ် ယောက်က ပါဝင်တယ်ပေါ့နော်... အဲ့ဒီသေဆုံးသွားတာခင်ဗျာ ဟုတ်။ သုံးယောက်ကတော့ ဦးခေါင်းကပွင့်သွားတယ်ပေါ့နော်။ ကျနော်မျက်လုံးနဲ့ မြင်ခဲ့တဲ့ ဒဏ်ရာအခြေအနေက သုံးယောက်က ဦးခေါင်းက ပွင့်သွားတယ်။ တစ်ယောက်က ဦးစပ်ကျေသွားတာ ဘယ်လိုပုံစံလဲတော့ ကျနော်မသိဘူး။ ဦးစပ်ကျေသွားတယ်။ နောက်တစ်ယောက်ကကျတော့ နှလုံးပေါ့နော်။ နှလုံးထိတယ်။ နောက်တစ်ယောက်ကတော့ ဆီးခုံ ထိပြီးတော့ ဆုံးသွားတယ်။”

ဒီနေ့ မတ်လ ၃ ရက်နေ့မှာ မြောက်ဥက္ကလာမြို့နယ် (ဇ) ရပ်ကွက်မှာ စစ်အာဏာရှင်ဆန့်ကျင်သူတွေကို အကြမ်းဖက်ဖြိုခွဲလို့ အပြင်းအထန်ဒဏ်ရာရရှိသူ၊ ရာဘာကျည်ထိမှန်သူတွေ ရှိနေပါတယ်။

ပရိဟိတအဖွဲ့တွေကို ရဲတပ်ဖွဲ့က ခြေထောက်နဲ့စောင့်ကန်တာ နံပါတ်တုတ်တွေ၊ သေနတ်ဒင်တွေနဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ဖမ်းဆီးသွားတယ်လို့လည်း အနီးအနားမှာရှိနေတဲ့ မျက်မြင် သက်သေတွေက ပြောပါတယ်။

အဲ့ဒီမြို့နယ်မှာပဲ သန္တာလမ်းထိပ်၊ သုဓမ္မာလမ်းမကြီးပေါ် ကန်သာယာပန်းခြံအနီး သပိတ်စစ်ကြောင်းကို ရာဘာကျည်၊ မျက်ရည်ယိုဗုံး အသံဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲလို့ ဒဏ်ရာရသူရှိသလို အဖမ်းခံရသူလည်း ရှိတယ်လို့ မျက်မြင်တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

တာမွေ၊ ကျောက်မြောင်း သပိတ်စစ်ကြောင်းကိုလည်း မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရာဘာကျည်နဲ့ ဖြိုခွင်းပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပိတ်ဖမ်းဆီးလို့ လူ ၂၀၀ ထက်မနည်း ဖမ်းခံရတယ်လို့ သတင်းယူနေတဲ့ သတင်းထောက် ကိုထက်ဇင်က ပြောပါတယ်။

“စစ်ကြောင်းက ကျောက်မြောင်းထဲမှာပဲ လှည့်ပြီးတော့ ပြန်ရောက်တဲ့အခါမှာ ဗကသစစ်ကြောင်းပေါ့... GSC စစ်ကြောင်းလို့ သိရပါတယ်။ အဲဒီ GSC စစ်ကြောင်းက ကျောက်မြောင်းထဲမှာလှည့်ပြီး တာမွေကိုထွက်တာပေါ့။ လမ်းမကြီးဘက်ထွက်တော့ ကျောက်မြောင်းစျေးပွိုင့်မှာ လုံခြုံရေးအဖွဲ့တွေ၊ တပ်ကနေ အကုန်လုံးကို ဝိုင်းပိတ်ပြီးဖမ်းတော့ လူ ၂၀၀ ပတ်ဝန်းကျင်လောက် ဖမ်းခံရတယ်လို့ ကျနော်တို့သိရတယ်။ ကျောက်မြောင်းဘက်မှာ နေတဲ့သူတော်တော်များများ ပါသွားကြတယ်။ အခုတပ်ကနေ ဘာလုပ်ထားလဲဆိုတော့ ကျောက်မြောင်းထဲကို ဝင်လို့ရတဲ့ လမ်း... သြဘာလမ်း၊ သင်္ဂဟလမ်း၊ သီတာလမ်းတွေ အဲ့ဒီလမ်းတွေအကုန်လုံးကို ပိတ်ပြီး ရပ်နေတာပေါ့။ ကျောက်မြောင်းထဲကိုတော့ ဝင်မလာဘူး။ လမ်းတွေထဲမှာတော့ ဆန့်ကျင်ရေး ဆက်လုပ်နေတယ်။ ထိုင်သပိတ်တွေလည်း ဆက်ရှိနေတယ်။ ကျောက်မြောင်းမှာရှိနေတဲ့ လမ်းတွေကို ပြည်သူကပိတ်ထားတော့ လမ်းထဲရောက်နေတဲ့ ကားတွေလည်း ပြန်ထွက်ဖို့ တော်တော်အခက်အခဲဖြစ်နေတာပေါ့။”

