နယူးယောက်ပြည်နယ် အဲလ်ဘာနီမြို့က မြန်မာပြည်အတွက် ဆုတောင်းပွဲ



စစ်အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းတွေအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားတခုကို မတ်လ ၂၁ ရက်နေ့ ညနေက အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် မြို့တော် အဲလ်ဘာနီမှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားမှာ အမေရိကန်ကွန်ဂရက်အမတ် Paul Tonko၊ အဲလ်ဘားနီ မြို့တော်ဝန် Kathy Sheehan နဲ့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ် တချို့ တက်ရောက် အမှာစကားပြောခဲ့ပါတယ်။ Paul Tonko က မြန်မာအရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်မူကြမ်းနဲ့ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကို တိုက်ရိုက် ပိတ်ဆို့အရေးယူမှုတွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမေရိကန် ပြည်ထောင်စုက ချမှတ်ခဲ့ပြီး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြမ်းဖက်မှုတွေကို စောင့်ကြည်ပြီး ထိထိရောက်ရောက် အရေးယူသွားမှာပါလို့လည်း ကွန်ဂရက်အမတ် Paul Tonko က ပြောခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ CRPH နိုင်ငံတကာ ဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင်တို့ကလည်း ဒီအခမ်းအနားအတွက် သီးသန့် ဗီဒီယို သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နေ့စဉ်နဲ့အမျှ မြန်မာတနိုင်ငံလုံးက ပြည်သူလူထုကို အဓမ္မ အနိုင်ကျင့်အကြမ်းဖက်သတ်ဖြတ် ရိုက်နက်နေကြောင်း၊ ညပိုင်းဆိုရင် ပြည်သူလူထုတွေရဲ့ နေအိမ်တွေ ဈေးဆိုင်တွေထဲကို အကြမ်းဖက်ဝင်ရောက်ပြီး ပြည်သူလူထုပိုင်တဲ့ ပစ္စည်းတွေကို အဓမ္မသိမ်းပိုက်တာ ခိုးဝှက်တာတွေကို လုပ်ဆောင် နေတယ်လို့ CRPH နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သူ့ရဲ့ ဗီဒီယို မက်ဆေ့ချ်ကနေ ပြောခဲ့ပါတယ်။ နေ့စဉ် ဒီမိုကရေစီအတွက် အသက်ပေးသွားတဲ့ ပြည်သူလူထုရဲ့ စိတ်ဓာတ်တွေကို CRPH အနေနဲ့ တန်ဖိုးထားသလို CRPH အနေနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ့် အကြောင်း ပြည်သူလူထုနဲ့ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုတွေကို လိုအပ်တဲ့အကြောင်း ပြောသွားခဲ့ပါတယ်။

CRPH နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင်က….. စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်နဲ့အမျှ အကြမ်းဖက် ရိုက်နှက် သတ်ဖြတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေကြောင်း၊ ဒီလုပ်ရပ်မျိုးကို အခုမှ မဟုတ်ဘဲ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ကျူးလွန်နေတာဖြစ်ကြောင်း ရိုးသားတဲ့ တိုင်းရင်းသား လူနည်းစုတွေကို သတ်ဖြတ်ခဲ့ကြောင်း သူတို့တွေကို ဗုံးကျဲတိုက်ခိုက်ခဲ့သလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း…ဒါကို တိုင်းရင်းသားအားလုံး ဘာသာပေါင်းစုံအားလုံး ညီညီညွတ်ညွတ်နဲ့ တွန်းလှန်ကြပါစို့လို့ ဦးထင်လင်းအောင်က ပြောခဲ့ပါတယ်။

တက်ရောက်လာတဲ့ ဘာသာပေါင်းစုံ ကိုယ်စားလှယ်တွေက စစ်အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေအတွက် သက်ဆိုင်ရာ ဘာသာအလိုက် ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။

မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို အမေရိကန်အစိုးရနဲ့ အမေရိကန်နိုင်ငံရော မြန်မာနိုင်ငံသားတွေ သိရှိပြီး ပြည်တွင်းရော ပြည်ပမှာပါ စည်းလုံးညီညွတ်မှုရအောင် လုပ်ဆောင်တာလို့ ဒီပွဲဖြစ်မြောက်ရေး ဦးဆောင်သူတွေက ဆိုပါတယ်။ ပြည်တွင်းပြည်ပမှာ ရောက်ရှိနေတဲ့ တိုင်းရင်းသားတွေအနေနဲ့ တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် ကြိုးစားနေတဲ့ CRPH လှုပ်ရှားမှုတွေကို ထောက်ခံမှု ပိုမိုရရှိအောင် ကြိုးစားနေတာလို့ ဆိုပါတယ်။

RFA Burmese



နယူးယောက်ပြည်နယ် အဲလ်ဘာနီမြို့က မြန်မာပြည်အတွက် ဆုတောင်းပွဲ နယူးယောက်ပြည်နယ် အဲလ်ဘာနီမြို့က မြန်မာပြည်အတွက် ဆုတောင်းပွဲ Reviewed by THITHTOOLWIN on 06:51 Rating: 5

No comments:

Powered by Blogger.