တစ်ရက်တည်း ဆန္ဒပြသူ အနည်းဆုံး ၁၀ ဦး ကျည်အစစ် ထိမှန်သေဆုံး



အာဏာသိမ်း စစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြသူတွေ မြို့နယ်အများစုမှာ ဒီနေ့ဆက်ရှိနေပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့က တချို့နေရာတွေမှာ ကျည်အစစ်တွေသုံးပြီး ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလိုပစ်ခတ်မှုကြောင့် ဒီနေ့ တစ်ရက်တည်းမှာတင် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြား ရှိခဲ့ပါတယ်။

တပ်မတော် အာဏာသိမ်းထားတဲ့ ၃၁ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့မှာလည်း ဆန္ဒပြသူတွေဟာ မြို့နယ် အသီးသီးမှာ အများအပြား လမ်းတွေပေါ်မှာ ဆက်ရှိနေပါတယ်။ အဲ့ဒီဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် တွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။ တချို့မြို့တွေမှာတော့ ကျည်အစစ်တွေ ကိုပါ သုံးပြီး ပစ်ခတ်တာတွေကြောင့် သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကျည်အစစ်တွေ၊ ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေ သုံးပြီး ဒီနေ့ ဖြိုခွဲခဲ့တာပါ။ အဲဒီလိုဖြိုခွဲတာကြောင့် ဒီနေ့နေ့လယ် ၂ နာရီအထိ ကျည်အစစ် ထိမှန်သူ ၄ ဦး သေဆုံးခဲ့ကြောင်း ထိခိုက်သူတွေကို ကယ်ထုတ်ခဲ့တဲ့ မုံရွာမြို့ခံ ကိုအောင်နေမျိုးက ပြောပါတယ်။

နောက်ထပ် ဒဏ်ရာရသူတွေလည်း ရှိနိုင်ပြီး အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ကိုအောင်နေမျိုးက ပြောပါတယ်။

ညနေ ၅ နာရီအထိ ရရှိထားတဲ့ စာရင်းအရ မုံရွာမြို့မှာ သေဆုံးသူဟာ အနည်းဆုံး ၆ ယောက်ရှိနေပြီ ဖြစ်ပါတယ်။ နောက်ထပ်လည်း သေဆုံးသူတွေရှိနိုင်တယ်လို့ သတင်းတွေထွက်နေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။

မန္တလေးမြို့မှာလည်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီနေ့ အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ အဲဒီမှာ အနည်းဆုံး နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား တစ်ဦး သေဆုံးခဲ့တာပါ။ ၈၄ လမ်းနဲ့ ၃၁ လမ်း အနီးပတ်ဝန်းကျင်မှာလည်း ဆန္ဒပြသူတွေ ရိုက်နှက်ဖမ်းဆီးခံရတာတွေ ရှိပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့မှာလည်း ဆန္ဒပြနေတဲ့ ပြည်သူတွေကို ရဲနဲ့စစ်သားတွေက အကြမ်းဖက် သေနတ်နဲ့ ပစ်ခတ် ဖြိုခွဲခဲ့တာကြောင့် အမျိုးသားတစ်ဦး ဦးခေါင်းပွင့်ထွက်ပြီး သေဆုံးခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

အမှတ် ၁၉ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၀ ပတ်ဝန်းကျင် အမျိုးသားတစ်ဦး ဦးခေါင်းကျည်ထိမှန်တဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။

ဆန္ဒပြပွဲမှာ မပါဘဲ လမ်းဘေးရပ်နေသူတွေကိုလည်း ကားတစ်စီးပေါ်က ပစ်သွားတာကြောင့် ဝမ်းဗိုက်ထိမှန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူ ၂၀ လောက်လည်း အကြမ်းဖက် ဖြိုခွဲခံရတာကြောင့် ဒဏ်ရာတွေရထားတယ်လို့ ပရဟိတအသင်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မကွေးတိုင်း စလင်းမြို့မှာလည်း ဆန္ဒပြသူ‌ လေးယောက်ကို ဒီနေ့မနက်က ဖမ်းဆီးသွားတာ ပြန်လွှတ်ပေးဖို့ ရဲစခန်းရှေ့ သွားရောက်တောင်းဆိုရာမှာ ကျည်အစစ်နဲ့ ပစ်ခတ် ဖြိုခွဲခဲ့တာကြောင့် တစ်ဦးက သေဆုံးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူဟာ အသက် ၂၀ ဝန်းကျင် ဒုတိယနှစ် အင်ဂျင်နီယာ ကျောင်းသား ကိုအောင်မြင့်မြတ် ဖြစ်ပါတယ်။ နောက်ထပ် သုံးယောက်ကလည်း ဒဏ်ရာစိုးရိမ်ရတာကြောင့် မကွေးမြို့ကို ဆေးကုဖို့ လွှဲပြောင်းလိုက်ပါတယ်။

