စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေ သန်းချီရှိနေ

စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေ သန်းချီရှိနေ ရန်ကုန်မြို့ ဆူးလေမီးပွိုင့်မှာ ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူသောင်းနဲ့ချီ ၂၀၂၁ ဖေဖော်ဝါရီ ၁၇ ရက်နေ့က လမ်းပိတ်ဆန္ဒပြစဉ် / Photo: RFA

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ပြီးခဲ့တဲ့ရက်ပိုင်းက နည်းသွာပေမယ့် ပြည်နယ်နဲ့ တိုင်းအသီးသီးက နေရာအများစုမှာ လမ်းပေါ်ထွက်ဆန္ဒပြသူတွေ ဒီနေ့ အများအပြား ပြန်လည်တွေ့ရပြီး သန်းနဲ့ချီပြီး အင်အား ရှိပါတယ်။ ဆန္ဒပြတဲ့ပုံစံတွေကလည်း တချို့နေရာတွေမှာ ပြောင်းလဲလာပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့ မှာတော့ မြို့နယ်အသီးသီးက လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေကိုတွေ့ရပါတယ်။

တပ်မတော်က အာဏာသိမ်းထားတာ ၁၇ ရက်မြောက်ဖြစ်တဲ့ ဒီနေ့မှာဆိုရင် နိုင်ငံအနှံ့မှာ ဆန္ဒပြသူတွေ သန်းချီရှိခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတွေမှာတင် ဆန္ဒပြသူတွေသိန်းချီရှိပါတယ်။

ရန်ကုန်မြို့မှာတော့ အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေ မနေ့က နည်းခဲ့ပေမယ့် ဒီနေ့မှာတော့ သန်းချီဆန္ဒပြပွဲလုပ်မယ်ဆိုပြီး ကြွေးကြော်သံနဲ့အတူ ဆူးလေ၊ မြေနီကုန်းနဲ့ လှည်းတန်းလမ်းဆုံတွေက လမ်းမတွေတစ်လျှောက် ဆန္ဒပြသူတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။ ဆူးလေ အနီးဝန်းကျင်မှာတင် ဆန္ဒပြသူတွေ သိန်းပေါင်းများစွာရှိပါတယ်။ အဲဒီနေရာမှာ အနုပညာရှင်တွေလည်း ထိုင်သပိတ်မှောက် ဆန္ဒပြခဲ့သလို ဟောပြောတာတွေလည်းရှိပါတယ်။

အဲဒီနေရာတွေအပြင် ဆန္ဒပြသူတွေဟာ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာသံရုံးတွေရှေ့မှာလည်း အများအပြားရှိနေပါတယ်။ ကုလသမဂ္ဂရုံးရှေ့မှာဆိုရင် ဆန္ဒပြသူသောင်းချီရှိပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြသူတွေထဲမှာပါတဲ့ ကားတချို့ဟာ လမ်းပေါ်မှာရပ်ပြီး ပျက်နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကားအသွားအလာတွေ ရပ်တန့်သွားအောင် ဆန္ဒပြခဲ့တာလည်း မြို့နယ်အသီးသီးမှာ တွေ့ရပါတယ်။

အင်အားသိန်းချီရှိတဲ့ လှည်းတန်းလမ်းဆုံက ဆန္ဒပြသူတွေကလည်း လမ်းကို ပိတ်ထားတာကြောင့် ရန်ကုန် တက္ကသိုလ်ရှေ့မှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က ရှေ့တိုးလာချိန်မှာ တင်းမာမှုတွေဖြစ်ခဲ့ပေမယ့် ကားသွားဖို့ တစ်လမ်းပြန်ဖွင့်ပေးလိုက်ပြီးနောက်မှာတော့ လုံခြုံရေးအဖွဲ့တွေ နောက်ပြန်ဆုတ်သွားခဲ့ပါတယ်။

ဒါ့အပြင် တချို့လူငယ်တွေကလည်း မြို့နယ်တွင်းက ကားလမ်းတွေပေါ်မှာ ဒီမိုကရေစီသာအလိုရှိကြောင်း စာရေးသား ဆန္ဒပြတာတွေလည်း ရှိပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှာတော့ စစ်အာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ဒီနေ့ တစ်သိန်းဝန်းကျင်ရှိပါတယ်။ ပုသိမ်မြို့မှာလည်း ဆန္ဒပြသူတွေဟာ မနေ့ကထက် ပိုများလာတာတွေ့ရပါတယ်။ ပုသိမ်မြို့က အစိုးရရုံးတွေ ရှိတဲ့နေရာအနီးမှာတော့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က လုံခြုံရေးယူထားပြီး အဲဒီနေရာအနီးကိုတော့ ဆန္ဒပြသူတွေ ဝင်ခွင့်မပေးပါဘူး။ ဒါကြောင့် ဆန္ဒပြသူတွေက ပုသိမ်မြို့တွင်းက တခြားနေရာတွေမှာ လှည့်လည်ဆန္ဒပြခဲ့ ကြပါတယ်။

