မြင်းခြံဆန္ဒပြပွဲ အကြမ်းဖက်ခံရမှု တဦးသေဆုံး၊ ၂၀ ဒဏ်ရာရ

မြင်းခြံမြို့ရှိ လမ်းတခုမှာတွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်များနဲ့ စစ်သားတဦး။ (မတ် ၀၃၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု တလကျော်လာချိန်ထိ လမ်းပေါ်ထွက် ဆန့်ကျင် ဆန္ဒပြ နေကြဆဲဖြစ်ပြီး ဒီကနေ့မှာ ဆိုရင်လည်း မြင်းခြံမြို့နယ်မှာ အာဏာရှင်ဆန့်ကျင် လှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာ ရရှိခဲ့တာပါ။ မန္တလေးတိုင်း မြင်းခြံမြို့နဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ဘက်က အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီး ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က စုစည်းတင်ပြပေးပါမယ်။

အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံအနှံ့ အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေ ဒီကနေ့အထိ ကြီးထွားလာနေတာပါ။ ဒီကနေ့ နေ့လယ်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှာ အာဏာရှင်ဆန့်ကျင်လှုပ်ရှား သူတွေကို အာဏာပိုင်တွေဘက်က ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး လူ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံမြို့ လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လောလောဆယ်ကတော့ ကျနော်တို့ အသင်းက အကုန်လုံးတော့ မစုရသေးဘူးပေါ့နော်။ လက်ရှိ အသင်းအနေနဲ့ ကောက်ရတဲ့ ဥစ္စာကတော့ ကျနော်တို့ ၁၇ နှစ်ယောက်လောက်တော့ ရှိပါပြီဗျာ။ တစ်ယောက်ကတော့ ဦးခေါင်း ထိမှန်တဲ့အတွက် သေဆုံးသွားပါပြီ။ အခုကတော့ သေဆုံးသွားသူတွေရဲ့ မိဘတွေကို လောလောဆယ် သွားပို့တယ်။ အလောင်းကိုတော့ ခဏ ဖွက်ထားတယ်။ TM မလုပ်ရသေးဘူး။ ဆရာဝန်ကြီးတွေက ခေါင်းထဲက ကျည်ဆံကို ထုတ်ဖို့ ရှိသေးတာပေါ့နော်။”

ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျနော်လည်း အပြင်ထွက်လိုက် လူနာကောက်လိုက် သွားပြီးတော့ တွေ့လိုက်နဲ့... ကျနော် သိတာတော့ သုံးယောက်လောက်တော့ ရှိတယ်။ နံကြားထဲမှာ ဝင်နေတာ တစ်ယောက် ရှိမယ်ပေါ့။ နောက်ပြီးတော့ လက်ဖျံရိုးထဲမှာ ဝင်နေတာ တစ်ယောက်ရှိမယ်။ အသေးစိတ်တော့ မသိသေးပါဘူး။ ကနဦးအနေနဲ့ အတည်ပြုလို့ရတာတော့ အဲဒီလောက်တော့ လုပ်လို့ ရပါတယ်ခင်ဗျာ။”

မြင်းခြံမြို့နယ်မှာ အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေကို ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့သူတွေကို ကိုယ်တိုင်ကယ်ထုတ်လာခဲ့သူ တစ်ဦးကတော့ သူကြုံတွေ့ခဲ့ရတာကို အခုလို ပြောပါတယ်။

“ဖြစ်တဲ့အချိန် ဘယ်လိုကြုံတွေ့ရလဲဆိုတော့... ဟိုဘက်ကလည်း ပစ်တာပေါ့နော်။ ဟိုဘက်က ပစ်တဲ့အချိန် လူထုကလည်း ဘေးကို ချဲလိုက်၊ စောင့်လိုက်ပေါ့နော်။ အဲဒီလိုပဲပေါ့နော်။ဖမ်းဆီးသွားတာတော့ ကျနော်မတွေ့လိုက်ပါဘူး ခင်ဗျ။ ဒဏ်ရာရတဲ့သူတွေကိုတော့ ကျနော်တို့ ကိုယ်တိုင်သယ်ထုတ်ပါတယ်ခင်ဗျ။ အကုန်လုံး တတ်နိုင်သလောက်တော့ ဒဏ်ရာရတဲ့သူတွေကို အဆင်ပြေအောင်တော့ ဆေးခန်းကို ပို့ပေးပါတယ်။”

ဒါ့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့မှာလည်း အာဏာရှင် ဆန့်ကျင်လှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က ပစ်ခတ်ဖြိုခွင်းရာမှာ လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်ဒေသခံ တစ်ဦးက ပြောပါတယ်။

“၁၁ နာရီလောက်က ဖြစ်တာ အခုကတော့ လူစုကွဲသွားပြီလေ လေးယောက်လောက်တော့ ဒဏ်ရာရတယ်ဗျ။ ဖားကန့်မြို့မ ရဲစခန်းရှေ့မှာ ဖြစ်တာဗျ။ သူတို့က သေနတ်နဲ့ ပစ်တယ်။ မျက်ရည်ယိုဗုံးတွေ ပစ်တယ်။ ရဲရော၊ စစ်သားရော ပစ်တယ်။ တစ်ယောက်က ဗိုက်ပွင့် သွားတယ်။ သေလား၊ မသေလားတော့ မသိဘူး။ အခုက ဆေးရုံကိုလည်း ပိတ်ထားတယ်ဆိုတော့ ဆေးခန်းမှာ ပြထားတယ်။ အခြေအနေ ဆိုးတယ်ဗျ၊ အခြေအနေဆိုးတယ်။”

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင် ဆန့်ကျင် လှုပ်ရှားမှုတွေကလည်း ဆက်တိုက်ဆိုသလို ရှိနေတာပါ။ လှုပ်ရှားမှုတွေအတွင်း သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိနေသလို ဖမ်းဆီးခံရသူတွေလည်း နိုင်ငံအနှံ့ ရှိနေတာလည်း ဖြစ်ပါတယ်။ 


သက်နိုင်/ VOA Burmese

https://burmese.voanews.com/a/myin-chan-myanmar-military-coup-protest/5799756.html

မြင်းခြံဆန္ဒပြပွဲ အကြမ်းဖက်ခံရမှု တဦးသေဆုံး၊ ၂၀ ဒဏ်ရာရ မြင်းခြံဆန္ဒပြပွဲ အကြမ်းဖက်ခံရမှု တဦးသေဆုံး၊ ၂၀ ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:23 Rating: 5

No comments:

Powered by Blogger.