တပ်မတော်ထောက်ခံပွဲတွေ ရန်ကုန်မှာ ဆက်တိုက်လုပ်လာ၊

ဇန်နဝါရီလ ၃၀ ရက်နေ့ တပ်မတော်ထောက်ခံပွဲ

ရန်ကုန်မြို့ရွေတိဂုံဘုရားအရှေ့ဘက်မုခ်က ကြေးသွန်းဘုရားရှေ့မှာ တပ်မတော်ထောက်ခံပွဲ ရွေးကောက်ပွဲကော်မရှင် UEC နဲ့ ပြည်ပဝင်ရောက်စွက်ဖက်မှု ကန့်ကွက်ပွဲတွေကို သုံးရက်မြောက်နေ့ အဖြစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ဆက်ပြီး ပြုလုပ်ခဲ့ကြပါတယ်။

ဒီပွဲကို လာရောက်သတင်းယူမယ့် သတင်းထောက်အချို့ကို ခြိမ်းခြောက်ပြောဆိုမှုတွေရှိခဲ့ပေမယ့် ဒီနေ့မှာ သတင်းထောက်တွေ တိုက်ခိုက်ခံရတာ မရှိဘူးလို့ ရန်ကုန်အခြေစိုက် 7 day news သတင်းစာက အယ်ဒီတာတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေပိုင်းက ကြွေးကြော်သံတွေနဲ့ ကြေးသွန်းဘုရားဘက်ကို ချီတက်လာတဲ့လူအုပ်ထဲက လူအချို့ဟာ ရွှေဂုံတိုင် လမ်းဆုံအနီးက အိမ်ရှေ့မှာချိတ်ထားတဲ့ NLD ပါတီအလံလို့ ယူဆရတဲ့ အလံတစ်ခုကို လုယူသွားပြီး မီးရှို့ကာထွက်ပြေးသွားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ကိုယ်တွေ့ကြုံတဲ့ သတင်းထောက်တွေက လည်းဘီဘီစီကို ဒီလိုဖြစ်ခဲ့တာ မှန်ကန်ကြောင်း အတည်ပြုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ဗဟန်းမြို့နယ် ကြေးသွန်းဘုရားအနီးမှာ တပ်မတော်ထောက်ခံပွဲနဲ့ UEC နဲ့ ပြည်ပစွက်ဖက်မှုတွေကို ကန့်ကွက်ပွဲမှာ ဆန္ဒပြသူတွေနဲ့ လမ်းသွားလမ်းလာအချို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး လမ်းသွားလမ်းလာ အချို့ ရိုက်နှက်ခံရလို့ ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါ့အပြင် သတင်းရယူနေတဲ့ သတင်းထောက်အချို့လည်း ရန်ပြုခံရတာတွေ ရှိခဲ့ပါတယ်။

ဇန်နဝါရီ ၃၀ ရက်နေ့ဆန္ဒပြသူတွေနဲ့ လမ်းသွားလမ်းလာအချို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လမ်းသွားလမ်းလာ အချို့ရိုက်နှက်ခံရလို့ ဒဏ်ရာရသွားခဲ့

တပ်မတော်ထောက်ခံပွဲတွေ အခုလို ဆက်တိုက်လုပ်နေသလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲရလဒ်၈၀ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဖွဲ့စည်းမယ့် အစိုးရအဖွဲ့ကို ထောက်ခံကြောင်း ဗီနိုင်း ပိုစတာတွေကို ရန်ကုန်မြို့က နေအိမ်အချို့နဲ လမ်းအချို့မှာ ထောက်ခံသူတွေက ချိတ်ဆွဲတာတွေကိုလည်း တွေ့လာရပါတယ်။

