မန္တလေးမှာ ဆန္ဒပြသူတွေကို ရဲကဖြိုခွင်း၊ ထိခိုက်ဒဏ်ရာရသူတွေရှိ တချို့ အဖမ်းခံထားရ

မန္တလေးမှာ ဆန္ဒပြသူတွေကို ရဲကဖြိုခွင်း၊ ထိခိုက်ဒဏ်ရာရသူတွေရှိ တချို့ အဖမ်းခံထားရ မန္တလေး ရတနာပုံသင်္ဘောကျင်းအနီးမှာ ဆန္ဒပြသူတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ရဲနဲ့ စစ်တပ် အကြမ်းဖက်ဖြိုခွင်းစဉ် / Photo: RFA

မန္တလေးတိုင်း ရတနာပုံသင်္ဘောကျင်းအနီးမှာ ဆန္ဒပြသူတွေဟာ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ပထမတကြိမ် ဖြိုခွင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲပျက်မသွားတဲ့အတွက် နေ့လယ် ၂ နာရီလောက်မှာ ဒုတိယအကြိမ် ရဲတပ်ဖွဲ့ဝင်တွေဘက်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းတာ၊ နံပါတ်တုတ်နဲ့ ရိုက်နှက်တာတွေလုပ်ခဲ့တဲ့အတွက် လူ အနည်းဆုံး ငါးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆန္ဒပြသူတချို့က ပြောပါတယ်။

ဖမ်းဆီးခံထားရသူလည်း သုံးယောက်ထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရေအတွက်အတိအကျ သိနိုင်ဖို့ကို RFA က စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ညနေအထိ ဆန္ဒပြပွဲဟာ လူစုကွဲမသွားဘဲ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေအကြား အခြေအနေတွေတင်းမာနေတာနဲ့ပတ်သက်ပြီး ဆန္ဒပြသူတစ်ဦးက ပြောပြပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက်၊ အမှတ် ၂၄ အခြေခံပညာ မူလတန်းကျောင်းရှေ့မှာ ဖေဖော်ဝါရီ ၂၀ ရက် ဒီကနေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေက ထိုင်သပိတ်လုပ်နေရာမှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ တင်းမာတဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတို့ ညှိနှိုင်းပြီးတဲ့နောက် ထိုင်သပိတ်လုပ်နေတဲ့ လူအုပ်ကြီးက လူစုခွဲပေးလိုက်ပါတယ်။

ရန်ကုန်မြို့မှာတော့ ဒီကနေ့ကျရောက်တဲ့ ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ်နဲ့ တိုင်းရင်းသားလူမျိုး ပေါင်းစုံ ဝတ်စုံတွေနဲ့ အလံတွေကို ဝှေ့ယမ်းပြီး လမ်းပေါ် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ မြေနီကုန်းမြို့နယ်မှာ လည်း ဒီကနေ့ ထူးထူးခြားခြား ဥပဒေနဲ့အညီ လမ်းပေါ်မှာ မူးလဲပြတဲ့ လှုပ်ရှားမှု အပါအဝင် မျက်မမြင် လမ်းကူးတာ၊ ကြက်သွန်ကောက်တာလို လှုပ်ရှားမှုတွေလည်း ဆက်ပြီးလုပ်ခဲ့ကြတာပါ။

ရန်ကုန် ဆူးလေစေတီလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာတော့ ဒီမနက်ပိုင်းမှာ မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်း ပွဲ လုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဦးနှောက်ကို ကျည်ဆံထိမှန်ပြီး မနေ့က သေဆုံးသွားခဲ့တာပါ။

ရန်ကင်းပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း TTC က ကျောင်းသားလေးတွေလည်း ဒီကနေ့ အမေရိကန် သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြကြပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ သူတို့ပညာရေးနိမ့်ကျမှာကို မလိုချင်လို့ ဆန္ဒပြတဲ့အထဲ ပါဝင်လာရတာလို့ ကျောင်းသားတစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာလည်း အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ ဒေသခံတွေနဲ့ ဈေးသူဈေးသား တွေပါဝင်တဲ့ သောင်းနဲ့ချီတဲ့လူတွေ ဆန္ဒပြကြပါတယ်။

မော်လမြိုင်မြို့ပေါ်က အစိုးရလွှတ်တော်ရုံးရှိတဲ့ သိပ္ပံလမ်းကိုတော့ လုံခြုံရေးဝန်ထမ်းတွေက ပိတ်ထားလိုက်ပြီး ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်မတွေ့ဘဲ တစ်ခြားလမ်းတွေဘက်ကိုရှောင်ပြီး လမ်းလျှောက် ဆန္ဒပြကြပါတယ်။

