ပြည်ပရောက် မြန်မာတွေ CDM ဝန်ထမ်းတွေကို ဂုဏ်ပြုငွေပေးပို့



မြန်မာနိုင်ငံက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ အလုပ်သမားဝန်ထမ်းတွေအတွက် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေက အလှူငွေတွေကောက်ခံပြီး ပေးပို့နေပါတယ်။

မြန်မာပြည်တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်းဆိုမှုတွေ အရှိန်မြင့်လာနေချိန်အတွင်း CDM ခေါ် အာဏာဖီဆန်ရေးဝန်ထမ်းလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူ့ ဝန်ထမ်းတွေကို ပြည်တွင်းပြည်ပ ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းတွေလည်း အများအပြား ပေါ်ပေါက်လာနေပါတယ်။ ထိုင်းနိုင်ငံဘန်ကောက် မြို့ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်သက်သက်ဦးက သူတို့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ချွေးနဲစာနဲ့ ပြည်တွင်းဝန်ထမ်းတွေကို ဆက်လက် ကူညီနေပါတယ်လို့ RFA ကို ပြောပါတယ်။

"ပထမတခေါက်ကတော့ သိန်းတရာကို ရန်ကုန်မြို့မှာ ရှိတဲ့ လူမှုအဖွဲ့အစည်းတခုကနေ ကျမတို့က ပို့ပေးလိုက်ပါတယ်။ နောက်ထပ် သုံးလေးရက်လောက်ကြာတော့ ကျမတို့ သိန်းငါးဆယ်ကို စုပြီးတော့ နေပြည်တော်မှာ ရှိနေတဲ့ ဝန်ကြီးဌာနက ဝန်ထမ်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ကျမတို့ ဝန်ထမ်းတွေကို ကူညီ ပံံ့ပိုးခဲ့ပါတယ်။ ဝန်ထမ်းတွေ အားမငယ်ပါနဲ့။ ကျမတို့ ပြည်ပမှာ ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အားလုံးက ပံ့ပိုးနေမှာပါ။"

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း လော့အိန်ဂျယ်လိစ်ဒေသမှာ နေထိုင်တဲ့ ဦးခင်မော် ကလည်း သူတို့အလှူငွေ ဒေါ်လာ ၆ သောင်းရရှိနေပြီဖြစ်ပြီး ဆက်လက်လှူဒါန်းနေသူတွေလည်း အများအပြားပါပဲလို့ ပြောပါတယ်။

"လောလောဆယ်တော့ ကျနော်တို့ ဒေါ်လာခြောက်သောင်းအလှူခံရရှိထားတယ်။ လူတွေကလည်း စေတနာထက်သန်နေတုန်းပဲဆိုတော့ အလှူငွေတွေက ရနေတုန်းပဲ။ မကြာခင် ပြည်တွင်းက လိုအပ်တဲ့နေရာတွေကို လှူဖို့အတွက် ကျနော်တို့ ဆွေးနွေးနေကြပါတယ်။ ပထမဆုံးတော့ မြန်မာပြည်မှာ အသက်ပေးသွားတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ နာရေးအတွက် ကျနော်တို့ ငါးသိန်း အရင်ဆုံးပို့ထားပါတယ်။ ကျနော်တို့ အခုပို့မယ့်ငွေကတော့ မြန်မာပြည်မှာ CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို ကူညီထောက်ပံ့ဖို့ ဖြစ်ပါတယ်"

တောင်ကိုရီးယားရောက် မြန်မာတွေကတော့ မနေ့ကပဲ မြန်မာပြည်က CDM ဝန်ထမ်း ၄၁၅ ဦးအတွက် တယောက်ကို ၂ သိန်းနှုန်းနဲ့ ကျပ်ငွေ သိန်း ၈၃ဝ ကို ပေးပို့လိုက်ပြီလို့ အလှူငွေ ကောက်ခံရေး ဦးဆောင်နေသူတဦးဖြစ်တဲ့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။

" ကျနော်တို့ ကိုရီးယားနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ(ကိုရီးယား) ကနေပြီးတော့ မြန်မာနိုင်ငံမှာ ရှေ့တန်းကနေ ပါဝင်နေတဲ့ CDM တိုက်ပွဲဝင် ဝန်ထမ်းများအတွက် ဂုဏ်ပြုငွေ သိန်း ၈၃ဝ တိတိကို ပေးအပ်ပြီးဖြစ်ပါတယ်။ ဘယ်ဝန်ကြီးဌာနလည်း ဆိုတာကိုတော့ ကျနော်တို့ လောလောဆယ်မပြောသေးပါဘူး။ ဝန်ထမ်း ၄၁၅ ဦးအတွက်ကို မြန်မာငွေ သိန်း ၈၃၀ တိတိကို ကျနော်တို့ ဂုဏ်ပြုချီးမြှင့်လိုက်ပြီ ဖြစ်ပါတယ်။ တဦးကို နှစ်သိန်းကျပ်နှုန်းနဲ့ပေါ့ခင်ဗျ"

ဂျပန်နိုင်ငံရောက် မြန်မာတွေကလည်း မြန်မာပြည်အရေးပေါ်ပေါက်လာတိုင်း တက်တက်ကြွကြွ ကူညီလေ့ရှိသူပါ။ သူတို့ကကော လက်ရှိ အလှူငွေဘယ်လောက်ရပါပြီလဲ။ လှုပ်ရှားနေသူတဦးဖြစ်တဲ့ ကိုမျိုးကြီးက-

"ပြီးခဲ့တဲ့ လေးရက်က နေပြည်တော်ကို သိန်းနှစ်ရာပို့ထားတယ်။ အလှူငွေတွေက ဆက်ဝင်နေတုန်းပါပဲ။ ဝင်နေတဲ့ အလှူငွေတွေက အခုဆို သိန်းတစ်ထောင်နားတောင် ကပ်နေပြီ။ ဒီဟာတွေအားလုံးကို မြန်မာပြည်ကို အမြန်ဆုံးပို့ပေးဖို့ စီစဉ်နေတယ်။ ရန်ကုန်ကို အဓိက ပို့ပေးမှာပေါ့နော်။ ရန်ကုန်ကနေတဆင့် တိုင်းနဲ့ပြည်နယ်တွေကို ခွဲဝေပေးဖို့ အစီအစဉ်တွေကို ကျနော်တို့က ရေးဆွဲထားတယ်။ အာဏာရှင်အောက်မှာ ဒူးထောက်အညံံ့မခံတဲ့ ပြည်သူဝန်ထမ်းကောင်းတွေအတွက် သူတို့ရဲ့မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကို ဂျပန်က အလှူရှင်တွေက ဂုဏ်ပြုတဲ့အနေနဲ့ ပေးအပ်တာ ဖြစ်တယ်"

တခြားကမ္ဘာ့နိုင်ငံအများအပြားမှာလည်း မြန်မာပြည်က CDM လှုပ်ရှားမှုမှာပါဝင်ပြီး အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ဝန်ထမ်းတွေအတွက် အလှူငွေကောက်ခံရေး လှုပ်ရှားဆောင်ရွက်နေတဲ့ သတင်းတွေကို RFA က ဆက်လက်ရရှိနေပါတယ်။

RFA Burmese



ပြည်ပရောက် မြန်မာတွေ CDM ဝန်ထမ်းတွေကို ဂုဏ်ပြုငွေပေးပို့ ပြည်ပရောက် မြန်မာတွေ CDM ဝန်ထမ်းတွေကို ဂုဏ်ပြုငွေပေးပို့ Reviewed by THITHTOOLWIN on 08:10 Rating: 5

No comments:

Powered by Blogger.