အလာတူ စမ်းချောင်းမြို့နယ် ပဒုမ္မာလမ်း၊ ကျွန်းတောလမ်း၊ ဗဟိုလမ်းတစ်ဝိုက်မှာလည်း ရဲတပ်ဖွွဲ့က မျက်ရည်ဗုံး၊ အသံဗုံး၊ လောက်လေးခွတွေနဲ့ ဆန္ဒပြလူအုပ်စုကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲလိုက်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ အကြမ်းဖက်ဖြိုခွဲလို့ ရာဘာကျည်ထိမှန်သူရှိသလို အဖမ်းခံရသူလည်း အများအပြား ရှိနေပါတယ်။

လှိုင်မြို့နယ်၊ ပါရမီလမ်း စိန်ဂေဟာအနီးမှာ ဆန္ဒပြသူ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို လက်နက်ကိုင်တွေက ပစ်ခတ်လိုက်လို့ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဆန္ဒပြပြည်သူတွေကို မျက်ရည်ယိုဗုံးသုံးတာ၊ ဖမ်းဆီးတာနဲ့ အကြမ်းဖက် ပစ်ခတ်တာတွေရှိနေပေမယ့် တကျော့ပြန်သပိတ်စစ်ကြောင်းကိုလည်း ပြည်သူတွေဘက်က နေ့လယ်ပိုင်းအချိန်မှာ ပြင်ဆင်ခဲ့ပါတယ်။

သမိုင်းလမ်းဆုံ၊ ကုလားကျောင်းမှတ်တိုင် အနီးက ရပ်ကွက်တွေထဲ မနေ့ကတည်းက ဝင်ရောက်ခြောက်လှန့်တာတွေ ရှိနေပြီး ဒီနေ့မှာလည်း လက်နက်ကိုင်တွေဘက်က အင်အားသုံးအကြမ်းဖက်လို့ ပိတ်မိနေသူတွေ ရှိနေခဲ့တာပါ။

အင်းစိန်၊ ကြို့ကုန်းနားမှာတော့ ဆန္ဒပြပြည်သူတွေကို လက်နက်ကိုင်တွေဘက်က မနက်ကတည်းက မျက်ရည်ယိုဗုံးသုံးတာ၊ အကြမ်းဖက် ပစ်ခတ်တာတွေကြောင့် ထိခိုက်ဒဏ်ရာရသူတချို့ ရှိခဲ့ပါတယ်။ စစ်တပ်နဲ့ ရဲတွေ နောက်ပြန်ဆုတ်တဲ့ အချိန် ဆန္ဒပြသူတွေ တစ်ခါပြန်စုပြီး ဆန္ဒဆက်ပြနေကြလို့ လူမစုနိုင်အောင် ရဲတွေ အကြိမ်ကြိမ်ဖြိုခွဲ ဖမ်းဆီးနေပါတယ်။

ရန်ကုန်မြို့ နေရာအနှံ့မှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ် နှိမ်နင်းနေပေမဲ့ လူငယ်တွေ အလျှော့မပေးဘဲ တစ်နေ့ထက်တစ်နေ့ ဆန္ဒပြလူအင်အား ပိုမိုတိုးလာနေပါတယ်။


အဂ္ဂနွန်/ VOA Burmese

https://burmese.voanews.com/a/yangon-myanmar-military-coup-protest/5799898.html

ရန်ကုန်မြို့ဆန္ဒပြသူ ရာနဲ့ချီဖမ်းဆီးခံရ၊ ဒဏ်ရာရသူများပြား ရန်ကုန်မြို့ဆန္ဒပြသူ ရာနဲ့ချီဖမ်းဆီးခံရ၊ ဒဏ်ရာရသူများပြား Reviewed by THITHTOOLWIN on 22:27 Rating: 5

No comments:

Powered by Blogger.