ဆန္ဒပြပွဲများအကြမ်းဖက်ခံရမှု တနိုင်ငံလုံး သေဆုံးသူ ၃၀ နီးပါးရှိ

ရန်ကုန်မြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (မတ် ၃၊ ၂၀၂၁)

ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ရန်ကုန် မြောက်ဥက္ကလာပမှာ သေဆုံးသူ ၁၆ ဦးထက်မနည်းရှိသွားပြီလို့ ဗွီအိုအေက စုံစမ်းအတည်ပြုလို့ရပါတယ်။ မြောက်ဥက္ကလာပ ဆေးရုံကြီးပေါ်မှာ သေဆုံးသူ ၅ ဦးရှိပြီး၊ အပြင်းအထန်ဒဏ်ရာရထားသူ ၂၀ ရှိတယ်လို့ သိရပါတယ်။ အခြားသေဆုံးမှုတွေကတော့ ပုဂ္ဂလိကဆေးရုံတွေကို ရောက်လာတဲ့ ဒဏ်ရာရသူတွေဖြစ်တယ်လို့သိရပါတယ်။

ဆန္ဒပြမှုတွေကို ပစ်ခတ်နှိမ်နင်းလို့ တနိုင်ငံလုံး ဒီနေ့ တနေ့တည်းတင် သေဆုံးသူ ၃၀ နီးပါးအထိ ရှိလာပြီဖြစ်ပါတယ်။ ဒဏ်ရာပြင်းထန်သူတွေရှိတာမို့ သေဆုံးသူ တိုးလာနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်က ဒီကနေ့မှာလည်း အကြမ်းဖက်ဖြိုခွဲတာကြောင့် သေဆုံး ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ လူငယ်အများစုပါဝင်ပြီး ဦးခေါင်းကို တည့်တည့်ပစ်ခံရလို့ သေဆုံးသွားသူတွေရဲ့ ရုပ်ပုံတွေ၊ ဗီဒီယိုတွေကို လူမှုကွန်ယက်မှာ တွေ့ရပါတယ်။

အခုချိန်ထိရထားသမ ျှ အတည်ပြုစာရင်းတွေအရ မုံရွာမှာ ၆ ဦး၊ မန္တလေးမှာ ၂ ဦး၊ မြင်းခြံမှာ ၁ ဦး၊ စလင်းမှာ ၁ ဦး၊ ရန်ကုန်မှာ ၁၀ ဦး စုစုပေါင်း သေဆုံးသူ အယောက် ၂၀ ထက်မနည်း ရှိပါတယ်။

ဒီညနေပိုင်းမှာ ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်က ဆန္ဒပြသူတွေ နောက်တစ်ကြိမ်စုဝေးပြီး ဆန္ဒပြကြတာကို စစ်တပ်နဲ့ရဲက ထပ်ပြီး ပစ်ခတ်ဖြိုခွဲတာကြောင့် နောက်ထပ် သေဆုံး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ပရဟိတ ကယ်ဆယ်ရေးလုပ်သားတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

"မြောက်ဥက္ကလာတမြို့နယ်လုံးဆိုရင် သေဆုံးတာရော၊ ထိခိုက်တာရောဆိုရင် ၄၀ ကျော်လောက်ရှိတယ်ဗျ။ သေဆုံးကတော့ လောလောဆယ်မှာတော့ ကျနော်တို့သိထားသလောက် စာရင်းကတော့ ရှစ်ယောက်လောက်ရှိတယ်။ ဒါပေမဲ့ ဟိုဘက်၊ ဒီဘက် သတင်းတွေကတော့ သတင်းအပြည့်စုံတော့မရသေးဘူး။ ၁၀ ယောက်လောက်တော့ရှိပါတယ် ခင်ဗျ။"

တခြားဒေသတွေမှာလည်း သေဆုံးသူတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ထားပေမဲ့ အတည်မပြုနိုင်သေးပါဘူး။ တနိုင်ငံလုံးမှာ ဒဏ်ရာရသူ အများအပြားရှိပြီး အရေအတွက် အတိအကျကို မသိရသေးပါဘူး။ ဒဏ်ရာရသူတွေထဲမှာ အခြေအနေစိုးရိမ်ရသူတွေ အများအပြားရှိတယ်လို့ ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့သမ ျှ ဒေသခံတွေက ပြောပါတယ်။

မန္တလေးက ဒဏ်ရာရသူတွေထဲမှာ ဗွီအိုအေသတင်းထောက်လည်းပါဝင်ပြီး ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းမှာ ရာဘာကျည်နှစ်ချက် ထိထားပြီးတော့ စိုးရိမ်ရတဲ့အခြေအနေတော့ မရှိပါဘူး။

