မြန်မာ COVID-19 ကာကွယ်ဆေးထိုးနှံရေး စာရင်းကောက်ခံပြုစု

အိန္ဒိယနိုင်ငံက ပေးပို့လိုက်တဲ့ ကိုဗစ်ကာကွယ်ဆေး Covidshield ကို ရန်ကုန်လေဆိပ်မှာ သယ်ယူနေတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၂၂၊ ၂၀၂၁)

COVID-19 ကာကွယ်ဆေး ဦးစားပေးထိုးနှံခွင့်ရမယ့် ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းစာရင်းတွေနဲ့ ပြည်သူလူထုကြား ကာကွယ်ဆေးထိုးနှံလိုသူတွေရဲ့ စာရင်းတွေ လိုက်လံကောက်ခံနေပြီ ဖြစ်ပါတယ်။ ရပ်ကွက်၊ မြို့နယ်နဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာပါ COVID-19 ကာကွယ်ဆေးထိုးနှံရေး ပြင်ဆင် စာရင်းပြုစုနေကြတဲ့ နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံတဝန်း လူပေါင်း ၁၃၀,၀၀၀ ကျော် COVID-19 ကူးစက်နေတဲ့အထဲ ပိုးတွေ့လူနာ အများဆုံးဖြစ်တဲ့ တိုင်းတတိုင်းထဲ ပါဝင်တဲ့ ရန်ကုန်တိုင်းထဲမှာ COVID-19 ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး ရှေ့တန်းကနေ ဆေးကုသ စောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဦးစားပေး ကာကွယ်ဆေးထိုးဖို့ စာရင်းတွေ ပြုစုနေကြပြီ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကာလ လူထုကြား ဆေးကုသပေးနေတဲ့ အခမဲ့ဖျားနာကုဆေးခန်း အားလုံးမှာ ဆေးကုပေးနေတဲ့ ဆေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း ၁,၀၀၀ ကျော်အတွက် စာရင်းပေးသွင်းထားပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ ပြင်ဆင်နေကြတယ်လို့ ရန်ကုန်တိုင်း Community Fever Clinic ရန်ကုန်ကွန်ရက်တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောပြပါတယ်။

"မြို့နယ်ကျန်းမာရေးမှူးကနေတဆင့် ကျနော်တို့ စာရင်းတွေပေးရပါတယ်။ အဲဒီထဲမှာ ဆရာဝန်ပါတယ်၊ သူနာပြုပါတယ်၊ Volunteer ပါတယ်၊ ပရဟိတ ပါတယ်ပေါ့နော်။ Fever Clinic မြို့နယ်တမြို့နယ်ချင်းရဲ့ အချက်အလက်တွေကို မြို့နယ်ကျန်းမာရေးမှူး အစီအစဉ်နဲ့ သွားရပါမယ် ကာကွယ်ဆေးထိုးဖို့။ ကျနော်တို့တွေကတော့ ပထမဆုံးအုပ်စုအနေနဲ့ ထိုးရမယ်။ အခုက လူ ၇ သိန်းခွဲစာ လက်ရှိရောက်ပြီပေါ့နော်။ Fever Clinic က အခု ရန်ကုန်တိုင်းမှာ ၂၉ ခုဖွင့်ထားတယ်။ ၁,၃၀၀ ဝန်းကျင်လောက်ရှိပါမယ် အကြမ်းဖျင်းလေ။ ကျနော်တို့ Volunteer အင်အား၊ သူနာပြုအင်အား၊ ဆရာဝန်အင်အားပေါ့နော်။ နောက် ပရဟိတအဖွဲ့တွေလည်း ရှိတယ်။ ကျနော်တို့နဲ့အတူတူ Ambulance Service တွေလည်း ရှိတယ်။ အကုန်လုံးထည့်တယ်၊ သူတို့လည်း တကယ့်ကို အရေးပါတဲ့ကဏ္ဍမှာ ပါတယ်။”

