ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဒ်မထပ်တိုးတဲ့ လုပ်ရပ်ကို အမေရိကန် ရှုတ်ချ

ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောက်ခံကြောင်း ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပေါ်


ဒေါ်အောင်ဆန်းစုကြည် အပေါ် ပုဒ်မ နောက်တစ်ခု ထပ်တိုးပြီး အမှုစွဲတင်လိုက်တဲ့ အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်တွေကို အမေရိကန် အစိုးရက ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်း ပြန်လွှတ်ဖို့လည်း ထပ်လောင်း တောင်းဆိုပါတယ်။

“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုး ရာဇ၀တ်ပုဒ်မတွေနဲ့ တရားစွဲတဲ့ သတင်းတွေ ကြားရတဲ့ အတွက် အမေရိကန် အစိုးရ အနေနဲ့ အင်မတန် စိတ်မသက်မသာ ဖြစ်ရတယ်” ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ နက်ဒ်ပရိုက်စ်က သတင်းထောက်တွေကို ပြောပါတယ်။

ဥပဒေမဲ့ ဖမ်းဆီးထားတဲ့ အရပ်သားတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ စာနယ်ဇင်းသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အားလုံးကို ချက်ခြင်း ပြန်လွှတ်ဖို့လည်း မြန်မာစစ်တပ်ကို တောင်းဆိုတယ်လို့ နက်ဒ်ပရိုက်စ်က ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ခံ အစိုးရလက်ထဲ အာဏာပြန်အပ်ဖို့လည်း အမေရိကန် အစိုးရက ထပ်လောင်း တောင်းဆို ထားပါတယ်။

စစ်ကောင်စီ လက်ထက် ပထမဆုံး ပြုလုပ်တဲ့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦး၀င်းမြင့် တို့ကို အချုပ်ချထားတဲ့ ပုံစံမျိုး မဟုတ်ပဲ၊ သက်ဆိုင်ရာ နေအိမ်တွေမှာ ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းထောက်တွေကို ပြောရင်းမှာပဲ သူတို့ ကျန်းကျန်းမာမာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အင်္ဂါနေ့ အစောပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းဗီဒီယို ကနေ တဆင့် ရုံးထုတ်ရင်း စွဲလက်စ ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ ၈နဲ့ တင်မက သဘာဝဘေးအန္တရာယ် စီမံမှုဥပဒေ ပုဒ်မ ၂၅ ပါ ထပ်တိုး လိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ထိန်းသိမ်းထားကြောင်း စစ်ကောင်စီ ပြောခွင့်ရသူ အတည်ပြု

 ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြည်တွင်းပြည်ပ တောင်းဆို


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဒ်မထပ်တိုးတဲ့ လုပ်ရပ်ကို အမေရိကန် ရှုတ်ချ  ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဒ်မထပ်တိုးတဲ့ လုပ်ရပ်ကို အမေရိကန် ရှုတ်ချ Reviewed by THITHTOOLWIN on 06:47 Rating: 5

No comments:

Powered by Blogger.