မန္တလေးမြို့ကပဲ နောက်တစ်နေရာမှာတော့ ပစ်ခတ်သံတွေနဲ့အတူ ရဲတွေ၊ စစ်သားတွေက အိမ်တလုံးရဲ့ရှေ့ကနေ လေးခွတွေနဲ့ ပစ်နေတာကို အိမ်ထဲကနေ ရိုက်ယူထားတဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။

ရန်ကုန်နဲ့ မန္တလေးအပါအဝင် နေရာအတော်များများက ဆန္ဒပြသူတွေဟာ မီးသတ်ဆေးဘူးနဲ့ ဓာတ်ငွေ့တွေဖြန်းထုတ်ပြီး အကာအကွယ်ရဖို့ ကြိုးစားခဲ့ကြပါတယ်။

တနိုင်ငံလုံးမှာ ဖမ်းဆီးခံရသူ ရာပေါင်းများစွာရှိနိုင်ပြီး ရန်ကုန်၊ တာမွေနဲ့ ကျောက်မြောင်းအရပ်မှာတင် အဖမ်းခံရသူ ၃၀၀ ကျော်ရှိနိုင်တယ်လို့ မျက်မြင်တွေ့သူတွေက ဗွီအိုအေကိုပြောပါတယ်။

ဒဏ်ရာရသူတွေကို ပရဟိတ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်သားတွေက ပြုစုကုသပေးကြပေမယ့်လည်း စစ်တပ်နဲ့ရဲဟာ အဲဒီလူတွေကိုပါ ရန်ပြု ဖမ်းဆီးပါတယ်။

ရန်ကုန်၊ မြောက်ဥက္ကလာပမှာ ပရဟိတ အရေးပေါ်ကားတစ်စီးကိုတားပြီးတော့ ပရဟိတလုပ်သားတွေကို ရဲက သေနတ်နဲ့ချိန်ပြီး ဆင်းခိုင်းပါတယ်။ အဲဒီနောက် ကားဘေးမှာ ထိုင်ခိုင်းထားပြီး ရဲ ၇ ယောက်ထက်မနည်းက ကန်ကျောက်တဲ့အပြင် ခေါင်းကိုပါ သေနတ်ဒင်တွေနဲ့ ဝိုင်းရိုက်တာကို အနီးက CCTV ကင်မရာကနေ ရိုက်ယူထားတဲ့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။ ခနအကြာမှာ သွေးထွက်သံယိုနဲ့ ပရဟိတလုပ်သားတွေကို ခေါ်ထုတ်သွားတာ တွေ့ရပြီး လက်ရှိအချိန်ထိ ဖမ်းခံထားရဆဲပဲလို့ တခြား ပရဟိတ ကျန်းမာရေးလုပ်သားတွေကပြောပါတယ်။

ဒါ့အပြင် မြောက်ဥက္ကလာဘက်မှာပဲ စစ်သားနဲ့ရဲတွေဟာ ရပ်ကွက်အတွင်းပိုင်းတွေထဲထိ ဝင်ရောက်ပြီး ပုန်းခိုနေတဲ့ ဆန္ဒပြသူတွေကို လိုက်ရှာတာမှာ အိမ်တံခါးတွေကို ရိုက်ချိုးဖျက်ဆီးတာ၊ အိမ်ထဲကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ ကိုယ်တိုင်မြင်တွေ့သူတွေက ဗွီအိုအေကို ပြောပါတယ်။

အဲဒီလို နည်းမျိုးစုံနဲ့ အပြင်းအထန် အကြမ်းဖက် နှိမ်နင်းဖြိုခွဲတဲ့ကြားမှာပဲ ဆန္ဒပြသူတွေဟာ အင်အားပြန်စုပြီး သီချင်းဆို အော်ဟစ်ကြွေးကျော် ဆန္ဒပြခဲ့ကြပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-protest-military-coup-/5799834.html

ဆန္ဒပြပွဲများအကြမ်းဖက်ခံရမှု တနိုင်ငံလုံး သေဆုံးသူ ၃၀ နီးပါးရှိ ဆန္ဒပြပွဲများအကြမ်းဖက်ခံရမှု တနိုင်ငံလုံး သေဆုံးသူ ၃၀ နီးပါးရှိ Reviewed by THITHTOOLWIN on 22:25 Rating: 5

No comments:

Powered by Blogger.