စစ်အာဏာသိမ်းမှုကြောင့် မြန်မာကို ဖွံ့ဖြိုးရေးအကူအညီပေးမှုတွေ နော်ဝေးနိုင်ငံ ရပ်ဆိုင်း

နော်ဝေးနိုင်ငံဝန်ကြီးချုပ် Erna Solberg နှင့် နော်ဝေး နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး Dag-Inge Ulstein

ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက် မြန်မာနိုင်ငံကို ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အကူအညီ ပေးအပ်နေတဲ့ အခြေအနေတွေ ပြောင်းလဲသွားပြီဖြစ်ကြောင်း နော်ဝေနိုင်ငံက ကြေညာလိုက်ပါတယ်။

အဲဒီ အပြောင်းအလဲကြောင့် နော်ဝေးနဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရ အဖွဲ့အစည်းတွေ အကြား ဆောင်ရွက်နေတဲ့ အသိပညာပေးဆိုင်ရာ အစီအစဉ် အားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ နော်ဝေအစိုးရ ပြောပါတယ်။

မြန်မာနိုင်ငံဟာ အာရှမှာ အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အာဏာသိမ်းမှုက မြန်မာပြည်သူတွေအတွက် ပိုပြီး အခက်အခဲဖြစ်စေ မယ်လို့ ပြောပါတယ်။ အစိုးရခြင်း ဆက်ဆံနေတဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ချိန်မှာ ကုလသမဂ္ဂနဲ့ လူမှုအဖွဲ့အစည်း တွေက တဆင့် ပေးအပ်တဲ့ အကူအညီတွေကို ဆက်လက်ပေးအပ်သွားမယ်လို့ နော်ဝေး နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး Dag-Inge Ulstein က ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွက် နော်ဝေးက မြန်မာနိုင်ငံက အစိုးရ အဖွဲ့အစည်းတွေရဲ့ ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် နော်ဝေး ကရိုနာ ၆၆.၅ သန်း (ဒေါ်လာ ၇.၈၆) ပေးအပ်ဖို့ ဘတ်ဂျက် လျာထားတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကတော့ နော်ဝေး ကရိုနာ ၂၇၉ သန်း (ဒေါ်လာ ၃၃သန်းနီးပါး) နှစ်နိုင်ငံ ဆက်ဆံရေး အကူအညီအဖြစ် ပေးအပ်ခဲ့တာပါ။

နိုင်ငံတကာရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အားပေးကူညီမှုတွေ လိုအပ်နေဆဲ ဖြစ်တာကို မြန်မာနိုင်ငံအတွင်းက ဒီမိုကရက်တစ် အင်အားစုတွေက ပြသခဲ့ပြီ ဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံ အတွင်းက လုပ်ငန်းအားလုံးကို ရပ်ဆိုင်းပစ်မှာ မဟုတ်ကြောင်း နော်ဝေနိုင်ငံက ပြောပါတယ်။

လုံခြုံရေးကောင်စီမှာ မြန်မာ အာဏာသိမ်းကိစ္စကို ထည့်သွင်းစဉ်းစားရေးအတွက် လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ အနေနဲ့ နော်ဝေနိုင်ငံကြိုးပမ်းခဲ့ကြောင်း၊ဖေဖော်ဝါရီလ ၄ ရက်နေ့က လုံခြုံရေး ကောင်စီရဲ့ ကြေညာချက်က အကောင်းဖက်ကို ဦးတည်တဲ့ လုပ်ရပ် ဖြစ်ပြီး အာဏာသိမ်းရာမှာ တာဝန်ရှိသူတွေကို ရှင်းရှင်းလင်းလင်း ပြောကြားလိုက်တဲ့ သတင်းစကား ဖြစ်ကြောင်း နော်ဝေး နိုင်ငံက ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/norwegian-assistance-to-myanmar-will-freez/5784024.html

စစ်အာဏာသိမ်းမှုကြောင့် မြန်မာကို ဖွံ့ဖြိုးရေးအကူအညီပေးမှုတွေ နော်ဝေးနိုင်ငံ ရပ်ဆိုင်း စစ်အာဏာသိမ်းမှုကြောင့် မြန်မာကို ဖွံ့ဖြိုးရေးအကူအညီပေးမှုတွေ နော်ဝေးနိုင်ငံ ရပ်ဆိုင်း Reviewed by THITHTOOLWIN on 06:38 Rating: 5

No comments:

Powered by Blogger.