ရွေးကောက်ပွဲကော်မရှင်သစ်က နိုင်ငံရေးပါတီတွေကို ဖိတ်ကြား


အသစ်ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်က သူတို့နဲ့တွေ့ဆုံဆွေးနွေးဖို့ နိုင်ငံရေးပါတီတွေကို ဖိတ်ကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်သောကြာနေ့မှာ တွေ့ဆုံဖို့ ဖိတ်ကြားလိုက်တာပါ။

နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြားထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဖိတ်ကြားစာထဲမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီး နောက်တနေ့မှာပဲ ရွေးကောက်ပွဲကော်မရှင်ကို အသစ်ဖွဲ့စည်းလိုက်ပါတယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥက္ကဋ္ဌက ဦးသိန်းစိုးဖြစ်ပါတယ်။

ဦးသိန်းစိုးဦးဆောင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့ ပထမဆုံးအကြိမ်ဖိတ်ကြားလိုက်တာလည်းဖြစ်ပါတယ်။

ဦးသိန်းစိုးကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့ ပထမဆုံးဖိတ်ကြားလိုက်တာဖြစ်

ဦးလှသိန်းဦးဆောင်တဲ့ အရင်ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ်နိုဝင်ဘာလဆန်းမှာ ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်တွေကို ကော်မရှင်က ကြေညာရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။

အဲဒီမဲရလဒ်တွေမှာ မသမာမှုတွေရှိတယ်လို့ စွပ်စွဲပြီးနောက် အခုလို စစ်တပ်က အာဏာသိမ်းမှု ဖြစ်လာတာပါ။

အာဏာသိမ်းစစ်ကော်မရှင်က အာဏာသိမ်းပြီးနောက်တစ်နေ့မှာပဲ ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကော်မရှင်အသစ်ရဲ့ တရားဝင်မှုအပေါ် သံသယဝင်သူတွေ ရှိကြပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌဦးအောင်မိုးဇော်က “ကနေ့အာဏာသိမ်းမှုကို ကျွန်တော်တို့ လက်မခံပါဘူး။ အာဏာသိမ်းအဖွဲ့ကခန့်အပ်လိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်မှုကိုလည်း ကျွန်တော်တို့ လက်ခံဖို့ တော်တော်ခက်ပါလိမ့်မယ်။” လို့ဆိုပါတယ်။

၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲအနိုင်ရတယ်လို့ ကြေညာထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်အများအပြားဟာ အဖမ်းဆီးခံထားရပါတယ်။ ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဥက္ကဋ္ဌတွေလည်း အဖမ်းဆီးခံထားရပါတယ်။

ဒီလိုအချိန်မှာ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ဘာ့ကြောင့်ဖိတ်ကြားတာဖြစ်နိုင်ပါသလဲ။

ကိုဗစ်ကူးစက်ရောဂါကာကွယ်ရေးဝတ်စုံတွေဝင်ဆင်ထားတဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ

“လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း သတင်းစာရှင်းလင်းပွဲမှာ မဲကိစ္စတွေပြောတာရှိတယ်။ ဒါကိုအကြောင်းပြုပြီး အာဏာသိမ်းတယ်လို့အကြောင်းပြတာလေ။ ဒါတွေနဲ့ ပတ်သက်ပြီးပြောမယ်ထင်တယ်။ ဒါပေမဲ့သေသေချာချာ မသိပါဘူး။” လို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌဦးအောင်မိုးဇော်ကဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ဖိတ်ကြားချက်ကို လက်ခံတက်ရောက်မဲ့ပါတီတွေ ရှိသလို တက်ရောက်ဖို့မသေချာသေးတဲ့ပါတီတွေလည်း ရှိနေပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ ဒီနေ့အနေအထားမှာတွေ့လိုဆွေးနွေးလိုတဲ့ ဆန္ဒမရှိပါဘူး။ ကျွန်တော့်ရဲဘော်တွေ ကျွန်တော့်တို့ပါတီ အီးစီတွေလည်း တွေ့ချင်တဲ့ဆန္ဒရှိမယ်မထင်ပါဘူး။ ဒါပေမဲ့ကျွန်တော့်တို့ပါတီ အစည်းအဝေးမလုပ်ရသေးဘူး။ အစည်းအဝေးခေါ်ထားဆဲပဲရှိပါသေးတယ်။ အဲဒီမှာ ဆွေးနွေးဆုံးဖြတ်ပြီးမှ တရားဝင်အကြောင်းကြားမှာပါ။ လို့ ဦးအောင်မိုးဇော်ကဆိုပါတယ်။

အစည်းအဝေးကို လာမဲ့သောကြာနေ့ နေပြည်တော်မှာ တက်ရောက်ဖို့ ဖိတ်ကြားထားတာဖြစ်ပြီး အစည်းအဝေးတက်မတက်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့နောက်ဆုံးထား အကြောင်းပြန်ဖို့လည်း ဖိတ်စာထဲမှာ ဖော်ပြထားပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56162492

ရွေးကောက်ပွဲကော်မရှင်သစ်က နိုင်ငံရေးပါတီတွေကို ဖိတ်ကြား ရွေးကောက်ပွဲကော်မရှင်သစ်က နိုင်ငံရေးပါတီတွေကို ဖိတ်ကြား Reviewed by THITHTOOLWIN on 21:34 Rating: 5

No comments:

Powered by Blogger.