ပုဒ်မ ၁၄၄ ချိုးဖောက်သူတွေကို ထောင်ဒဏ် နှစ် ၂၀ ထိ ချနိုင်မယ့် ပုဒ်မတွေနဲ့ အရေးယူမယ်လို့ ကြေညာ


မြို့နယ် တချို့မှာ ဖေဖော်ဝါရီ ၈ ရက် က စပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားကြောင်းနဲ့ ချိုးဖောက်သူတွေကို ထောင်ဒဏ် နှစ် ၂၀ အထိ အမြင့်ဆုံး ချမှတ်နိုင်တဲ့ ဥပဒေ ပုဒ်မတွေနဲ့ အညီ အရေးယူမယ်လို့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေ စစ်ကောင်စီက ကြေညာပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေရှိပေမဲ့ လူအုပ်စုတချို့က မင်းမဲ့စရိုက်ဆန်တဲ့ လူအုပ်စုအသွင် လှုံ့ဆော်မှုနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ခြိမ်းခြောက် အကြပ်ကိုင်တာတွေကြောင့် နေပြည်တော် သပြေကုန်းအဝိုင်းဖြစ်စဥ်၊ မန္တလေးဂေါဝိန်ဆိပ်ကမ်းဖြစ်စဥ်နဲ့ တာမွေအုပ်ချုပ်ရေးမှူးရုံးဖြစ်စဥ်စတဲ့ ဖြစ်စဥ်တွေဖြစ်ပေါ်ရာက သေဆုံး၊ထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ အဲဒီ ကြေညာချက်မှာ ပါရှိတယ်။ အဲဒီအကြမ်းဖက် လုပ်ဆောင်ချက်တွေဟာ ပုဒ်မ ၁၄၄ အရ ရာဇသတ်ကြီး ပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းနေလို့ အဲဒီပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရင် မလွှဲမရှောင်သာ ထိရောက်စွာ အရေးယူမယ်လို့ ကြေညာပါတယ်။

အဲဒီ ပြဋ္ဌာန်းချက်တွေထဲမှာ ဆန္ဒပြပွဲမှာ ပါဝင်သူ၊ ဆန္ဒပြပွဲထဲမှာ လက်နက်စွဲကိုင်ပါဝင်သူ၊ လူစုခွဲဖို့ အမိန့်ပေးပြီးကြောင်းသိလျက်နဲ့ ပါဝင်သူနဲ့ ပြည်သူ့ဝန်ထမ်းကို ခြိမ်းခြောက်၊ဟန့်တား၊ အနိုင်အထက်ပြမှု၊ ပြည်သူ့ဝန်ထမ်းက အမိန့်ဖီဆန်မှု၊ ပြည်သူ့ဝန်ထမ်းကို အလိုအလျောက် အပြင်းအထန်နာကျင်စေမှုနဲ့ နိုင်ငံ ငြိမ်ဝပ်ပိပြားရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေရဲ့ ဆောင်ရွက်မှု နှောင့်နှေး ပျက်ပြားအောင်ဆောင်ရွက်မှုတွေ ပါဝင်ပါတယ်။

အဲဒီပြဋ္ဌာန်းချက် ပုဒ်မတွေဟာ အနည်းဆုံး ထောင်ဒဏ် ၆ လ ကနေ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေ ဖြစ်တယ်လို့ လည်း ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ပုဒ်မ ၁၄၄ ချိုးဖောက်သူတွေကို ထောင်ဒဏ် နှစ် ၂၀ ထိ ချနိုင်မယ့် ပုဒ်မတွေနဲ့ အရေးယူမယ်လို့ ကြေညာ  ပုဒ်မ ၁၄၄ ချိုးဖောက်သူတွေကို ထောင်ဒဏ် နှစ် ၂၀ ထိ ချနိုင်မယ့် ပုဒ်မတွေနဲ့ အရေးယူမယ်လို့ ကြေညာ Reviewed by THITHTOOLWIN on 23:07 Rating: 5

No comments:

Powered by Blogger.