မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲ ရန်ကုန်မှာ ဒီမနက်ပြုလုပ်



ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်မှာ စစ်အာဏာရှင်စနစ်ကို ဆန္ဒပြနေရာကနေ ရဲတပ်ဖွဲ့က ပစ်လိုက်တဲ့ သေနတ်ကျည်ဆံကြောင့် သေဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ရန်ကုန် ဆူးလေစေတီလမ်းနဲ့ ဗိုလ်ချုပ်လမ်း ထောင့်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ဆုတောင်းပွဲလုပ်ခဲ့ကြပါတယ်။

မမြသွဲ့သွဲ့ခိုင်ကို အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ပြုသဝဏ်လွှာဖတ်ကြားခဲ့ပြီး ဒီမိုကရေစီအရေး လှုပ်ရှားခဲ့ရင်း ကျဆုံးခဲ့သူတွေအတွက်ကိုပါ ဝမ်းနည်းကြောင်း ဆုတောင်းခဲ့ကြတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက် မနေ့က ၁၁ နာရီ ၁၅ မိနစ်မှာ နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံမှာ မမြသွဲ့သွဲ့ခိုင် သေဆုံးသွားပြီဖြစ်ကြောင်း ဆေးရုံက တရားဝင်အတည်ပြုလိုက်တာဖြစ်ပြီး သူ့ရဲ့ ဈာပနကို မနက်ဖြန်နေပြည်တော်မှာ ကျင်းပမှာလည်းဖြစ်ပါတယ်။

အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကတော့ မမြသွဲ့သွဲ့ခိုင်ကို အာဇာနည်တစ်ဦးအဖြစ် သတ်မှတ်ဂုဏ်ပြုကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ကျည်ဆန်ဟာ မမြသွဲ့သွဲ့ခိုင်ရဲ့  ဦးနှောက်ထဲမှာရှိနေပြီး ခွဲထုတ်ဖို့ ခက်ခဲခဲ့ပါတယ်။ သေနတ်မှန်ပြီး လေးရက်မြောက်နေ့မှာ သူ့ရဲ့ ဦးနှောက်သေဆုံးသွားပြီလို့ ဆရာဝန်တွေက မိသားစုကို အသိပေးခဲ့ပါတယ်။

ဒါကြောင့် အောက်စီဂျင်ပေးထားတဲ့ အသက်ရှူပိုက်ဖြုတ်ဖို့ မိသားစုကို တရားဝင် အသိပေးပေမယ့် မိသားစုက ချက်ချင်းလက်မခံခဲ့ပါဘူး။

နောက် နှစ်ရက်အကြာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာတော့ အသက်ရှူပိုက်ကိုဖြုတ်ပြီး ရုပ်အလောင်းကို သယ်ယူဖို့ မိသားစုက သဘောတူလက်ခံခဲ့ပေမယ့်လည်း အာဏာပိုင်တွေဘက်က ရသလောက်အချိန်ဆွဲထားဖို့ နှုတ်နဲ့ ဖိအားပေးလာတဲ့အတွက် ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ အချိန်ဆွဲလာခဲ့တာဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ မမြသွဲ့သွဲ့ခိုင်ဟာ အသက်၂၀ ပဲရှိပါသေးတယ်။ မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေအတွင်း ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ပထမဆုံးသေဆုံးခဲ့ရတဲ့ ဆန္ဒပြသူဖြစ်ပါတယ်။

RFA Burmese



မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲ ရန်ကုန်မှာ ဒီမနက်ပြုလုပ် မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲ ရန်ကုန်မှာ ဒီမနက်ပြုလုပ် Reviewed by THITHTOOLWIN on 18:24 Rating: 5

No comments:

Powered by Blogger.