ဂွမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအထဲမှ နောက်ထပ်၃ ဦး အမှုဖွင့်ခံရ


နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၁/ ၂၀၂၁

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများထဲမှ ဝန်ကြီးချုပ်ဦးညီပုအပြင် နောက်ထပ် ၃ ဦး အမှုဖွင့်ခံရကြောင်း သတင်းရရှိသည်။

အမှုဖွင့်ခံရသူ သုံးဦးမှာ အနိုင်ရ NLD ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ရွာမရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီ၊ မြို့မရပ်ကွက်မှ ဦးအောင်စိုးမင်းတို့ဖြစ်ကြောင်း ဂွမြို့ဒေသခံ ကိုဟိန်းမင်းစိုးက ပြောသည်။

“ကိုရဲခေါင်ညွန့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ပေါ့၊ နောက် ကိုလူနီကို အားပေးကူညီမှု ပုဒ်မ ၁၁၄ နဲ့ရယ်၊ နောက် ကိုအောင်စိုးမင်းကိုက သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးပုဒ်မ ၂၅ နဲ့ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။ အခုတော့ အဲဒီသုံးယောက် ရဲစခန်းမှာပါ” ဟု သူက ပြောသည်။

ဦးလူနီနှင့် ဦးအောင်စိုးမင်းတို့မှာ ဂွမြို့အတွင်း တပ်မတော်အာဏာသိမ်းမှုအားကန့်ကွက်ဆန္ဒပြခဲ့ရာတွင် ပါဝင်ခဲ့၍ ဖမ်းဆီးခံခဲ့ရပြီး ၎င်းနောက် ယခုလိုပုဒ်မများဖြင့် အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

တပ်မတော်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလအတွင်း ဂွမြို့မှ ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၆ ဦးရှိကြောင်း သိရသည်။

၎င်း ၆ ဦးမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ဂွမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်ဆန်း၊ ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီ၊ မြို့မရပ်ကွက်မှ ဦးအောင်စိုးမင်းနှင့် ဝန်ကြီးချုပ်ဦးညီပု၏ PSO ဦးကြည်စိုးထွန်းတို့ ဖြစ်ကြသည်။

ယင်းထဲမှ ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု အပါအဝင် ၄ ဦးအမှုဖွင့်ခံရခြင်းဖြစ်သည်။ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားသည်ဟု သိရသည်။

ကိုဟိန်းမင်းစိုးက “ဒီသုံးယောက်ကို ရဲစခန်းကိုလွှဲပြောင်းထားတာက နှစ်ရက်လောက်တော့ ရှိပါပြီ။ သူတို့ကို ဘယ်နေ့က အမှုဖွင့်တာကိုလည်း ကျွန်တော်တို့ မသိရဘူး။ အခုမှ အမှုဖွင့်ခံရတယ်ဆိုတာကို သိတာပေါ့။ ဘယ်နေ့ ရုံးထုတ်မလဲတော့ မသိသေးဘူး။ ဝန်ကြီးချုပ်ဦးညီပုရဲ့  ကိုယ်ရေးအရာရှိ PSO ကိုကြည်စိုးထွန်းနဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်ဆန်းတို့ကျတော့ အမှတ် ၅၆၂ တပ်ထဲမှာလို့ ထင်ပါတယ်” ဟု ဆက်ပြောသည်။

ထိုသုံးဦး အမှုဖွင့်ခံရသည်ဟုဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ဂွမြို့မရဲစခန်းသို့ နိရဥ္စရာမှ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။


ဆောင်းဇာခြည်

Narinjara

https://www.facebook.com/narinjara.info/ 

ဂွမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအထဲမှ နောက်ထပ်၃ ဦး အမှုဖွင့်ခံရ ဂွမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအထဲမှ နောက်ထပ်၃ ဦး အမှုဖွင့်ခံရ Reviewed by THITHTOOLWIN on 20:07 Rating: 5

No comments:

Powered by Blogger.