ဆန္ဒပြသူတွေကို မနေ့ကနဲ့ ဒီနေ့မှာ ဖမ်းဆီးတာတွေမရှိပေမယ့် အရင်ရက်တွေက ဆန္ဒပြပွဲမှာ ပါဝင်သူ ငါးယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ အဲဒီဖမ်းဆီးခံရသူတွေဟာ ဒီနေ့အထိ မိသားစုနဲ့ အဆက် အသွယ်မရသေးဘဲ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ အရေးယူထားတယ်လို့ သတင်းတွေထွက်နေပေမယ့် အတိအကျ မသိရသေးပါဘူး။

မကွေးတိုင်း၊ မကွေးမြို့မှာလည်း ဆန္ဒပြသူ ဒီနေ့သိန်းချီရှိပါတယ်။ ဒေသခံတွေ၊ ကျောင်းဆရာ/ဆရာမတွေ၊ ဆည်မြောင်းဝန်ထမ်းတွေ၊ တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ဆန္ဒပြခဲ့ကြတာပါ။

ကျေးရွာတွေက လယ်သမားတွေကကလည်း လယ်ထွန်စက်တွေ မောင်းယူလာပြီး ဆန္ဒပြတဲ့လူထုလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်တာကို တွေ့ရပါတယ်။

ပြည်သူရွေးချယ်ထားတဲ့ အရပ်သားအစိုးရကို အာဏာအမြန်လွှဲပေးဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်တွေကို အမြန်လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့မှာလည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတွေအပါအဝင် အစိုးရဌာနဆိုင်ရာ ၂၀ ကျော်က ဝန်ထမ်းတွေပါဝင်တဲ့ CDM လှုပ်ရှားမှုနဲ့အတူ ဒေသခံပြည်သူထောင်ပေါင်းများစွာ အာဏာသိမ်း စစ်ကောင်စီအစိုးရကို ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ သစ်တောဝန်ထမ်းတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ တရားရေးဝန်ထမ်းတွေ၊ မီးသတ်ဝန်ထမ်းတွေ၊ မြေစာရင်းဝန်ထမ်းတွေ၊ MPT ဆက်သွယ်ရေးလုပ်ငန်းက ဝန်ထမ်းတွေ၊ အခွန် ဝန်ထမ်းတွေ၊ ကျောက်ခွက် ရေနံမြေဝန်ထမ်းတွေ၊ စိုက်ပျိုးရေးဝန်ထမ်းတွေ၊ တိုင်းရင်းဆေးဝန်ထမ်းတွေ၊ လျှပ်စစ်ဝန်ထမ်းတွေ၊ စည်ပင်ဝန်ထမ်းတွေ၊ စာတိုက်ဝန်ထမ်းတွေနဲ့ ဆောက်လုပ်ရေးဝန်ထမ်းတွေ ပါဝင်ကြပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာလည်း ဆန္ဒပြသူ ငါးထောင်ကျော်ရှိပါတယ်။ အလုပ်သမားတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ဒေသခံတွေ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဘားအံမြို့က မြန်မာ့စီးပွားရေး ဘဏ်နဲ့ မြဝတီဘဏ်တွေရှေ့မှာ ရဲတပ်ဖွဲ့ဝင်တချို့ လုံခြုံရေးယူထားတာကိုတွေ့ရပြီး တခြားနေရာတွေမှာ တော့ လုံခြုံရေးအဖွဲ့တွေကို မတွေ့ရပါဘူး။ ဆန္ဒပြသူတွေဟာ မနက် ၉ နာရီကျော်ကနေ ၁၁ နာရီလောက် အထိ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြနေချိန်မှာ တပ်မတော်ခံသူတချို့ကလည်း ကား သုံးစီးနဲ့ လှည့်လည်ဆန္ဒပြတာကိုတွေ့ရပါတယ်။ ဘားအံတောင်ကလေးကွင်းမှာ တပ်မတော် ထောက်ခံ ဟောပြောပွဲကိုလည်း ဒီနေ့ မနက်ကလုပ်ခဲ့ပါတယ်။ အဲဒီထောက်ခံပွဲမှာ မဘသအဖွဲ့ဝင်တွေနဲ့ အငြိမ်းစား တပ်မတော်သား မိသားစုဝင်တွေ ပါဝင်ခဲ့ပါတယ်။

