ဒေါ်အောင်ဆန်းစုကြည် အပေါ်အမှုတိုးတဲ့ကိစ္စ အမေရိကန် ရှုတ်ချ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price

စစ်အာဏာသိမ်း အဖွဲ့က ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အမှုထပ်တိုးလိုက်တဲ့ ကိစ္စကို အမေရိကန် နိုင်ငံခြားရေး ဌာနက ရှုတ်ချလိုက်ပြီး ဖမ်းဆီးထားသူ အားလုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် တရုတ်ဘက်က မြန်မာ့ စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင် ရှုတ်ချဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

“ဒီကိစ္စမှာ တရုတ်ဘက်က ပိုပြီး ထိထိရောက်ရောက် ပါဝင်တာကို အမေရိကန်ဘက်က တွေ့မြင်လိုပါတယ်။ မြန်မာ့ စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ရှုတ်ချဖို့ တရုတ် အစိုးရထံကို အမေရိကန် အစိုးရဘက်က လူသိရှင်ကြား ပြောဆိုထားသလို သီးသန့်လည်း အကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒီစစ်အာဏာသိမ်းမှုကို တရုတ်ဘက်က အတိအလင်း ကန့်ကွက် ရှုတ်ချတာ မလုပ်မချင်း အမေရိကန်ဘက်က ဆက်ပြီး အကြောင်းကြားသွားမှာ ဖြစ်တယ်” လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံတွင်းက အမေရိကန် အစိုးရ ဝန်ထမ်းတွေနဲ့ မိသားစုတွေ ထွက်ခွာခွင့်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ခွင့်ပြုခဲ့ကြောင်း ပြောခွင့်ရက ပြောပါတယ်။ ပြည်ပမှာ ရှိတဲ့ အမေရိကန် နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးက ထိပ်တန်း ဦးစားပေး ဖြစ်ကြောင်း၊ အမေရိကန် အစိုးရ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ အနေနဲ့ ဆန္ဒ ရှိရင် မြန်မာနိုင်ငံကနေ ထွက်ခွာနိုင်ကြောင်း ပြောခွင့်ရက ပြောပါတယ်။

ဒီကိစ္စကို ရက် ၃၀ တခါ ပြန်လည် ဆန်းစစ်မှာ ဖြစ်သလို မြန်မာနိုင်ငံတွင်း လုံခြုံရေးကိုလည်း သုံးသပ်နေမှာ ဖြစ်ကြောင်း၊ နောက်ထပ် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်လာရင်လည်း အမေရိကန်ဘက်က ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြောခွင့်ရ Ned Price က ပြောဆိုပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/aung-san-suu-kyi-charges-us-react-/5780947.html

ဒေါ်အောင်ဆန်းစုကြည် အပေါ်အမှုတိုးတဲ့ကိစ္စ အမေရိကန် ရှုတ်ချ ဒေါ်အောင်ဆန်းစုကြည် အပေါ်အမှုတိုးတဲ့ကိစ္စ အမေရိကန် ရှုတ်ချ Reviewed by THITHTOOLWIN on 06:43 Rating: 5

No comments:

Powered by Blogger.