နောက်ထပ် မြန်မာစစ်ဗိုလ်ချုပ်နှစ်ဦးကို အမေရိကန်ပိတ်ဆို့အရေးယူ


(Photo: AFP) ၂၀၁၈ ဖေဖော်ဝါရီလ ၃ ရက်နေ့က ဧရာဝတီတိုင်းတွင် ပြုလုပ်သည့် "ဆင်ဖြူရှင်" စစ်ရေးလေ့ကျင့်မှုအတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (လယ်) နှင့် စစ်တပ်အရာရှိများကို တွေ့ရစဉ်။

အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်‌‌ကျော်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ နှစ်ဦးကို အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူတဲ့စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံ NLD အစိုးရကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ပထမအသုတ်အဖြစ် မြန်မာစစ်ဗိုလ်ချုပ်ကြီး ၈ ဦးကို ပိတ်ဆို့ အရေးယူလိုက်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုက ကြေညာခဲ့တာပါ။ 

အခုတခါ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ နောက်ထပ် စစ်ဗိုလ်ချုပ်ကြီးနှစ်ဦးကို စာရင်းမှာ ထည့်သွင်းလိုက်တဲ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လို့ခေါ်တဲ့ စစ်ကောင်စီဝင် ၁၆ ဦးထဲက စစ်ဗိုလ်ချုပ် ၈ ဦးလုံးကို အမေရိကန်က ပိတ်ဆို့အရေးယူတဲ့စာရင်းမှာ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူထားတဲ့ စစ်ဗိုလ်ချုပ်ကြီး စုစုပေါင်း ၁၂ ဦး ရှိပြီ ဖြစ်ပါတယ်။ အဲဒီ ၁၂ ဦးကတော့… ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်‌‌ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ… တို့ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ… မြန်မာပြည်သူတွေကို အမေရိကန်က ကူညီဖို့ဆိုရင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို အာဏာပြန်လွှဲအပ်ရေးအတွက် စစ်တပ်အာဏာသိမ်းမှု နောက်ကွယ်က ပုဂ္ဂိုလ်တွေကို နောက်ထပ် မူဝါဒရေးရာ ဖိအားပေးမှုတွေ ရှိလာနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price က သတင်းထောက်တွေကို ဒီနေ့ ပြောလိုက်ပါတယ်။ 


RFA Burmese

https://www.facebook.com/rfaburmese/

နောက်ထပ် မြန်မာစစ်ဗိုလ်ချုပ်နှစ်ဦးကို အမေရိကန်ပိတ်ဆို့အရေးယူ နောက်ထပ် မြန်မာစစ်ဗိုလ်ချုပ်နှစ်ဦးကို အမေရိကန်ပိတ်ဆို့အရေးယူ Reviewed by THITHTOOLWIN on 08:52 Rating: 5

No comments:

Powered by Blogger.