ကျေးလက်ဒေသတွေမှာ ည ရှစ်နာရီ သံပုံးမတီးဖို့နဲ့ ဆန္ဒပြသူတွေကို ဝင်ရောက်ဖမ်းဆီးမှုတွေရှိနေ

မနေ့ညက ကြာညှပ်ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးမှုရှိလို့ လူထု စုရုံးနေတဲ့မြင်ကွင်း

ကျေးလက်ဒေသတွေမှာ ည ရှစ်နာရီ သံပုံးမတီးဖို့ ခြိမ်းခြောက်မှုတွေ ကြုံနေရပြီး စစ်အာဏာသိမ်းဆန့်ကျင်တဲ့ဆန္ဒပြမှုတွေဦးဆောင်လှုပ်ရှားသူတချို့ကို တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ဆက်သွယ်ပြောကြားပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားတဲ့သူ ၇ ဦးကို ရွာအတွင်း ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းမှာ တပ်နဲ့ ရဲက လာရောက်ဖမ်းဆီးချိန် ကျေးရွာနေပြည်သူတွေက သံပုံးတီးပြီး ဆန့်ကျင်ကန့်ကွက်ခဲ့သလို အကာကွယ်ပေးခဲ့လို့ ဖမ်းဆီးသူတွေ ပြန်လည်ထွက်ခွာသွားတယ်လို့ ကြာညှပ်ရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"ရွာတွေဆိုတော့ လူမသိ သူမသိ အဆွဲခံနေရပါတယ်။ သတင်းမီဒီယာတွေနဲ့လည်း အလှမ်းဝေးတော့ ကျေးလက်ဒေသတွေမှာအကြီးအကျယ်ခြိမ်းခြောက်ခံနေရတာပါ။ မနေ့ညက ဆန္ဒပြခေါင်းဆောင်တွေဆိုပြီး ရွာသား ၇ ဦးကို လာဖမ်းတဲ့အချိန်မှာ ရွာကလူထုက သံပုံးတွေဝိုင်းတီးအချက်ပေးလို့ တစ်ယောက်မှမပါသွားသေးပါဘူး။ လာတာ ရဲရော စစ်တပ်ရောပါပါတယ်။ ကြာညပ်တိုက်နယ်က ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးပါတယ်။ စစ်တပ်ကခန့်ထားတဲ့ အသစ်ပေါ့။ ခဏလောက်ပါဆွေးနွေးစရာရှိလို့ပေါ့ လို့ပြောတယ်။ ပြည်သူလူထုက ထည့်မပေးနိုင်ပါဘူး၊ စကားပြောမယ်ဆို ဒီမှာပဲပြောပါဆိုတော့ ရွာလူထုအခြေအနေကို ကြည့်ပြီး ပြန်ထွက်သွားကြတယ်" လို့ သူက ပြောပါတယ်။

ကြာညှပ်ကျေးရွာအတွင်း CDM လုပ်နေတဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်းရှိနေပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM ကြောင့် ကြာညှပ်တိုက်နယ်ဆေးရုံနဲ့ ကြာညှပ်ကျေးလက်ကျန်းမာရေးဌာနကို ဖေဖော်ဝါရီ ၇ ရက်နေ့တည်းက ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

"ညရှစ်နာရီ သံပုံးမတီးဖို့ ခြိမ်းခြောက်တယ်။ ရဲဘက်က ကင်းလှည့်ပြီး သံပုံးမတီးဖို့ ၊ အုပ်ချုပ်ရေးမှူးက လော်စပီကာနဲ့ နှစ်ညလောက် လာအော်တယ်။ ကျွန်တော်တို့ကတော့ ဆက်တီးနေပါတယ်" လို့ဒေသခံတစ်ဦးကပြောပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-56091207

ကျေးလက်ဒေသတွေမှာ ည ရှစ်နာရီ သံပုံးမတီးဖို့နဲ့ ဆန္ဒပြသူတွေကို ဝင်ရောက်ဖမ်းဆီးမှုတွေရှိနေ ကျေးလက်ဒေသတွေမှာ ည ရှစ်နာရီ သံပုံးမတီးဖို့နဲ့ ဆန္ဒပြသူတွေကို ဝင်ရောက်ဖမ်းဆီးမှုတွေရှိနေ Reviewed by THITHTOOLWIN on 20:23 Rating: 5

No comments:

Powered by Blogger.