အေးခဲနေတဲ့ရာသီဥတုမှာအစာငတ်ခံဆန္ဒပြတဲ့ အဝေးက မြန်မာလူငယ်တွေ


နော်ဝေနိုင်ငံရဲ့ဆောင်းရာသီအအေးဒဏ်ကို အန်တု၊ အစာငတ်ခံပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ရဲရဲဝံ့ဝံ့ အန်တု ဆန့်ကျင်နေတဲ့သူတွေနဲ့ သူတို့ တသွေးတသားတည်းရှိတယ်ဆိုတာကို ပြသခဲ့တဲ့ လူငယ်တွေအော်စလိုမြို့မှာ ပေါ်ထွက်လာခဲ့ပါတယ်။

အသက်၂၅ နှစ်အရွယ် အေနီ ဂျိုးဇက်ကဖေဖော်ဝါရီလ ၁၅ ရက် တနင်္လာနေ့ကစပြီး ဒီနေ့ ဖေဖော်ဝါရီလ ၁၉ ရက် သောကြာနေ့ထိ ၅ ရက်တာကြာတဲ့ အဲဒီလှုပ်ရှားမှုကို စတင်လိုက်တုန်းက သူ တစ်ဦးထဲနဲ့ စတင်ခဲ့တာပါ။

သူမတ်တပ်ရပ်ပြီးဆန္ဒပြခဲ့တဲ့ အော်စလိုမြို့က နော်ဝေ လွှတ်တော် အဆောက်အဦရှေ့မှာ အခုရက်ပိုင်းအတွင်းဘယ်လောက်အေးခဲနေသလဲဆိုတာပြောရရင်တော့ အနည်းဆုံး သုည ဒီဂရီ အောက် အနုတ် ၅ ဒီဂရီ စင်တီဂရိတ်ကနေအနုတ် ၁၅ ဒီဂရီ စင်တီဂရိတ်အထိအေးနေခဲ့တာပါ။ နှင်းတွေကလည်း တခါတလေ ကျလာပါတယ်။

အေနီဟာအဲဒီ လွှတ်တော် အဆောက်အဦရှေ့ကို တနင်္လာနေ့က စပြီးနေ့တိုင်းသွားတယ်၊ မနက် ၁၀ နာရီလောက် ဆို သူရောက်နေပြီး ရာသီဥတုပြင်းထန်မှု အပေါ်မူတည်ကာ အနည်းဆုံး နေ့လယ် ၁ နာရီလောက်ထိနေတဲ့နေ့ရှိသလို၊ညနေ ၄ နာရီလောက် အထိနေခဲ့တဲ့ နေ့တွေလည်း ရှိခဲ့ပါတယ်။

အအေးဒဏ်အပြင်ဒီ ၅ ရက်စလုံး သူက အစာငတ်ခံဆန္ဒပြခဲ့တာပါ။

မြန်မာပြည်မှာဖြစ်နေတာကိုနော်ဝေလွှတ်တော်က အမတ်တွေ သိစေချင်တယ်၊ နော်ဝေပြည်သူတွေ သိစေချင်တယ်၊ မြန်မာပြည်မှာစစ်အာဏာသိမ်းမှု ဆန့်ကျင်နေကြတာကို နိုင်ငံတကာမှာ ထောက်ခံနေကြသူတွေ ရှိတယ် ဆိုတာကို မြန်မာပြည်ကလူတွေ သိစေချင်တယ် စတဲ့ ဒီရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်ခဲ့တာပါ။

ချင်းတိုင်းရင်းသူအေနီကို ဗုဒ္ဓဟူးနေ့ကစလို့ သူ့မိတ်ဆွေတွေလည်း လာပေါင်းခဲ့ကြလို့ ဒီနေ့ သူ့ ဆန္ဒပြတဲ့ နောက်ဆုံးနေ့ ဆိုရင် စုစုပေါင်း လူငယ် ၄ ယောက်ဖြစ်ခဲ့ပါတယ်။ သူ့လိုပဲ အအေးတောထဲမှာရပ်၊ အစာလည်း အငတ်ခံကာ ဆန္ဒပြ လာပေါင်းခဲ့ကြတဲ့ လူငယ်တွေကတော့ သီတာရွှေ၊ ကိုစောနဲ့ နိုင်သခွန်(Hniang Tha Kun) တို့ဖြစ်တယ်လို့သူက ပြောပြပါတယ်။

စစ်အာဏာသိမ်းတာကိုဆန့်ကျင်နေတဲ့ မြန်မာပြည်ကလူငယ်တွေနဲ့ နှိုင်းစာရင် သူတို့ရဲ့ ကြံ့ကြံ့ခံပြမှုက ဘာမျှ မပြောပလောက်ပါဘူးလို့လည်း အေနီက ဘီဘီစီကို ပြောပါတယ်။

အခုသူတို့၅ ရက်တာလှုပ်ရှားမှုကနေတဆင့် နော်ဝေး လွှတ်တော် အမတ်တချို့နဲ့ ဆက်သွယ်မှုတွေ ရခဲ့ပြီး မြန်မာပြည်မှာ ဒီမိုကရေစီအပြောင်းအလဲတွေ အမြန်ဖြစ်အောင် နော်ဝေးအစိုးရကကြိုးပမ်းဖို့ ရှေ့ဆက် တိုက်တွန်းသွားမယ်လို့ သူက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

အေးခဲနေတဲ့ရာသီဥတုမှာအစာငတ်ခံဆန္ဒပြတဲ့ အဝေးက မြန်မာလူငယ်တွေ  အေးခဲနေတဲ့ရာသီဥတုမှာအစာငတ်ခံဆန္ဒပြတဲ့ အဝေးက မြန်မာလူငယ်တွေ Reviewed by THITHTOOLWIN on 04:51 Rating: 5

No comments:

Powered by Blogger.