ယူအန်အဆင့်မြင့်ကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ခြင်းမရှိကြောင်း ထုတ်ပြန်


မည်သည့် ယူအန် အဆင့်မြင့်ကိုယ်စားလှယ်မှ မြန်မာနိုင်ငံကို ဒီအချိန်မှာ လာရောက်ဖို့ မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဒီနေ့ သတင်းထုတ်ပြန်လာပါတယ်။ လူမှုကွန်ရက်မှာထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေနဲ့ပတ်သက်လို့မြန်မာပြည်သူတွေ ရှင်းရှင်းလင်းလင်းသိရှိစေဖို့ အခုလို ထုတ်ပြန်လာတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ယူအန်အနေနဲ့ စိုးရိမ်စွာစောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာလည်း မြန်မာစစ်တပ်ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့နဲ့ ဒီမိုကရက်တစ်စံချိန်စံညွှန်းတွေကို လိုက်နာဖို့၊ မတူကွဲပြားမှုတွေကို ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာပြီး ဖြေရှင်းဖို့ တိုက်တွန်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်မှာလည်း အတွင်းရေးမှူးချုပ်က မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေရဲ့အခွင့်အရေးကိုလေးစားဖို့နဲ့ ဆန္ဒဖော်ထုတ်သူတွေဟာ တန်ပြန်လက်စားချေစရာပစ်မှတ်မဟုတ်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။ လက်ရှိမှာ ယန်ဟီးလီနေရာကိုခန့်အပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် တွမ်အင်ဒရူးကို စစ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာမပေးဖို့ ဆိုတဲ့ ညွှန်ကြားချက်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။

မစ္စတာတွမ်အင်ဒရူးကတော့ စစ်ဗိုလ်ချုပ်တွေအနေနဲ့ ပြည်သူလူထုအပေါ် စစ်ဆင်ရေးတိုးချဲ့ဆင်နွှဲလေလေ ပြည်သူတွေ ပိုပြီး ကြံ့ကြံ့ခိုင်ခိုင်နဲ့ တော်လှန်လေ၊ ပြည်သူတွေအာဏာဖီဆန်သောလှုပ်ရှားမှု(CDM) ကို ကမ္ဘာတစ်ဝန်း နိုင်ငံတွေ လေးစားပံ့ပိုးမှုမြင့်တက်လေလေဖြစ်နေပြီး ဒါကို စစ်ဗိုလ်ချုပ်တွေ အသိဝင်ချိန်ရောက်ရင် သိပ်နောက်ကျသွားမယ်လို့ တွစ်တာမှာရေးသားထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

ယူအန်အဆင့်မြင့်ကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ခြင်းမရှိကြောင်း ထုတ်ပြန်  ယူအန်အဆင့်မြင့်ကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ခြင်းမရှိကြောင်း ထုတ်ပြန် Reviewed by THITHTOOLWIN on 20:24 Rating: 5

No comments:

Powered by Blogger.