မော်လမြိုင်မြို့ ကမ်းနားလမ်းပေါ်က အခွန်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ် ၁ ရုံးရှေ့မှာ ဆန္ဒပြသူတွေက ထိုင်သပိတ်အနေနဲ့ ဆန္ဒပြနေကြပါတယ်။ စစ်အာဏာရှင်ကျဆုံးရေး၊ အစိုးရဝန်ထမ်းတွေ CDM မှာ ပါဝင်ရေး၊ ဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့အတွက်တောင်းဆိုနေတာလို့ ထိုင်သပိတ်မှာပါဝင်တဲ့ ဆန္ဒပြသူ တစ်ဦးက ပြောပါတယ်။

မကွေးမြို့ပေါ်မှာလည်း ဒီကနေ့ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေဖြစ်တဲ့ အင်ဂျင်နီယာတွေ၊ မြန်မာ့သစ် လုပ်ငန်း၊ ကျန်းမာရေး၊ လျှပ်စစ် စတဲ့ဝန်ထမ်းတွေနဲ့ ဒေသခံတွေ စုစုပေါင်း တစ်သောင်းကျာ် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

မနေ့က ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ မကွေးမြို့ပေါ်က ပြည်တော်သာလမ်း တလျှောက်လုံးကိုတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပိတ်ထားပါတယ်။ အဲဒီလမ်းတလျှောက်လုံးမှာ ပုဂ္ဂလိကဘဏ်တွေ၊ ဌာနဆိုင်ရာရုံးတွေလည်း ရှိတဲ့နေရာဖြစ်ပါတယ်။

မကွေးတက္ကသိုလ်ရှေ့မှာလည်း ဒီနေ့မနက်ပိုင်းက နေပြည်တော်ဆန္ဒပြပွဲမှာ သေနတ်နဲ့အပစ်ခံရလို့ သေဆုံးသွားတဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပပြီး ဆန္ဒပြကြပါတယ်။ မကွေးတိုင်းထဲက မကွေး၊ စေတုတ္တရာ၊ မြိုင်၊ စလင်းနဲ့ ကံမ စတဲ့မြို့တွေမှာလည်း ဒေသခံပြည်သူတွေ သောင်းနဲ့ချီပြီး ဆန္ဒပြကြပါတယ်။

ကယားပြည်နယ် ဖရူဆိုးမြို့မှာဆိုရင် ကယားပြည်နယ်လုံးကျွတ်ဆန္ဒပြပွဲအနေနဲ့ ကျေးရွာတွေက ဒေသခံတွေကပါ မြို့ပေါ်တက်လာပြီး အင်အား ၃ သောင်းကျော်လောက် ဆန္ဒပြကြပါတယ်။

အစိုးရဌာနဆိုင်ရာတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ မြေစာရင်းဦးစီးဌာန စတဲ့ဝန်ထမ်းတွေလည်း ဒေသခံတွေနဲ့ ပူးပေါင်းပါဝင်ဆန္ဒပြကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီ အစိုးရကတော့ ဆန္ဒပြသူတွေကို တစ်ချို့မြို့နယ်တွေမှာ ဖြိုခွင်းတာတွေ၊ ရိုက်နှက်ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။ ညဖက်တွေမှာလည်း ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကို အကြောင်းပြုပြီး ဖမ်းဆီးတာတွေလည်း လုပ်နေပါတယ်။

အခုလိုနှိမ်နင်းတာတွေရှိနေပေမယ့်လည်း စစ်အာဏာရှင်စနစ်ကိုမလိုလားတဲ့ ပြည်သူတွေကတော့ နေ့စဉ် လမ်းပေါ်ထွက်ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mdy-protest-riot-02202021043016.html

မန္တလေးမှာ ဆန္ဒပြသူတွေကို ရဲကဖြိုခွင်း၊ ထိခိုက်ဒဏ်ရာရသူတွေရှိ တချို့ အဖမ်းခံထားရ  မန္တလေးမှာ ဆန္ဒပြသူတွေကို ရဲကဖြိုခွင်း၊ ထိခိုက်ဒဏ်ရာရသူတွေရှိ တချို့ အဖမ်းခံထားရ Reviewed by THITHTOOLWIN on 18:26 Rating: 5

No comments:

Powered by Blogger.