အခုဆိုရင် COVID-19 ကာကွယ်ဆေး ထိုးနှံနိုင်ရေး ပြည်သူလူထုကြားမှာလည်း စာရင်းလိုက်လံ ကောက်ခံနေတယ်လို့ လူထုအခြေပြုဆေးခန်း ဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပြပါတယ်။

"ရပ်ကွက်တွေထဲမှာဆိုလည်း ဒီနေ့ဆိုရင် အိမ်တိုင်ရာရောက် ဖောင်တွေ လာပေးနေတာ တွေ့တယ်။ အခုကောက်နေတဲ့ အုပ်စုကတော့ ဒုတိယအုပ်စုမှာဖြစ်မယ်။ ရပ်ကွက်တွေထဲမှာ ပြည်သူတွေကို ထိုးဖို့ကလေ။ အခု ရပ်ကွက်ထဲမှာ စပီကာတွေနဲ့ လိုက်အော်နေကြတာ အခုကြားနေရတဲ့အသံလေ။ ရပ်ကွက်တွေထဲ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ဖောင်တွေဖြည့်ဖို့။ ရပ်ကွက်တွေထဲမှာတော့ အသက်က ၁၈ ကနေ ၆၄ နှစ်ကြား။ ကိုယ်ဝန်ဆောင်မရဘူး၊ ဆေးမတည့်ရင်လည်း မှတ်ချက်အနေနဲ့ ပြောဖို့ပေါ့။ ကျန်တာကတော့ သန်းခေါင်စာရင်းဝင်တဲ့ မိသားစုဝင်တွေအကုန်လုံး ဖြည့်ပေါ့နော်။ ဖောင်တွေဖြည့်ပြီး ရပ်ကွက်ရုံးကနေတဆင့် တိုင်းကျန်းကို သွားမယ်ထင်တယ်။"

နောက်ထပ်လည်း ပုဂ္ဂလိကဆေးရုံတွေမှာပါ ကိုဗစ်ကာကွယ်ဆေး ထိုးမယ့်စာရင်း လိုက်လံကောက်ခံနေတဲ့ အခြေအနေနဲ့ COVID-19 ကာကွယ်ဆေး ထိုးနှံနိုင်ရေး ပြင်ဆင်နေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ ပုဂ္ဂလိကဆေးရုံမှာ ဆေးကုသပေးနေတဲ့ လူထုကို ကျန်းမာရေး ပညာပေးနေသူလည်းဖြစ်တဲ့ ဒေါက်တာမိုးအောင်ကျော်နိုင်က အခုလို အကြံပြုပါတယ်။

"ကိုဗစ်ကို ကုသပေးနေတဲ့ ဆေးရုံတွေက ကျန်းမာရေးဝန်ထမ်းတွေ၊ နောက် ကွာရမ်တင်းစင်တာမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ Volunteer တွေက အဓိကအုပ်စုထဲ ပါမယ်။ နောက်တခုက ပုဂ္ဂလိကဆေးရုံတွေမှာလည်း စာရင်းတွေကောက်ပြီး ပေးပို့ထားတယ်လို့ သိရတယ်။ ဒါကြောင့် အခုအချိန်မှာ စပြီးတော့ ဦးစားပေးအဆင့်နဲ့ အသက်အရွယ်အလိုက်တွေပါ စာရင်းဇယား ကောက်နေတာတွေကို ဆရာတို့ ကြိုဆိုတယ်။ အဲဒီမှာမှ ထိုးနှံချင်တဲ့သူက များတယ်ဆိုရင် သူ့ဦးစားပေး အစီအစဉ်အတိုင်း ထိုးသွားရုံပဲ ပြဿနာသိပ်မရှိဘူး။ ထိုးနှံချင်တဲ့သူ နည်းတယ်ဆိုရင်တော့ ဆရာတို့ ပညာပေးအစီအစဉ်တွေ သက်ဆိုင်ရာမြို့နယ်တွေအလိုက် ဆောင်ရွက်သင့်တယ်လို့ ထင်တယ်။ ဆရာတို့ကတော့ များများထိုးစေချင်တယ်။ များများထိုးစေချင်တာကတော့ မိမိကိုယ်ထဲကို COVID-19 ပိုး မဝင်ရောက်နိုင်ဘူး။ နောက် ကိုယ့်ပတ်ဝန်းကျင်မှာ COVID-19 ပိုး ပျံ့နှံ့မှုမရှိအောင် ကာကွယ်ဖို့ကလည်း ပိုအရေးကြီးတယ်။ ကိုယ့်ကိုယ်တိုင် အသက်အန္တရာယ် မရှိဖို့ထက် စာရင်ကို Public Health အနေနဲ့ ထိုးနှံသင့်တယ်လို့ ဆရာအနေနဲ့ မြင်တယ်။"