ကော့ကရိတ်မြို့မှာ အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြသူ သုံးထောင်ဝန်းကျင်ရှိပြီး အဲဒီဆန္ဒပြသူတွေကို တပ်မ တော်နဲ့ ရဲတပ်ဖွဲ့က လမ်းပိတ်ခဲ့ပေမယ့် ၁၁ နာရီလောက်မှာ လမ်းဖွင့်ပေးလိုက်ပါတယ်။ ကော့ကရိတ်မြို့နယ် မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဒီနေ့ အင်အားတိုးချဲ့ နေရာယူလာတာကို တွေ့ရပါတယ်။ KNU အဖွဲ့က သူ့နယ်မြေအတွင်းမှာ ဆန္ဒပြသူတွေ ဖြတ်သန်းချိန်တွေမှာ ကာကွယ်ပေးဖို့ လုံခြုံရေးယူပေးထားတာကို တွေ့ရပါတယ်။

မန္တလေးမြို့မှာတော့ ဆန္ဒပြသူတွေ သိန်းချီရှိပြီး မြို့တွင်းနေရာအနှံ့ကို လှည့်လည်ဆန္ဒပြတာကို တွေ့ရပါ တယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က မနော်ယမံကွင်းအနီးမှာ ဒီနေ့မနက်က လုံခြုံရေးယူထားပေမယ့် နေ့လယ် ပိုင်းမှာ လုံခြုံရေးအဖွဲ့တွေ ဖယ်လိုက်တယ်လို့ သိရပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာတော့ လုံခြုံရေး အဖွဲ့တွေ တစ်နေ့လုံးနေရာယူထားတာကို တွေ့ရပါတယ်။

ချင်းပြည်နယ်က ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ မတူပီမြို့တွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဒီနေ့မှာ ဆက်ရှိနေပါတယ်။ ချင်းပြည်နယ်အတွင်းက မြန်မာ့စီးပွားရေးဘဏ်နဲ့ ပုဂ္ဂလိက ဘဏ်တွေ ရှေ့မှာတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားတာကို တွေ့ရပါတယ်။ တခြား နေရာတွေမှာ လုံခြုံရေးတွေ မတွေ့ရပါဘူး။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်သူတွေ သောင်းနဲ့ချီ ဆန္ဒပြခဲ့ပါတယ်။ မွန်ပြည်နယ် ကျောင်းသားပေါင်းစုံစစ်ကြောင်းတွေက မြိုင်ရတနာလေးထပ်ဈေးကနေ ကမ်းနားလမ်းကို ချီတက်ခဲ့ပြီး ထိုင်သပိတ်မှောက်ခဲ့ပါတယ်။

မတရား အာဏာသိမ်းထားတဲ့ စစ်ဏာရှင်တွေ ကျဆုံးသွားတဲ့အထိ ဆန္ဒဆက်ပြသွားမယ်လို့ ကျောင်းသူ တစ်ဦးက ပြောပါတယ်။

"ညီမတို့က ကျောင်းသားတွေလေ စစ်အာဏာရှင်ကို မလိုလားဘူး။ ဒါတွေကို ညီမတို့ကို အနိုင်ကျင့်သလို ခံစားရတာပါ။ အမေစုနဲ့သမ္မကြီး နောက်ပြီး နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးတွေအကုန်လုံးကို ဖမ်းဆီးထားတဲ့အတွက် အဲဒါတွေ မတရားဘူး။ ညီမတို့ကျောင်းသားတွေလည်း ဒီလိုမတရားတဲ့ဟာကို ရပ်ကြည့်ပြီး မနေနိုင်ဘူး။ ဒါကြောင့်ဆန္ဒထွက်ပြတာပါ။ နိုင်ငံခေါင်းဆောင်တွေ မလွတ်မချင်းတော့ လမ်းပေါ်ထွက်ရင်လည်း လမ်းပေါ်ထွက်မယ်။ ဒီအစိုးရရဲ့ရှေ့မှာ ဒူးထောက်ဆိုရင်လည်း အတတ်နိုင်ဆုံး ဒူးထောက်ဆန္ဒပြသွားမယ်"

မော်လမြိုင်မြို့၊ ကမ်းနားလမ်းက မြန်မာ့စီးပွားရေးဘဏ်တွေရှေ့မှာ ဘဏ်ဝန်ထမ်းတွေ CDM မှာပါဝင်ဖို့ ဆန္ဒပြ တိုက်တွန်းတာလည်းရှိပါတယ်။

စစ်အာဏာရှင်တွေ ကျဆုံးသွားတဲ့အထိ ဆန္ဒပြသွားမယ်လို့ မော်လမြိုင်မြို့ကမ်းနားလမ်းရှိ မြန်မာ့စီးပွားရေး ဘဏ်ရှေ့မှာ ဆန္ဒပြနေတဲ့ ကျောင်းသူတစ်ဦးက ပြောပါတယ်။