မကွေးမြို့မှာလည်း ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြားမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိနေခဲ့ပါတယ်။ သေနတ်နဲ့ ပစ်တာအပြင် မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေနဲ့ သပိတ်အဖွဲ့ကို ဖြိုခွဲလို့ နှစ်ဘက်ဒဏ်ရာ ရရှိတာတွေရှိခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ပစ်ခတ်မှုအတွင်းမှာ ဆန္ဒပြသူ နှစ်ဦး ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ ဆန္ဒပြသူတွေက လေးခွနဲ့ ပြန်ပစ်ခတ်တာခံရလို့ ရဲအရာရှိ တစ်ဦးအပါအဝင် ရဲလေးဦး ဒဏ်ရာရာခဲ့ပြီး ဆန္ဒပြသူ ရှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ နေ့လယ်ပိုင်းအထိ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား နှစ်ဘက် တင်းမာမှုတွေ မကွေးမြို့မှာ ရှိနေခဲ့တာပါ။

ရန်ကုန်မြို့မှာတော့ လှည်းတန်း၊ မြေနီကုန်းနဲ့ တာမွေမြို့နယ်တစ်ဝိုက်က ဆန္ဒပြသူတွေ အပြင် တခြား မြို့နယ်တွေက ဆန္ဒပြသူတွေကိုပါ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ ပစ်ခတ် လူစုခွဲခဲ့ပါတယ်။

စမ်းချောင်းမြို့ ဗဟိုလမ်းမပေါ် ဆန္ဒပြနေတဲ့ လူငယ်တွေကို နေ့လယ်က မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး၊ ရာဘာကျည် တွေအပြင် ကျည်အစစ်တွေနဲ့ ပစ်ခတ်ပြီး ဖြိုခွင်းခဲ့ပါတယ်။

အနည်းဆုံးလူ ၅ ယောက်လောက် ရာဘာကျည်ထိမှန်ခဲ့ပြီး လူငယ် ၅ ယောက်လောက်လည်း အဖမ်းခံခဲ့ ရပါတယ်။

မြောက်ဥက္ကလာပမြို့နယ်က ဆန္ဒပြသူတွေကိုလည်း ရဲတပ်ဖွဲ့က လမ်းကြားတွေအထိ ဝင်ရောက်ပြီး ရာဘာကျည်တွေနဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။ ဇ ရပ်ကွက်က ဖြိုခွဲမှုမှာ အနည်းဆုံး လူ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆန္ဒပြသူတွေတင်မက ကျန်းမာရေးစောင့်ရှောက်ပေးနေသူ တချို့လည်း အဖမ်းခံခဲ့ရပြီး အရေအတွက် အတိအကျတော့ မသိရသေးပါဘူး။ လူနာတင်ယာဉ်နဲ့ လမ်းပေါ်ရပ်ထားတဲ့ ကားတချို့ရဲ့ မှန်တွေကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက ရိုက်ခွဲသွားပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြစစ်ကြောင်းကို စစ်သားနဲ့ ရဲတွေက မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိသလို ဆန္ဒပြ လူငယ်တွေနဲ့ ကျောင်းဆရာမတွေကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဘယ်နှစ်ယောက်ကို ဖမ်းဆီးသွားတယ်ဆိုတာ ကိုတော့ အတိကျမသိရသေးပါဘူး။

စစ်သားနဲ့ ရဲတွေ ဖြိုခွင်းတိုက်ခိုက်လာတာကြောင့် ဆန္ဒပြသူတွေကလည်း စစ်သားနဲ့ ရဲတွေ ရှေ့တက် မလာနိုင်အောင် လမ်းပိတ်ဆို့တာတွေ ပြုလုပ်ခဲ့ပါတယ်။

