ဒေါက်တာအောင်မိုးညိုကို ပုဒ်မ ၅၀၅(ခ) နဲ့ စွဲဆိုမည်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို ပုဒ်မ ၅၀၅(ခ)နဲ့ စစ်ကောင်စီက တရားစွဲဆိုလိုက်တဲ့အကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။

မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာအောင်မိုးညိုကို မကွေးမြို့နယ်ရဲမှူး မြင့်လွင်က တရားလိုလုပ်ပြီး ပုဒ်မ(၅၀၅-ခ) နဲ့ တရားစွဲဆိုတာ ဖြစ်တယ်လို့ ဒေါက်တာ အောင်မိုးညိုနဲ့ ညီအငယ်ဆုံးဖြစ်တဲ့ ဦးအောင်သူညိုက VOA ကိုရှင်းပြပါတယ်။

"အာဏာသိမ်းစစ်ကောင်စီ က ဂုဏ်သိက္ခာညှိုးနွမ်းစေမှုတဲ့ (၅ဝ၅၊ခ) နဲ့ဖွင့်ထားတယ်ခင်ဗျ။ (၅ဝ၅၊ခ) ကတော့ သေချတယ်ခင်ဗျ"။ နေ့လည်ကပေါ့လေ အကိုမိတ်ဆွေတယောက်ကို လှမ်းပြီးတော့ ပြောတာပေါ့နော် ရှေ့နေငှားဖို့ စီစဉ်ပါဆိုတော့ ရှေ့နေကြီးကိုပဲ အပ်လိုက်တာပေါ့နော်။ ရှေ့နေကြီးက ဦးမြင့်အောင် ။ အမှုဖွင့်တာကတော့ ကျနော်တို့ထင်တာက မကွေးမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးက ဖွင့်တာတဲ့။ အမှုဖွင့်တာနဲ့ အမှုရင်ဆိုင်တာနဲ့ ဗွီဒီယိုကွန်ဖရင့်နဲ့ပဲလုပ်မယ်ပြောပါတယ်ခင်ဗျ။

"မနက်ဖန်ကို ကျနော်တို့သိတာကတော့ ရဲမှူးက ဦးမြင့်လွင်တဲ့ ။ဝန်ကြီးချုပ်အနေနဲ့ ရှေ့နေတယောက်ပဲငှားပါတဲ့။ မိသားစုတွေက ဘာတွေဆောင်ရွက်ပေးရမလဲဆို ရှေ့နေငှားဖို့ပဲပြောတယ်ခင်ဗျ။ မနက်ဖန်ကို ရှေ့နေပါဝါတင်ဖို့ရှိတယ် အဲလောက်ပဲသိရတယ်ခင်ဗျ။ ဘယ်နေ့စွဲမယ်ဘာတော့ မသိရဘူး။ အမှုစစ်မဲ့ပုံစံကလည်း ဗွီဒီယိုကွန်ဖရင့်လို့ပဲသိရပါတယ်ခင်ဗျ"။

ပုဒ်မ ၅၀၅-ခ နဲ့ တရားစွဲတဲ့အကြောင်းရင်းကို သိရအောင်မေးမြန်းဖို့ မကွေးမြို့နယ် ရဲမှူးမြင့်လွင်ကို VOA က ကြိုးစားဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ် မရခဲ့ပါဘူး။ ပုဒ်မ ၅၀၅-ခ ဟာ အများပြည်သူအကြား တည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်မှု (ဒါမှမဟုတ်) လုပ်ဆောင်မှုလို့ ပြဌာန်းထားတာပါ။ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အနေနဲ့ အဲဒီလိုအချက်တွေကို ကျူးလွန်ခဲ့တယ်လို့ သူ မယူဆကြောင်း ညီဖြစ်သူ ဦးအောင်သူညိုက ပြောပါတယ်။

"ဝန်ကြီးချုပ်ကို တရက်နေ့က ဖမ်းတယ်။ တပ်ကအာဏာသိမ်းတာဆိုတော့ တံခါးတွေဘာတွေဖျက်ဝင်တာမျိုးတော့ရှိတယ်။ ကျနော်တို့ရှေ့မှာတော့မဟုတ်ဘူး။ ကားပေါ်ရောက်တော့ လက်ထိပ်ခတ်တယ်။ အဲဒါမျိုးမလုပ်သင့်ဘူး။ မြန်မာ့တပ်မတော်ဂုဏ်သိက္ခာညှိုးနွမ်းစေတယ် ပြောဆိုတာမျိုးတော့ရှိတယ်ခင်ဗျာ့"။

အခုတော့ ဒေါက်တာအောင်မိုးညိုကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတာဆိုတာ လုံးဝ မသိရတာကြောင့် မိသားစုအနေနဲ့ စိုးရိမ်ပူပန်မိ တယ်လို့ ဦးအောင်သူညိုက ပြောပါတယ်။

"ကိုယ်မျက်စီအောက်မှာ မြင်ရတွေ့ရတာမဟုတ်တော့ တယ်လီဖုန်းလည်းမဆက်ရဘူးဆိုတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့လေ။ ဒါပေမဲ့လည်း တိုင်းဒေသကြီးတခုရဲ့ ပြည်သူလူထုက ရွေးချယ်ထားတာဆိုတော့ နောက်ဝန်ကြီးချုပ်တယောက်အနေနဲ့ ရိုးရိုးသားသားနဲ့ တတ်စွမ်းသလောက် လုပ်ကိုင်ခဲသူဆိုတော့ တရားခံထားသလို ထားမယ်တော့မထင်ပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုတို့ သူစားချင်တာလည်းစာနိုင်အောင် ရိပ်သာလိုနေရာမျိုးမှာထားမယ်ထင်ပါတယ်ဗျ"။

စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ဖေဖေါ်ဝါရီ(၁)နေ့တုန်းက မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုလည်း အဖမ်းဆီးခံခဲ့ရပြီး မကွေးမြို့ မြိုသစ်နားက က-ပ-စ တပ်စခန်းထဲမှာ ချုပ်နှောင်ထားခဲ့ပါတယ်။ ၃ ရက်အကြာမှာ သူနေထိုင်တဲ့ ဝန်ကြီးချုပ်အိမ်ယာကို ပြန်ပို့ပေးခဲ့ပြီး ၊ နောက်ထပ် တပတ်လောက်အကြာမှာ ဒုတိယတကြိမ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ 


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/magway-pm-dr-aung-moe-nyo-charged-505-b/5788948.html

ဒေါက်တာအောင်မိုးညိုကို ပုဒ်မ ၅၀၅(ခ) နဲ့ စွဲဆိုမည် ဒေါက်တာအောင်မိုးညိုကို ပုဒ်မ ၅၀၅(ခ) နဲ့ စွဲဆိုမည် Reviewed by THITHTOOLWIN on 08:47 Rating: 5

No comments:

Powered by Blogger.