"ဆန္ဒပြနေတဲ့ပြည်သူတွေက စစ်အာဏာရှင်ကျဆုံးအောင် လုပ်ရမယ်။ ပြီးတော့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အမြန်းဆုံးလွှတ်ပေးဖို့ ဆန္ဒပြနေတာဖြစ်ပါတယ်။ နိုင်ငံသမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံခေါင်ဆောင်တွေ ပြန်လွတ်တဲ့အထိ စစ်အာဏာရှင်တွေ ကျဆုံးသွားတဲ့အထိ တိုက်ပွဲဝင်သွားမှာပါ။ ဆန္ဒပြနေတာ ရက်အတော်ကြာနေပါပြီး ပင်ပန်းနေကြပါပြီး ကြံ့ကြံ့ခံထားပေးကြပါ။ နိုင်ငံဝန်ထမ်းတွေ အားလုံးလည်းCDM မှာ ပါဝင်ပေးဖို့ တောင်းဆိုပါတယ်"

မွန်ပြည်နယ် ကျောင်းပေါင်းစုံစစ်ကြောင်းတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို အလေးပြုခဲ့ကြပါတယ်။

မော်လမြိုင်မြို့မှာတော့ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားတာကို တွေ့ရပါတယ်။ မြို့တွင်းက တခြားနေရာတွေမှာတော့ လုံခြုံရေးအဖွဲ့တွေကို မတွေ့ပါဘူး။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာလည်း အာဏာသိမ် စစ်အစိုးရ ဆန္ဒပြသူ ငါးသောင်းကျော် ရှိပါတယ်။ မြစ်ကြီးနားမြို့မှာတော့ မြန်မာ့စီးပွားရေးဘဏ်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးချထားပေမယ့် လမ်းတွေမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေကို မတွေ့ရပါဘူး။ ကျန်းမာရေး၊ ပညာရေး၊ ကျောင်းသူ၊ ကျောင်း သားတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ အနုပညာရှင်တွေ ဒီနေ့ ဆန္ဒပြခဲ့တာပါ။ ဝိုင်းမော်နဲ့ ဖားကန့်မြို့တွေ မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေရှိပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်လိုင်းတွေကို ဖျက်တောက်တာတွေလည်း မကြာခဏဆိုသလို ရှိနေပါတယ်။ ဖေဖော်ဝါရီ ၁၄၊ ၁၅၊ ၁၆ သုံးရက်ဆက်တိုက် မနက် ၁ နာရီကနေ မနက် ၉ နာရီအထိ ရှစ်နာရီ ကြာ အင်တာနက်လိုင်းတွေကို ဖျက်ထားပါတယ်။ ဘာကြောင့် ဖျက်တယ်ဆိုတာကိုတော့ တရားဝင် ထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။

ဒီနေ့အထိ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ ဖွင့်လှစ်တာမတွေ့ရသေးဘဲ တချို့မြို့နယ်တွေမှာတော့ မြန်မာ့ စီးပွားရေးဘဏ်နဲ့ မြဝတီဘဏ်တွေတော့ ဖွင့်လှစ်ထားပြီး အဲဒီဘဏ်တွေရှေ့မှာ ရဲတပ်ဖွဲ့က လုံခြုံရေး ယူပေးထားတာကို တွေ့ရပါတယ်။

NLD အစိုးရအဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ရက်တွေမှာ ဖမ်းဆီးတာတွေ ရှိခဲ့ပေမယ့် အများစုကို ကိုယ်ပိုင်ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်ပြီး တချို့ကို ဆက်လက်ဖမ်းဆီးထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကနေ ဖေဖော်ဝါရီ ၁၅ ရက်နေ့ထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၄၂၆ ဦး ရှိနေပြီလို့ ပြောထားပါတယ်။ ဖမ်းဆီးအရေးယူတာတွေ ရှိနေပေမယ့် ဆန္ဒပြသူတွေကတော့ ဒီနေ့မှာ ပြန်လည်များလာတာဖြစ်ပါတယ်။

ကုလသမဂ္ဂကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ အရေးယူတာတွေ မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ ဆန္ဒတာတွေဟာ ပြည်တွင်းမှာ ဖြစ်နေတဲ့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကလည်း ရောက်ရှိရာနိုင်ငံအသီးသီးမှာ စစ်အစိုးရကို ကန့်ကွက်ကြောင်းနဲ့ ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆန္ဒပြတာတွေရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/millions-protesters-against-the-military-dictatorship-in-myanmar-02172021061504.html

စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေ သန်းချီရှိနေ  စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေ သန်းချီရှိနေ Reviewed by THITHTOOLWIN on 20:03 Rating: 5

No comments:

Powered by Blogger.