ရွှေပြည်သာက ရပ်ကွက်ကင်းစောင့် ပြည်သူတဦး ရဲလက်ချက်နဲ့သေဆုံး

Photo - သေဆုံးသူ ဦးခေါင်းထဲမှ ရရှိတဲ့ကျည်ဆံခွံများ။ (CJ)

 ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် (တ)၁၅ ရပ်ကွက်မှာ ကိုယ်ထူကိုယ်ထလုံခြုံရေး ကင်းစောင့်နေတဲ့ ရပ်ကွက်နေပြည်သူတဦးကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ည ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ရပ်ကွက်ထဲဝင်လာတဲ့ ရဲကားတစီးကနေ အဲ့ဒီကင်းစောင့်နေတဲ့ ပြည်သူရဲ့ ဦးခေါင်းကို သုံးချက်တိတိ သေနတ်နဲ့ ပစ်သွားတာလို့ အခင်းဖြစ်တဲ့နေရာမှာ ရှိနေသူတဦးက RFA ကိုပြောပါတယ်။

အခင်းဖြစ်နေရာမှာရှိနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတဦးက "သေသွားတဲ့သူက ရပ်ကွက်လုံခြုံရေးအတွက် လမ်းကင့်စောင့်နေတာ၊အဲ့ဒီအချိန်မှာ ရဲကားတစီးကဝင်လာတယ်၊ ဝင်လာတဲ့အချိန်မှာ သေသွားတဲ့သူက တားပြီးမေးလိုက်တာ၊ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲပေါ့၊ အဲ့ဒီမှာ မေးတဲ့သူကိုပဲ ရဲက ဆဲဆိုပြီးတော့ သေနတ်နဲ့ သုံးချက်ပစ်သွားတယ်၊ အဲ့ဒီသူက နေရာမှာတင်ပွဲချင်းပြီး သေသွားတယ်။ မျက်နှာက တော်တော်ကြည့်လို့အဆင်မပြေဘူး၊ ဦးခေါင်းပေါက်သွားတယ်၊ ပစ်သွားတဲ့ ရဲကားက လှော်ကားရဲစခန်းဘက်ဝင်သွားတယ်" လို့ RFA ကိုပြောပါတယ်။

လာရောက်ပစ်ခတ်တဲ့ရဲကားပေါ်မှာ သေနတ်တွေနဲ့ချိန်ထားတဲ့ ရဲ ၅ယောက်နဲ့ အရပ်ဝတ်လူ ၂ ယောက်ပါတာကို အခင်းဖြစ်နေရာမှာ ရောက်ရှိနေသူတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

ဒီဖြစ်ရပ်ကို မကျေနပ်တာကြောင့် ရပ်ကွက်နေပြည်သူတွေဟာ ဒီကနေ့ညပိုင်းမှာ ရွှေပြည်သာရဲစခန်းမှာ စုဝေးခဲ့ကြပေမယ့် ညသန်းခေါင်ကျော်ချိန်မှာ လူစုခွဲခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲမှာ ရွှေပြည်သာမြို့နယ်ကနေ ရွေးကောက်ခံခဲ့ရတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုအောင်ဇော်ထွေးက " လူတွေမကျေနပ်လို့ စစချင်းမှာ ရဲစခန်းမှာ ဝိုင်းအုံကြတယ်၊ ဒါပေမဲ့ ရဲစခန်းကို ပြည်သူက ဝင်စီးတယ်ဆိုတာမျိုးဖြစ်လာနိုင်လို့ ကျနော်တို့က နီးစပ်ရာတွေကို အကြောင်းကြားပြီး ပြည်သူတွေကို လူစုခွဲပေးဖို့ အကြောင်းကြားတော့ ပြန်လူစုခွဲသွားကြတာပါ။ ကျနော်တို့လည်း ညဘက်ဆို ခွေးဆွဲသလို လိုက်စွဲနေတာတွေကို ရှောင်နေရတယ်" လို့ RFA ကိုပြောပါတယ်။

ကိုယ်ထူကိုယ်ထလုံခြုံရေး ကင်းစောင့်နေတဲ့ ရပ်ကွက်နေပြည်သူတဦး ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး ရွှေပြည်သာရဲစခန်းကို RFA က ဆက်သွယ်လို့မရသေးပါဘူး။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့တွင်းက ရပ်ကွက်တော်တော်များများမှာ လူစိမ်းတွေဝင်ပြီး ရပ်ကွက်မငြိမ်သက်အောင် လုပ်ဆောင်တာတွေရှိနေတာကြောင့် ရပ်ကွက်နေပြည်သူတွေဟာ ကိုယ့်လမ်းကိုယ်ပိတ်ပြီး ကိုယ်ထူကိုယ်ထ လုံခြုံရေးစောင့်နေကြတာဖြစ်ပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

ရွှေပြည်သာက ရပ်ကွက်ကင်းစောင့် ပြည်သူတဦး ရဲလက်ချက်နဲ့သေဆုံး ရွှေပြည်သာက ရပ်ကွက်ကင်းစောင့် ပြည်သူတဦး ရဲလက်ချက်နဲ့သေဆုံး Reviewed by THITHTOOLWIN on 04:01 Rating: 5

No comments:

Powered by Blogger.