မနောကွင်း နောင်ရာပါစုရပ်နေရာကိုလည်း ဒီမနက် ၉ နာရီလောက်က ဆန္ဒပြသူတွေ လူစုနေတာကို ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့တဲ့အပြင် ဆိုင်ကယ်တွေကိုလည်း သိမ်းယူသွားခဲ့ပါတယ်။ မြစ်ကြီးနားမြို့က ဒီနေ့ ဆန္ဒပြပွဲမှာ လူထုသောင်းနဲ့ချီ ပါဝင်ခဲ့ပြီး စစ်သားနဲ့ ရဲတွေက လူစုကို ငါးကြိမ်လောက် ဖြိုခွင်းခဲ့တာပါ။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာလည်း ဆန္ဒပြသူတွေ ထောင်နဲ့ချီ မြို့တွင်းမှာ ဆန္ဒပြခဲ့ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် လူစုခွဲခိုင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့ နေ့လယ် ၃ နာရီကျော် အထိ လူစုမခွဲခဲ့ပါဘူး။ ရေးမြို့မှာလည်း စစ်အာဏာရှင် ဆန္ဒပြနေသူတွေကို ကမ်းနားလမ်း နန်းသီတာဈေး နားမှာ ယနေ့ နံနက် ၁၀ ခွဲလောက်က ရဲနဲ့ စစ်တပ်က အကြမ်းဖက် ဖြိုခွင်းတာခံခဲ့ရပါတယ်။ ဒါဟာ ရေးမြို့မှာ ဒုတိယအကြိမ် ဖြိုခွဲခံရတာဖြစ်ပြီး ရဲအင်အား ၄၀ နဲ့ စစ်သား ၂၀ လောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မှာတော့ စစ်အာဏာရှင် အလိုမရှိကြောင်း လူငယ်နှစ်ရာလောက်က ဆိုင်ကယ်တွေနဲ့ နေရာခွဲပြီး ဒီနေ့ မနက်က ဆန္ဒပြခဲ့ကြပါတယ်။ လားရှိုးတက္ကသိုလ်ရှေ့၊ လားရှိုး ရန်တိုင်းအောင် ဘုရားနဲ့ မန်ဆူကျောင်း အနီးမှာ ဆိုင်ကယ်တွေနဲ့လှည့်ပြီး ဆန္ဒပြကြတာပါ။ မန်ဆူကျောင်းနား မှာ ဆန္ဒပြနေချိန် တစ်ဦးအဖမ်းခံရပြီး ထွေအုပ်ရုံးနားမှာလည်း ရဲတပ်ဖွဲ့ ယာဉ်တန်းနဲ့ ဆန္ဒပြလူငယ်တွေ ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံရသူတွေရှိတယ်လို့ပြောကြပေမယ့် အတည်ပြုလို့ မရသေးပါဘူး။ လားရှိုး ရန်တိုင်းအောင်ဘုရားနားမှာ လူငယ်တွေစုနေချိန် ရဲတပ်ဖွဲ့က အသံဗုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူစု ကွဲသွားခဲ့ ပါတယ်။ နေ့လယ်ပိုင်းမှာတော့ လားရှိုးခရိုင်ရဲရုံးရှေ့မှာ လမ်းသွားလမ်းလာတွေကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ ပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ကွမ်းခြံနဲ့ စကားဝါ လမ်းဆုံက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ က ဒီနေ့နေလယ်မှာ ရိုက်နှက်ဖြိုခွဲဖမ်းဆီးခဲ့လို့ ဆန္ဒပြသူတွေ မင်းကြီးလမ်းဘက်ကို ထွက်ပြေးခဲ့ ပါတယ်။ ထွက်ပြေးရတဲ့ ဆန္ဒပြသူတွေ ပုန်းခိုနေတဲ့ အိမ်တံခါးတွေကို ရဲတပ်ဖွဲ့က ရိုက်ချိုးဖျက်ဆီးပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