မြန်မာ့တပ်မတော်ကို ထောက်ခံကြောင်းကို လူအုပ်စုများနဲ့ ရန်ကုန်မြို့မှာ ခပ်စိပ်စိပ် ဆန္ဒပြကြသလို ဇန်နဝါရီလ ၃၁ ရက်နေ့မှာလည်း အစိုးရအသစ်ကို ထောက်ခံကြောင်း ပိုစတာတွေသာမက နေအိမ်များပါ NLD ပါတီအလံတွေ ချိတ်ဆွဲလာကြတာကို တွေ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၂၀ ရွေးကောက်ပွဲမှာ မသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းစုစုပေါင်း ၁၀ သန်းကျော် ရှိနိုင်တယ်ဆိုပြီး တပ်မတော်ရဲ့ ထုတ်ပြန်ချက်အပေါ်အခြေပြုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည် ဖြေရှင်းပေးဖို့ တပ်ဘက်က တောင်းဆိုနေသလို အမျိုးသားရေးလှုပ်ရှားသူတွေကလည်း တပ်ထောက်ခံပွဲတွေလုပ်ပြီး တောင်းဆိုနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၆ ရက် နေ့က အမျိုးသားကဇာတ်ရုံအနီးမှာ ပြုလုပ်တဲ့ တပ်ထောက်ခံပွဲ ဆန္ဒထုတ်ဖော်ပွဲမှာ ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆန္ဒထုတ်ဖော်သူတွေဘက်က တိုက်ခိုက်တာတွေ၊ ခဲနဲ့ပေါက်တာတွေကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရခဲ့ပါတယ်။

အစိုးရအသစ်ကိုထောက်ခံကြောင်း ပိုစတာချိတ်ဆွဲသူတစ်ဦး

ဇန်နဝါရီ ၃၀ ရက်နေ့က သတင်းထောက်တွေနဲ့ ရပ်ကွက်နေပြည်သူတွေ တိုက်ခိုက်ခံရတာနဲ့ ကိုဗစ်ကာလ လူစုလူဝေးနဲ့ ဆန္ဒပြတာတွေကို ရဲတပ်ဖွဲ့ဘက်ကတာဆီးပေးတာ အရေးယူတာမျိုးတွေ မတွေ့ရကြောင်းနဲ့ ဆန္ဒပြပွဲ အပြီမှာ ရဲကားတွေရောက်လာတာ တွေ့ရကြောင်း ရန်ကုန်အခြေစိုက် သတင်းထောက်တွေကတစ်ဆင့် သိရပါတယ်။

ရန်ကုန်မှာ ဇန်နဝါရီ ၃၀ ရက်နေ့က အမျိုးသားရေးလှုပ်ရှားသူတွေဦးဆောင်တဲ့ ဆန္ဒပြပွဲမှာတော့ ဆန္ဒပြသူအချို့ရဲ့ ရိုက်နှက်မှုကြောင့် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဆေးကုသမှုခံခဲ့ရသလို သတင်း ရယူနေတဲ့သတင်းသမားအချို့လည်း ရန်ပြု ပြောဆိုတိုက်ခိုက်ခံရတ‌တွေရှိခဲ့တယ်လို့ ကာယကံရှင်အချို့က ဘီဘီစီ ကိုပြောပါတယ်။

ဇန်နဝါရီ ၃၀ ရက်နေ့က ဆန္ဒပြပွဲမှာ သတင်းယူရာက ရန်ပြုခံခဲ့ရတဲ့ ဧရာဝတီသတင်းဌာနက အမျိုးသမီး သတင်းထောက်တစ်ဦးဖြစ်တဲ့ မဝေနှင်းထွဋ်က သူ့ကိုရန်ပြုတိုက်ခိုက်သူဟာ ဆန္ဒပြလူအုပ်ထဲက ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီလိုရန်ပြုခံရတာတွေအပြင် အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကနေ မီဒီယာအချို့ကို နာမည်တပ်ပြီး ရိုက်ပွဲကျင်းပမယ်လို့ ရေးသား လှုံ့ဆော်တာတွေလည်း ရှိနေပါတယ်။

အခုလို ဆန္ဒပြသူတွေအနေနဲ့ လမ်းသွားလမ်းလာတွေနဲ့ မီဒီယာတွေကို ရန်ပြုတဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၃၀ ရက်နေ့က ဆန္ဒထုတ်ဖော်ပွဲမှာ ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးတေဇဝန္တကတော့ သတင်းမီဒီယာတွေဘက်က ဆန္ဒပြသူတွေကို လူဆိုးလူမိုက် ဆိုပြီး ဖော်ပြတာတွေရှိပြီး အောက်ခြေက ပါဝင်သူအချို့က ဒါကိုမကျေနပ်လို့ ပြန်လည် တိုက်ခိုက်တယ်လို့ ယူဆရကြောင်း ဦးဆောင်သူတွေဘက်က အခုလို တိုက်ခိုက်ဖို့ မူဝါဒ ချထားတာ မရှိဘူးလို့လည်း ဘီဘီစီကို ပြောပါတယ်။

