ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီ အလဲအလှယ်လုပ်

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီ အလဲအလှယ်လုပ် ရန်ကုန်မြို့တွင်း ကိုယ်ထူကိုယ်ထ လမ်းလုံခြုံရေးကင်းစောင့်နေသူများ။ Photo: RFA

အစိုးရယန္တရားရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းဖြစ်တဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ဖွဲ့စည်းနေပြီလို့ RFA က စုံစမ်းသိရှိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ညွှန်ကြားစာတချို့ အင်တာနက်အွန်လိုင်းပေါ်မှာ ဒီကနေ့ပေါက်ကြားလာပြီး၊ အဲ့ဒီစာထဲမှာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်တပ်အမာခံတွေ ခန့်အပ်ဖို့နဲ့၊ ဆန့်ကျင်ဘက်လူတွေ တဘက်အဖွဲ့အစည်းကလူတွေ မပါဝင်အောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

ဆန့်ကျင်ဘက်သူတွေ၊ တဘက်အဖွဲ့အစည်းက သူတွေ တာ စစ်အာဏာသိမ်းလုပ်ရပ်ကို မထောက်ခံသူတွေ၊ NLD ပါတီကို ထောက်ခံအားပေးသူတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

၁၉၈၈ လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်အထိ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူတွေက ရွေးချယ်ခွင့်မရှိဘဲ စစ်အစိုးရကသာ စိတ်ကြိုက် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် အရပ်သားတဖြစ်လဲ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ပြဌာန်းပြီး ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်ပွဲတွေ လုပ်ခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တက်လာပြီးချိန်မှာတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကနေ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်ကို ပြောင်းရွေ့ခဲ့ပါတယ်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဟာ အုပ်ချုပ်ရေးမဏ္ဏိုင်မှာ အဓိကကျတာကြောင့် သမ္မတလက်အောက်မှာ ထည့်သွင်းဖွဲ့စည်းပြီး NLD အစိုးရက ပြောင်းလဲဖို့ ကြိုးစားခဲ့တာပါ။

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ အုပ်ချုပ်ရေးယန္တရားကို ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်ဖို့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်တပ် ထောက်ခံသူတွေနဲ့ အစားထိုးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း ဝက်လက်မြို့မှာ စစ်အာဏာရှင်ခန့်အပ်တဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ပါတယ်။ တနိုင်လုံးက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာလည်း အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်းတချို့ ပါဝင်လာကြသလို ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ ထွေ/အုပ်တချို့ကလည်း အလုပ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။

စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ထွေ/အုပ်ဝန်ထမ်းတွေကိုလည်း နိုင်ငံ့ဝန်ထမ်း ဥပဒေချိုးဖောက်မှုနဲ့ အရေးယူတာတွေ ရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/military-replaced-administrator-coup-02212021104455.html

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီ အလဲအလှယ်လုပ်  ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီ အလဲအလှယ်လုပ် Reviewed by THITHTOOLWIN on 01:57 Rating: 5

No comments:

Powered by Blogger.