"အစတုန်းက ရှေ့ကိုတက် ၊ ရှေ့ကိုတက်ဆိုပြီး တက်ကြတာ၊ ပြီးလဲပြီးရော အကုန်ပြေးဆိုပြီးတော့ ပြေးဝင်ကြတာ ဒီအိမ်ထဲကို သမီးတို့ အဖွဲ့ က မိန်းကလေး သုံးယောက်၊ ယောက်ျားလေး နှစ်ယောက်၊ ဒီအပေါ်ထပ်ကို တက်ပြေးတာ အဲဒါကို သူတို့တွေက အကုန်လိုက်လာကြတာ၊ အပေါ်ထပ်အထိ လိုက်လာပြီးတော့ တုတ်တွေနဲ့ ထမင်းအိုးတွေလည်း ရိုက်ခွဲတယ်။ ရိုက်ခွဲပြီးတော့ အသားမနာချင်ရင် ယောက်ျားလေးတွေ အကုန်လိုက်ခဲ့ရမယ်တဲ့၊ ခေါ်သွားတာ၊ အကုန်လုံးက တောင်းပန်တယ်။ မခေါ်ပါနဲ့ ဆိုပြီး ကလေးတွေလည်း ရှိတယ်။ ကလေးတွေ ဘုစုခရုလေးတွေလည်း နှစ်ယောက်လား၊ သုံးယောက်လား ရှိတယ်။ မိန်းကလေး တွေလည်း အများကြီး၊ အဲဒါကို အတင်းလာခေါ်တာ။ အပေါ်ထပ်မှာလည်း ကြည့်လို့ ရတယ်။ ဖရိုဖရဲဖြစ်နေတာ။ သူတို့ကို ရေနွေးပူနဲ့ ပက်မှာစိုးလို့ ဆိုပြီးတော့ ထမင်းအိုးတွေပါ ရိုက်ခွဲတာ၊ သူတို့ တုတ်တွေပါ ကျန်ခဲ့တယ်။"

နေအိမ်တံခါးတွေကို ရိုက်နှက်ဖျက်ဆီးရုံတင်မက နေအိမ်အတွင်းကိုပါ ရိုက်နှက်ဖျက်ဆီးပြီး ဆန္ဒပြ ပြည်သူတွေကို ရဲတပ်ဖွဲ့ က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ရပ်ကွက်ထဲကလူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ဆန္ဒပြပြီး ပြေးပုန်းတဲ့သူတွေအပြင် လမ်းထဲကို ရဲတွေ ဝင်လာလို့ အိမ်တံခါးပိတ်ပြီး ပုန်းနေတဲ့သူတွေလည်း ပါသွားတယ်လို့ အရှေ့ငဝန်ကျွန်းသာရပ်ကွက် ပြည်သူတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကြောင့် ၁၅ ယောက်လောက် အဖမ်းခံရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

မနေ့က ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးဒ ဏ်ရာရသူတွေရှိခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း ဆန္ဒပြသူတွေ ဒီနေ့မှာ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။ အရင်ရက်က ဆန္ဒပြသူတွေ စုဝေးတဲ့နေရာကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လုံခြုံးရေးတင်းကျပ်စွာ ချထားပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာလည်း ဒေသခံတွေ သိန်းနဲ့ချီပြီး ဒီနေ့မြို့တွင်းလှည့်ပြီး ဆန္ဒပြခဲ့ပါတယ်။ ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲမြို့တွေက ဒေသခံတွေ လာရောက်ပူးပေါင်းခဲ့ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက် ဖြိုခွင်းတာကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ် ၁ ရက်နေ့အထိ သေဆုံးခဲ့ရသူ ၃၀ ထက်မနည်း ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဒီနေ့ သေဆုံးသူတွေနဲ့ပါဆိုရင် စုစုပေါင်း သေဆုံးသူ ၄၀ ဝန်းကျင်ရှိလာပါပြီ။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းနေပေမယ့် ကန့်ကွက်ဆန္ဒပြမှုတွေကတော့ နိုင်ငံအနှံ့မှာ လျော့မသွားဘဲ ပိုပြီးကျယ်ပြန့်လာနေပါတယ်။

RFA Burmese




တစ်ရက်တည်း ဆန္ဒပြသူ အနည်းဆုံး ၁၀ ဦး ကျည်အစစ် ထိမှန်သေဆုံး တစ်ရက်တည်း ဆန္ဒပြသူ အနည်းဆုံး ၁၀ ဦး ကျည်အစစ် ထိမှန်သေဆုံး Reviewed by THITHTOOLWIN on 21:15 Rating: 5

No comments:

Powered by Blogger.