ဆန္ဒထုတ်ဖော်ပွဲတွေကို သတင်းရယူရေးသားရာက ရေးသားဖော်ပြချက်တွေအပေါ် သဘော မကျတာကြောင့် သတင်းသမားတွေအနေနဲ့ အန္တရာယ်ပြုခံရတာ၊ခြိမ်းခြောက်ခံရတာတွေ ရှိလာတဲ့အပေါ် သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေကို တိုင်ကြားသွားမှာဖြစ်သလို သတင်းသမားတွေအနေနဲ့လည်း သတင်းမီဒီယာ ကျင့်ဝတ်တွေကို လိုက်နာရေးသားကြဖို့ကိုလည်း မြန်မာသတင်းမီဒီယာကောင်စီက ဇန်နဝါရီ ၃၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က လက်ရှိအခြေအနေ အရ မည်သို့သော စိန်ခေါ်မှုများရှိစေ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စတင်ကျင်းပမယ့် တတိယအကြိမ် ပြည်သူ့လွှတ်တော်ကို တက်ရောက်ဖို့ရှိနေပြီး မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့ မိမိတို့နေအိမ်တွင်း နေထိုင်ပြီး မေတ္တာပို့သ ထောက်ခံအားပေးကြဖို့ လမ်းပေါ်ထွက်ပြီး မည်သည့် ထောက်ခံအားပေးတဲ့ကိစ္စရပ်မျိုးကိုမှ မပြုလုပ်ကြဖို့ လူမှုကွန်ရက် စာမျက်နှာက တစ်ဆင့် ဇန်နဝါရီ ၂၉ရက်က မေတ္တာ ရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ရက်က တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဏာမသိမ်းဟု မှတ်ယူ၍မရကြောင်း တပ်မတော်ဘက်က ပြောဆိုခဲ့ပြီးနောက်ပိုင်း တပ်မတော်ထောက်ခံတဲ့ ဆန္ဒထုတ်ဖော်မှုတွေ ပိုစိပ်လာပြီး ဇန်နဝါရီ ၂၇ရက်ကနေ ၃၀ရက်နေ့အထိ အဓိကမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့ နေပြည်တော်တို့မှာ ဆက်တိုက် တွေ့လာရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နေပြည်တော်မှာ ရာနဲ့ချီတဲ့ တပ်မတော်ထောက်ခံသူတွေက စုဝေးပြီး အင်အားပြမှုပြုလုပ်ခဲ့ပါသေးတယ်။

တပ်မတော်က သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ထောက်ခံပွဲတွေနဲ့ ပတ်သက်ပြီး စပွန်ဆာ ပေးတာမရှိဘူးလို့ ပြန်လည်ပြောဆိုခဲ့ပြီး အဖွဲ့အစည်းတိုင်းမှာတော့ ဝန်းရံသူတွေ ရှိနိုင်တယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

အခုလိုတပ်ထောက်ခံပွဲ လှုပ်ရှားမှုတွေမှာ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မိုက်ကယ်ကျော်မြင့် နဲ့ပတ်သက်လို့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ထိန်းသိမ်းထားပေးတယ်၊ကာကွယ်ထားပေးတယ်ဆိုတာလည်း လုံးဝမဟုတ်ကြောင်းနဲ့ ပါတီက ဥပဒေနဲ့အညီ သွားနေတာကို ဥပဒေနဲ့မညီတဲ့ စွပ်စွဲပြောဆိုနေတာတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်ကပြောဆိုခဲ့ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ တတိယအကြိမ်ပြည်သူလွှတ်တော် အစည်းအဝေးတွေ ကျင်းပဖို့ရှိပြီး ပြည်သူလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ တို့ကို ရွေးဖို့လည်းရှိနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55879417

တပ်မတော်ထောက်ခံပွဲတွေ ရန်ကုန်မှာ ဆက်တိုက်လုပ်လာ၊  တပ်မတော်ထောက်ခံပွဲတွေ ရန်ကုန်မှာ ဆက်တိုက်လုပ်လာ၊ Reviewed by THITHTOOLWIN on 22:26 Rating: 5

No comments:

Powered by Blogger.