Together Thanlyin အဖွဲ့ တည်ထောင်သူ ကိုမင်းသွေးသစ်ကလည်း စေတနာ့ဝန်ထမ်းတွေကိုပါ ကာကွယ်ဆေး ဦးစားပေးအဆင့်ထဲ ထည့်ထားမယ်လို့ ယူဆတဲ့အကြောင်း ပြောပါတယ်။

"ပထမဦးစားပေးထဲမှာ ပါတယ်လို့တော့ ပြောတယ်။ မနက်ဖြန် အစည်းအဝေးကျမှ အတိအကျ သိရပါမယ်။ ကျနော်တို့က အခုလက်ရှိမှာတော့ Contact Person တွေရယ်၊ Positive လူနာတွေရယ်ကို အိမ်တွေကနေပြီးတော့ စင်တာတွေကို ပို့ပေးနေတာတွေ ရှိပါတယ်။ နောက် ဆေးရုံတွေကနေ Positive ဆုံးသွားတဲ့ Dead Body တွေကို ကျနော်တို့ ပို့ပေးနေကြတာတွေ ရှိတယ်။ နောက် ပိုးသတ်ဆေးဖျန်းတာပေါ့၊ ပိုးတွေ့လူနာတွေရဲ့ အိမ်တွေကို လိုက်ဖျန်းပေးတာတွေ လုပ်နေကြပါတယ်။ Risk ကတော့ ကျနော်တို့ ရောဂါပိုးကူးစက်နိုင်ခြေတော့ အများဆုံးရှိတာပေါ့။ PPE တွေနဲ့တော့ သွားကြပါတယ်။ တခါတလေတော့လည်း ရန်ပုံငွေအခက်အခဲရယ် PPE ဝတ်စုံ မလုံလောက်မှုကြောင့်တွေရယ်ကြောင့် PPE မဝတ်ဘဲ သွားကြရတာတွေလည်း ရှိတယ်။"

အခုလက်ရှိမှာတော့ မြန်မာနိုင်ငံကို အိန္ဒိယက ပေးလှူလိုက်တဲ့ COVID-19 ကာကွယ်ဆေး ၁.၅ သန်း ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီဆေးကို ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး ထိုးနှံမှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်အနှံ့ ပို့ဆောင်ထားပြီ ဖြစ်ပါတယ်။ နောက်ထပ် လူ ၁၅ သန်းစာအတွက် ကာကွယ်ဆေး သန်း ၃၀ အိန္ဒိယကနေ ဝယ်ယူထားပြီး အဲဒီ ဝယ်ယူထားတဲ့ ဒီဆေးတွေကတော့ ဖေဖော်ဝါရီလကုန်ထဲ ရောက်မယ်လို့ မျှော်လင့်ထားပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/myanmar-covid-vaccination-list-collect/5749700.html

မြန်မာ COVID-19 ကာကွယ်ဆေးထိုးနှံရေး စာရင်းကောက်ခံပြုစု မြန်မာ COVID-19 ကာကွယ်ဆေးထိုးနှံရေး စာရင်းကောက်ခံပြုစု Reviewed by THITHTOOLWIN on 21:39 Rating: 5

No comments:

Powered by Blogger.